သတင်း

ကလေးမြို့နယ်တွင် ဒေသခံများ ခိုလှုံနေရာသို့ လက်နက်ကြီးကျ၊ ၁၀ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် ယမန်နေ့ (မတ် ၈) မွန်းလွဲပိုင်းက ဒေသခံများ ပုန်းခိုနေရာသို့ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ်များအပါအဝင် အရပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိသည်ဟု သိရသည်။

ဒေသခံ ၁၅၀၀ ခန့် ခိုလှုံနေသည့် ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က လက်နက်ကြီးကျည်လေးလုံး ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဒေသခံနှစ်ဦးက ဆိုသည်။​

အမျိုးသမီးတစ်ဦးမှာ ဦးခေါင်းထိမှန်၍ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး အခြားအမျိုးသမီးသုံးဦးနှင့် ကလေး ၆ ဦးမှာ မစိုးရိမ်ရသည့် ဒဏ်ရာများဖြစ်ကြောင်း မျက်မြင်ကြုံတွေ့သူ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။​

“အမျိုးသမီးတစ်ဦးကတော့ ခေါင်းကို ထိသွားတဲ့အတွက် ဒဏ်ရာကို အင်္ကျီချွတ်ပြီး အုပ်ပေးနေတဲ့အချိန်မှာတောင်မှ တော်တော်စိုးရိမ်ရတဲ့ အခြေအနေမျိုးဖြစ်နေတယ်။ ဦးနှောက်တောင် မြင်နေရတဲ့ အခြေအနေမျိုး” ဟု ၎င်းက ပြောသည်။​

“နို့စို့ကလေးအရွယ်တစ်ယောက်က မျက်ခွံကို ရှပ်ထိသွားတာ မျက်ခွံရောင်နေတယ်။ မိန်းမကြီးတစ်ယောက်က တင်ပါးကို ရှပ်မှန်တယ်။ ၈ နှစ်၊ ၉ နှစ်အရွယ် ကလေးတစ်ယောက်က လက်ရယ်၊ ရင်ဘတ်ရယ်၊ ပေါင်ရယ် မှန်တယ်။ ကျန်တဲ့သူတွေက လက်မောင်းတွေမှန်တယ်” 

စစ်ကောင်စီတပ် ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များမှ ကျောင်းဝင်းအတွင်း သုံးလုံးကျကာ ဒေသခံများခိုလှုံနေသည့် အဆောက်အအုံပေါ်သို့ တစ်လုံး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများကို ကလေးမြို့ဆေးရုံသို့ တင်ပို့ထားကြောင်း အထက်ပါလူက ထပ်ပြောသည်။ 

ကလေးမြို့တောင်ပိုင်းတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက စစ်တပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များ တိုက်ပွဲအပြင်းအထန်ဖြစ်နေသည်။ ထိုတိုက်ပွဲကြောင့် ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာဟု ယူဆရသော နေရာများတွင် အလျဉ်းသင့်သလို ထွက်ပြေးတိမ်းရှောင်နေရသည်။ 

နတ်မြောင်းရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားပြီးနောက် ပြန်ဆုတ်သွားချိန်တွင် စစ်တပ်က လယ်ယာလုပ်ငန်းခွင်မှ အရပ်သားတစ်ဦးကို ပစ်ခတ်ခဲ့သည်ဟု သိရသည်။​

စစ်တပ်က ပစ်သတ်ခဲ့သူမှာ အသက် ၄၀ အရွယ် ကိုဇော်မင်းနိုင်ဖြစ်ပြီး ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ကျည်ထိမှန်ဒဏ်ရာဖြင့် ၎င်း၏ ရုပ်အလောင်းကို ယမန်နေ့ညနေက သင်္ဂြိုဟ်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

နတ်မြောင်းရွာဘုန်းကြီးကျောင်းဝင်းအတွင်း စစ်ရှောင်များခိုလှုံနေသည်ကို ဖေဖော်ဝါရီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ဒေသခံများမှာ စားဝတ်နေရေးအခက်အခဲများကြောင့် တိုက်ပွဲနှင့် ဝေးရာ နေရာများသို့ ထပ်ရွှေ့ပြောင်းရန် မလွယ်ကူကြောင်း၊​ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် စစ်တပ်၏လုပ်ရပ်မှာ စစ်ကောင်စီ၏ ပုံရိပ်ကိုသာ ကျဆင်းစေကြောင်းလည်း Myanmar Now က ဆက်သွယ်မေးမြန်းသည့် ဒေသခံများက ဆိုသည်။ 

