ဆောင်းပါး

နေရပ်ပြန်မလား မလေးရှားရောက် ချင်းဒုက္ခသည်များ

မလေးရှားရောက် ချင်းဒုက္ခသည်များသည် တတိယနိုင်ငံသို့ သွားရောက်ခိုလှုံခွင့်ရရေးမျှော်လင့်ချက် မှေးမှိန်လာသဖြင့် နေရပ်ရင်းပြန်လည်အခြေချခြင်း၊ ရောက်နေသည့်နေရာတွင် စားဝတ်နေရေးအတွက် ဆက်လက်ရုန်းကန်ခြင်း စသည့် နည်းလမ်းနှစ်ခုအနက် တစ်ခုကို ရွေးချယ်ရတော့မည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

မည်သည့်နည်းလမ်းကိုရွေးသည်ဖြစ်စေ အခက်အခဲများစွာ ရှိနေသည်ဟု ယခင်လက မြန်မာနိုင်ငံသို့ ပြန်လာသည့် ချင်းတိုင်းရင်းသား ကိုမှုန်ပီးက ပြောသည်။

မလေးရှားတွင် အလုပ်အကိုင်မရွေးသူများအတွက် အလုပ်မရှားသော်လည်း မြန်မာနိုင်ငံရှိ မိဘများကို ထောက်ပံ့ရေးမှာ ဂရုတစိုက်စုဆောင်းနိုင်မှဖြစ်မည်၊ လမ်းမှား မရောက်စေရန်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေရသည်ဟု ပြည်ပတွင် ၉ နှစ်ကြာ နေထိုင်ခဲ့သည့် ကိုမှုန်ပီးက ဆိုသည်။

“တစ်ကိုယ်တည်းသမားတွေက တကယ်စုနိုင်ရင် တကယ်ပို့နိုင်မယ်၊ ဒါပေမဲ့ ချင်းတိုင်းရင်းသား လူငယ်တွေက မူးယစ်ဆေးတွေ ချလာကြတယ်၊ အလုပ်လုပ်ဖို့ ပျင်းလာကြတယ်” ဟု ကိုမှုန်ပီးက ရန်ကုန်ရှိ ချင်းရိုးရာစားသောက်ဆိုင်တစ်ခုတွင် ပြောပြသည်။

ချင်းတောင်သို့ ပြန်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်သူများ ရှိကြောင်း၊ ၎င်း၏ ဇနီးသည်လည်း မလေးရှားတွင် အလုပ်လုပ်ကိုင်နေရာမှ မကြာခင် ပြန်လာမည် ဖြစ်ကြောင်း သူက ရှင်းပြသည်။

ကိုမှုန်ပီးသည် မြန်မာနိုင်ငံတွင် နေထိုင်စဉ် ပေါ်တာ ခေါ် ရှေ့တန်းစစ်မြေပြင် အထမ်းသမားအဖြစ် ခိုင်းစေခံရမည်ကို စိုးရိမ်သဖြင့် မလေးရှားအထိ တိမ်းရှောင်သွားသူ ဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့က သြဂုတ်လကုန်အထိ ပြုစုထားသော စာရင်းအရ မလေးရှားတွင် မြန်မာပြည်မှလာသော ဒုက္ခသည် အရေအတွက်မှာ ၁၃၅,၄ဝဝ ခန့် ရှိနေသည်။ ၎င်းတို့အနက် ၄၂,၇၁ဝ မှာ ချင်းတိုင်းရင်းသားများဖြစ်သည်ဟု ဆိုသည်။ ထိုအရေအတွက်မှာ ကုလသမဂ္ဂအဖွဲ့က ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားသူများဖြစ်သည်။

