
တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ် အမ်းမြို့နယ်မှ ထွက်ပြေးတိမ်းရှောင်လာပြီး ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်တွင် ရောက်ရှိနေကြသည့် ချင်းတိုင်းရင်းသားစစ်ဘေးရှောင်များအတွက် အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကူညီဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းထံမှ သိရသည်။
အင်းတကော်ရောက် စစ်ဘေးရှောင် ချင်းတိုင်းရင်းသားများကို အရေးပေါ်ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RRCCI) က ယာယီတဲများဆောက်လုပ်ရန် ငွေကြေးစိုက်ထုတ်ကူညီပေးနေသော်လည်း စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ကျောင်းသား ၂၀ ခန့်အတွက် ပညာသင်ကြားရန် အခက်အခဲရှိနေသည်။
“ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေပေါ့နော်။ အကူအညီတွေကတော့ အများကြီးလိုတယ်။ ပြောရမယ်ဆိုရင် သူတို့မှာ အိုးခွက်ပန်းကန်တွေကအစ ဘာမှပါမလာကြဘူး” ဟု ချင်းလူသားချင်းစာနာထောက်ထားကူညီပေးရေးအဖွဲ့ အတွင်းရေးမှူး ဆလိုင်းဝင်းမောင်က ပြောသည်။
အဆိုပါ ချင်းတိုင်းရင်းသား စစ်ဘေးရှောင်များမှာ အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာအုပ်စု မင်္ဂလာဒုံရွာ၊ ရွာဟောင်းရွာနှင့် ညောင်ချောင်းရွာတို့မှဖြစ်ပြီး ပြီးခဲ့သည့်ဇူလိုင်လတွင် လှည်းကူးမြို့နယ်ရှိ ယာယီစစ်ရှောင်စခန်းတွင် ကနဦးခိုလှုံခဲ့ကြခြင်းဖြစ်သည်။
လှည်းကူးမြို့နယ် ဝက်အင်းပေါက်ကျေးရွာအနီးရှိ ယာယီစစ်ရှောင်စခန်းတွင် မြေနေရာအခက်အခဲရှိသဖြင့် အင်းတကော်မြို့နယ် ပဲခူး-တိုက်ကြီးကားလမ်းဘေးရှိ ထီးနန်းကုက္ကားရွာသို့ ဩဂုတ် ၂၉ ရက်တွင် အိမ်ထောင်စု ၁၃ စု လူဦးရေ ၄၅ ဦး ပြောင်းရွှေ့ခဲ့သည်ဟု ဆလိုင်းဝင်းမောင်က ပြောသည်။
ရခိုင်ပြည်နယ် အမ်းမြို့နယ် မင်္ဂလာဒုံရွာမှ ထွက်ပြေးတိမ်းရှောင်လာသူ အသက် ၂၁ နှစ်အရွယ် မယဉ်လှက ကိုယ်ဝန်သုံးလရှိပြီဖြစ်ရာ ကလေးမွေးဖွားချိန်တွင် ကိုယ့်နေရပ်တွင်သာ မွေးဖွားလိုသည်ဟု ဆိုသည်။
“ဟိုမှာအေးချမ်းသွားရင်တော့ ကိုယ့်ရွာကိုပဲပြန်မှာပါ။ ဒီမှာက လုပ်ဖို့က အလုပ်မရှိ။ ကျွန်မတို့ရွာမှာဆိုရင် လုပ်ကိုင်ဖို့အလုပ်လည်းရှိပါတယ်” ဟု မယဉ်လှက ပြောသည်။
တောင်ယာလုပ်ငန်းခွင်တွင် တပ်မတော်က ပိတ်ဆို့ထားသည့်အပြင် ရွာအနီးလက်နက်ကြီးများ ကျရောက်ပေါက်ကွဲသည့်အတွက် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
အမ်းမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သောကြောင့် ၎င်းတို့နေထိုင်ရာ မင်္ဂလာဒုံရွာကိုစွန့်ခွာလာသူ ကိုကျော်ကျော်ရွှေကလည်း အင်းတကော်မြို့နယ် စစ်ရှောင်နေစဉ်အတွင်း စားသောက်ရေးအတွက် ဝင်ငွေရသည့်အလုပ်အကိုင်တစ်ခု လိုချင်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် ရခိုင်ပြည်နယ်တွင် နေထိုင်သည့် မြိုတိုင်းရင်းသား စစ်ရှောင် ၅၀၀ ကျော်သည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာတွင် လှည်းကူးမြို့နယ် ဝက်အင်းပေါက်ကျေးရွာသို့ စစ်ရှောင်ခဲ့ကြသည့်နည်းတူ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှ ခူမီးချင်းတိုင်းရင်းသား စစ်ရှောင် ၁၅၀ ခန့်သည်လည်း မှော်ဘီမြို့နယ်အတွင်းသို့ ပြီးခဲ့သည့် ဧပြီလတွင် စစ်ရှောင်ခဲ့ကြသည်။
ရန်ကုန်အခြေစိုက် ချင်းလူသားချင်းစာနာထောက်ထားကူညီပေးရေးအဖွဲ့၏ နောက်ဆုံးရအချက်အလက်များအရ အမ်းမြို့နယ် ဒါးလက်ချောင်းကျေးရွာအုပ်စုမှ ထွက်ပြေးတိမ်းရှောင်လာသည့် ချင်းတိုင်းရင်းသား စစ်ရှောင်အရေအတွက်မှာ ၄၅၀၀ ခန့်ရှိပြီး ရခိုင်ပြည်နယ် အမ်းမြို့နယ်အပြင် မကွေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ စစ်ဘေးရှောင်များအဖြစ် ယာယီခိုလှုံလျက်ရှိသည်။