သတင်း

တပ်နှင့် ရက္ခိုင့်တပ် ပလက်ဝ၌တိုက်ပွဲဖြစ်၊ စစ်ရှောင် ၂၅၀၀ ခန့် အရေးပေါ်အကူအညီလို

တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲများကြောင့် ချင်းပြည်နယ် ဆမီးမြို့သို့ ထွက်ပြေးလာသည့် ပလက်ဝမြို့နယ်မှ စစ်ဘေးရှောင် ၂၅၀၀ ခန့်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု ချင်းလွှတ်တော်အမတ်နှင့် ကူညီပေးနေသူများက ပြောသည်။

ချင်းပြည်နယ်အစိုးရက မတ် ၁၅ တွင် စစ်ရှောင်များကူညီပေးရေး အစည်းအဝေးပြုလုပ်ခဲ့ပြီး ရက်ပိုင်းအတွင်း အကူအညီများ ပေးအပ်မည်ဟုပြောကြောင်း၊ သို့သော် ယနေ့အထိ အကူအညီများ ရောက်လာခြင်း မရှိသေးကြောင်း ချင်းပြည်နယ်၊ အမျိုးသားလွှတ်တော်အမတ် ဦးမျိုးထိုက်က Myanmar Now ကိုပြောသည်။

မတ် ၅ မှစ၍ ပလက်ဝမြို့နယ်အတွင်းရှိ မီးချောင်းနှင့် ကုလားတန်မြစ်တို့ဆုံရာ ကျေးရွာများအနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မတ် ၁၄ တွင် တပ်မတော်က ရဟတ်ယာဉ်များသုံးစွဲကာ တိုက်ခိုက်ခဲ့ကြောင်း ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (CNLD)နှင့် ဒေသခံများကပြောသည်။

ယင်းတိုက်ပွဲကြောင့် မတ် ၁၄ နှင့် ၁၅ တွင်ဝက်မ၊ ပြိုင်တိန်၊ မိတ်စာဝ ၁၊ မိတ်စာဝ ၂ နှင့် မိတ်စာဝ ၃ ရွာများမှ ဒေသခံ ၂၁ ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရခဲ့သည်ဟု ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဆိုသည်။

ယင်းတိုက်ပွဲနှင့် ပတ်သက်၍ မတ် ၁၇ တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ရာ၌ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာ(ရှေ့)ကျေးရွာနှင့် မိတ်စာ(နောက်)ကျေးရွာအနီးရှိ တပ်မတော်စခန်းတစ်ခုအား AA က အင်အားသုံး ဝိုင်းပတ် ပိတ်ဆို့၍ ပစ်ခတ်တိုက်ခိုက်နေသည့်အတွက် မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ခဲ့ရသည်ဟု ဖော်ပြထားသည်။

တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုအပြီးတွင် မိတ်စာဝ၊ ဝက်မ၊ စာဘူးတောင်၊ ပြိုင်တိန်၊ ငမြင်းတောင်၊ ကိုးဝ၊ ဆားဝ၊ ကိုင်းတောင် အစရှိသည့် ရွာ ၁၀ ရွာခန့်မှ ဒေသခံများမှာ ရွာစောင့်အနည်းငယ်သာ ထားရှိပြီး ဆမီးမြို့သို့ ရွာလုံးကျွတ်ထွက်ပြေးကြကြောင်း ဦးမျိုးထိုက်ကဆိုသည်။

အဆိုပါအခြေအနေနှင့် ပတ်သက်၍ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ စည်ပင်ဝန်ကြီး ဦးစိုးထက်ကို Myanmar Now က ဖုန်းဖြင့်ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍မရပေ။

ဆမီးမြို့မှာ တိုက်ပွဲဖြစ်ပွားရာကျေးရွာများ၏ အရှေ့မြောက်ဘက် ၂၂ မိုင်ခန့်အကွာတွင်ရှိပြီး စက်လှေကိုသာ အားပြုသွားရသည်ဟု ပလက်ဝမြို့နယ်အသင်း၏ ဘဏ္ဍာရေးမှူး ကိုပီတာလွယ်လူးက ပြောသည်။

“ကျန်တဲ့သူတွေကိုလည်း ဆက်ခေါ်နေတုန်းပဲ၊ ဆမီးမြို့ပေါ်က စက်လှေရှိတဲ့သူတွေကို အကူအညီ တောင်းထားရတယ်” ဟု ကိုပီတာလွယ်လူးက ဆိုသည်။

၁၅ ရက် ညနေပိုင်းမှ စတင်ထွက်ခွာလာကြသည့် ရွာသားများကို စက်လှေအသေးစား အစီး ၂၀ ခန့်နှင့် သွားရောက်ခေါ်ယူနေပြီး စက်လှေမလုံလောက်မှုကြောင့် အချို့စစ်ရှောင်များမှာ ဆမီးမြို့သို့သွားရာ မီးချောင်းတစ်လျှောက်ရှိ ကျေးရွာများတွင် ညအိပ်ကြရသည်ဟု ၎င်းက ပြောသည်။

ဆမီးမြို့ပေါ်သို့ရောက်ရှိလာသည့် စစ်ရှောင်များကို အလယ်တန်းကျောင်း၊ ဘုရားကျောင်းများနှင့် လူမနေသည့် နေအိမ်တချို့တွင် နေရာချထားပေးထားပြီး ဆေးဝါးနှင့် အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်နေသည်ဟု ကိုပီတာလွယ်လူးက ဆိုသည်။

ဝက်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမောင်သာစံကတော့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဝက်မ၊ ပြိုင်တိန်နှင့် မိတ်စာဝ ရွာများသို့ အဓိကထိခိုက်သွားပြီး ကျန်သည့်ရွာများမှာလည်း ဆက်လက်မနေထိုင်ရဲသည့်အတွက် ဆမီးမြို့သို့ ထွက်ပြေးလာခြင်းဖြစ်သည်ဟု ပြောသည်။

“တစ်ခါမှ ဒီလောက်အထိ မဖြစ်ဖူးဘူး။ ကျွန်တော်တို့လည်း နေရမှာကြောက်လာတယ်။ ဘယ်အချိန်သေမလဲပဲ စိုးရိမ်နေရလို့ ပြေးလိုက်ကြတာ” ဟု ဦးမောင်သာစံက ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများအား အရေးယူပေးရန်၊ သေဆုံး၊ ဒဏ်ရာရ၊ ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးပေးရန်နှင့် ထိခိုက်နစ်နာသူမိသားစုဝင်များအား တရားဝင်တောင်းပန်ရန် ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(CNLD) က မတ် ၁၇ ရက်စွဲဖြင့် ထုတ်ပြန်ချက်ထုတ်ကာ တိုက်တွန်းထားသည်။

စစ်တွေအခြေစိုက် စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသည့် ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး(REC) ၏ ဖေဖော်ဝါရီ ၂၉ ရက် အချက်အလက်များအရ ရခိုင်စစ်ရှောင်စုစုပေါင်း ၁၂,၈၀၀ ခန့်ရှိနေပြီး အဆိုပါအရေအတွက်တွင် ချင်းပြည်နယ်မှ စစ်ရှောင်များ မပါဝင်သေးပေ။

Show More

Related Articles

Back to top button