အသိအမှတ်ပြုခြင်းမခံရသူများလည်း အများအပြား ရှိရာ ထိုအထဲတွင် မလေးရှားတွင် ၄ နှစ်ကြာ နေထိုင်လျက်ရှိသော ဆလိုင်းကီးလောလည်း ပါဝင်သည်။ ၎င်းသည် အလုပ်အကိုင်အခွင့်အရေးအတွက် ဝင်ငွေပိုကောင်းသည့်မလေးရှားသို့ သွားရောက်လုပ်ကိုင်စဉ် ခိုလှုံခွင့်လျှောက်ထားရာ ငြင်းပယ်ခံရသူဖြစ်သည်။ ကုလသမဂ္ဂ၏ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုကြောင်း သက်သေခံ အထောက်အထားလက်မှတ် မရှိဘဲ တရားမဝင် နေထိုင်ခြင်း ဖြစ်သောကြောင့် မလေးရှားအာဏာပိုင်တို့ ဖမ်းဆီးထိန်းသိမ်းမည်ကို စိုးရိမ်နေရသည်ဟု သူက ဆိုသည်။ မြန်မာနိုင်ငံသို့ ပြန်လာရန် ဆုံးဖြတ်ထားသော်လည်း နေရပ်ရင်းတွင် စားဝတ်နေရေးအတွက် မည်သည့် အသက်မွေးဝမ်းကျောင်း အလုပ်ကို လုပ်ကိုင်ရမှန်း မသိသေးဟု ဆိုသည်။ မလေးရှားတွင် အလုပ် လုပ်ကိုင်နေသော်လည်း ငွေကြေးစုမိဆောင်းမိခြင်း မရှိသေးဟု သူက ဆက်ပြောသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ချင်းတိုင်းရင်းသားတို့ မလေးရှားနိုင်ငံသို့ မိသားစုအလိုက်သော်လည်းကောင်း၊ တစ်ဦးချင်းဖြင့်သော်လည်းကောင်း သွားရောက်ခဲ့ကြသည်။

ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူတို့အနက် အများအပြားသည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အစီအစဉ်ဖြင့် တတိယနိုင်ငံသို့ရောက်ရှိသွားကြသည်။

ကိုယ့်အားကိုယ်ကိုး စာသင်ကျောင်းတစ်ခုတွင် တွေ့ရသော ချင်းတိုင်းရင်းသား ကလေးများ (ဓာတ်ပုံ – UNHCR/M Liboiron)

တတိယနိုင်ငံသို့ ကူးရန် မလေးရှားတွင် စောင့်ဆိုင်းနေသည်မှာ ၃ နှစ်ရှိပြီဖြစ်သော အိမ်ထောင်ရှင် ချင်းအမျိုးသမီးတစ်ဦးက မိမိ၏နိုင်ငံကို မြတ်နိုးသော်လည်း သားသမီးပညာရေး၊ ဘဝ တိုးတက်ရေးတို့အတွက် နေရပ်စွန့်ခွာခဲ့ရသည်ဟု ဆိုသည်။

အမျိုးသားများမှာ ဆောက်လုပ်ရေးနှင့် ဆက်စပ်လုပ်ငန်းတို့တွင် လုပ်ကိုင်ကြပြီး အမျိုးသမီးများမှာ စားသောက်ဆိုင်ဝန်ထမ်း၊ သန့်ရှင်းရေးဝန်ထမ်းများအဖြစ် လုပ်ကိုင်ကြသည်ဟု အမည်မဖော်လိုသူ အဆိုပါ အမျိုးသမီးက ပြောသည်။

မြန်မာနိုင်ငံတွင် အရပ်သား အုပ်ချုပ်ရေးစနစ်ကို စတင်ဖော်ဆောင်သည့် ၂ဝ၁၁ နောက်ပိုင်းတွင် မြန်မာပြည်မှ ထွက်ခွာလာသည့် တိုင်းရင်းသားပေါင်းစုံသော ဒုက္ခသည်များသည် ထိုင်း၊ မလေးရှား၊ အိန္ဒိယ စသည့် ဒုတိယနိုင်ငံများတွင် သောင်တင်နေကြပြီး တတိယနိုင်ငံတစ်ခုခုသို့ ကူးပြောင်း ခိုလှုံရေးလမ်းစ မှေးမှိန်လာခဲ့သည်။

မလေးရှားရောက် ချင်းဒုက္ခသည်အများစုသည် ဘဝလုံခြုံရေးအတွက် တတိယနိုင်ငံများသို့ သွားရောက်လိုကြသည်ကို တွေ့ရကြောင်း မြန်မာ-အမေရိကန်အသင်း (Burmese American Community Institute – BACI) အမှုဆောင်ညွှန်ကြားရေးမှူး ဆလိုင်းအီလိုင်ဇာက မကြာသေးမီက VOA မြန်မာဌာနသို့ ပြောသည်။

“သူတို့ ပြန်သွားရင် ဘယ်မှာ သွားနေရမလဲ။ သူတို့ အိမ်နယ်မြေ ဘာမှ မရှိတော့ဘူး။ ထွက်သွားတာလည်း သူတို့ကြာပြီ။ တချို့တွေက ဆယ်နှစ်၊ အနှစ်ဆယ်လောက်ရှိပြီ။ သူတို့ မိသားစု၊ သားသမီး အသိုင်းအဝိုင်းလည်း မရှိတော့ဘူး။ အစကနေ ပြန်စရမယ်” ဟု ဆလိုင်းအီလိုင်ဇာက ပြောသည်။