“လက်လုပ်လက်စားတွေ ပါတယ်။ တစ်ရက်လုပ်မှ တစ်ရက်စားရတဲ့သူတွေလည်း ပါတယ်။ ဒီလူတွေအတွက် အဝေးကြီးရှောင်ပုန်းဖို့ရာ ငွေကြေးမရှိဘူး။ အဲဒီတော့ ဒီနေရာတွေကို တိုက်ခိုက်ပြီဆိုမှတော့ ကိုယ့်ကိုယ်ကိုယ် သရဏဂုံတင်ရုံပဲ ရှိတာပေါ့” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ဘုန်းကြီးကျောင်းဝင်းအတွင်း ပလတ်စတစ်ဖြင့် မြေစိုက်တဲများ ဆောက်လုပ်ခိုလှုံနေရကြောင်း၊ ရာသီဥတုပြင်းထန်သောကြောင့် သက်ကြီးရွယ်အိုများအတွက် ဓာတ်ဆားအပါအဝင် ဆေးဝါးများ လိုအပ်နေကြောင်း၊ လေးလနီးပါးကြာ ခိုလှုံနေရသူများနှင့် ပတ်သက်၍လည်း ၎င်းက ပြောသည်။​

ကလေးမြို့တောင်ပိုင်း ကျေးရွာများအပါအဝင် စစ်ကိုင်းတိုင်းတစ်ခုလုံးနီးပါးကို မတ်လ ၃ ညပိုင်းမှစ၍ အင်တာနက်ဖြတ်တောက်ပြီးနောက် စစ်ကောင်စီက ထိုဒေသတစ်ခုလုံးကို အင်အားသုံး ထိုးစစ်ဆင်နေသည်။​

စစ်ကိုင်းတိုင်းအလယ်ပိုင်း တန့်ဆည်မြို့နယ် မြောက်အင်းရွာတွင်လည်း ယခုလ ၅ ရက်က ဒေသခံများခိုလှုံနေသော နေရာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ပြီး လူလေးဦးကို ဖမ်းဆီးသွားသည်။

ယင်းမာပင်မြို့နယ် လက်ပံတောရွာတွင်လည်း ယခုလ ၈ ရက်၌ ဒေသခံများခိုလှုံနေသည့် ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် ကလေးငယ်နှစ်ဦးအပါအဝင် အရပ်သား ၆ ဦး သေဆုံးသည်။ 

ထိုသို့ အရပ်သားများ တိုက်ခိုက်ခံရခြင်းအပေါ် စစ်ကောင်စီက ဝန်ခံလေ့မရှိဘဲ မြို့ရွာများတွင် ဖြစ်ပွားနေသော တိုက်ပွဲများ၊ စစ်တပ်၏ စီးနင်းတိုက်ခိုက်ခြင်းများအတွင်း ထိခိုက်ပျက်စီးမှုများနှင့် ပတ်သက်၍ ဒေသခံ PDF များ၏ လုပ်ရပ်ဟု စွပ်စွဲပြောဆိုလေ့ရှိသည်။​ 

နိုင်ငံအနှံ့တွင် လက်နက်ကိုင်ခုခံတော်လှန်မှုများ လပေါင်းများစွာ ကြာလာပြီးနောက် စစ်ကောင်စီက ဒေသခံ PDF များကို လိုက်လံတိုက်ခိုက်ရာတွင် အရပ်သားများကိုပါမချန် လက်နက်ကြီးပစ်ခတ်ခြင်း၊ ဗုံးကြဲတိုက်ခိုက်ခြင်းများ ပြုလုပ်လာသည်။

ကယားပြည်နယ်တွင်လည်း ယမန်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ကျေးရွာတစ်ခုကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ကလေးငယ်သုံးဦး သေဆုံးခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button