နေရပ်ရင်းပြန်သူများအတွက် နေရာပြန်လည်ချထားပေးရေးကို အစိုးရ သို့မဟုတ် ကုလသမဂ္ဂက တာဝန်ယူရမည်ဟု မကြာသေးမီက ဗဟိုအစိုးရ၊ ချင်းပြည်နယ်အစိုးရ ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် ဆွေးနွေးပြောဆိုခဲ့သည်ဟု သူက ဆိုသည်။

ဒုက္ခသည်မိသားစု အများအပြားတွင် ကလေးငယ်များ ရှိနေသော်လည်း ၎င်းတို့သည် အစိုးရစာသင်ကျောင်းများတွင် တက်ရောက်နိုင်သည့် အခွင့်အရေး မရှိပေ။

မလေးရှားနိုင်ငံမြို့ကြီးများတွင် ချင်းလူမျိုးအသိုင်းအဝိုင်းက အလှူငွေရှာဖွေပြီး ဖွင့်ထားသော စာသင်ခန်း၊ စာသင်ကျောင်းငယ်တချို့ ရှိနေသည်။ ရန်ပုံငွေအကန့်အသတ်ရှိသော ထိုကျောင်းများတွင် အခြေခံပညာ သင်ကြားပေးနေကြောင်း သိရသည်။

မြန်မာပြည်သား ဒုက္ခသည်၊ အလုပ်သမား အများအပြား၏ ကွမ်းသွေးထွေးခြင်း၊ အမှိုက်ပစ်ခြင်းကဲ့သို့သော စည်းကမ်းမဲ့အပြုအမူများကြောင့် ဒေသခံတို့၏ အထင်သေးခြင်းနှင့် ရင်ဆိုင်နေရသည်။ ဒေသတချို့တွင် မြန်မာပြည်သားတို့က အမှိုက်ကောက်လုပ်အားပေးခြင်းဖြင့် ဒေသခံ မလေးလူမျိုးတို့နှင့် လိုက်လျောညီထွေ နေလိုကြောင်း ပြသခဲ့ကြသည်။

ရပ်ကွက်အတွင်း အမှိုက်ကောက်၊ သန့်ရှင်းရေးလုပ်အားပေးခြင်းအလုပ်တို့ကို အစပြုလုပ်ကိုင်သူတို့မှာ ကွာလာလမ်ပူမြို့တော်ရှိ ချင်းတိုင်းရင်းသား ဒုက္ခသည်များဖြစ်သည်ဟု ၂၀၁၃ ခုနှစ်ထုတ် ကုလသမဂ္ဂ သတင်းတစ်ပုဒ်တွင် တွေ့ရသည်။

နေရပ်စွန့်ခွာနေထိုင်သော ချင်းတိုင်းရင်းသားတို့သည် အိမ်နီးချင်းနိုင်ငံတချို့တွင်လည်း ရောက်ရှိနေကြပြီး အများအပြားသည် ခိုလှုံခွင့်လျှောက်ထားကာ ဒုက္ခသည်အဖြစ် ခံယူထားကြသည်။ ထိုင်းနိုင်ငံရှိ မြန်မာပြည်သား ဒုက္ခသည် နှစ်သိန်းဝန်းကျင်တွင် ချင်းတိုင်းရင်းသားတချို့လည်း ပါဝင်သည်။ အိန္ဒိယတွင်လည်း ကုလသမဂ္ဂ အသိအမှတ်ပြု ချင်းဒုက္ခသည်အရေအတွက် ၇,ဝဝဝ ခန့် ရှိသည်ဟု လွန်ခဲ့သော ၃ နှစ်က ထုတ်ပြန်သည့် ကုလသမဂ္ဂသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။ ။

—————
(မိုင်လိန်းဟုန်းလိုင်းသည် Chin World မီဒီယာမှဖြစ်ပြီး ရန်ကုန်မြို့Myanmar Now သတင်းအေဂျင်စီရုံးတွင် အလုပ်သင် သတင်းထောက်အဖြစ် တစ်လကြာ လုပ်ကိုင်စဉ် အထက်ပါသတင်းကို ရေးသားခဲ့ခြင်းဖြစ်သည်။)

Show More

Related Articles

Back to top button