
ရန်ကုန် – ပြည်နယ်နှင့်တိုင်းဒေသကြီး ဝန်ကြီးချုပ်များကို သမ္မတကတိုက်ရိုက်ခန့်အပ်သည့် စနစ်အစား သက်ဆိုင်ရာ လွှတ်တော်က ရွေးကောက်တင်မြှောက်ရန်အတွက် လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ကိုပြင်ဆင်လိုပါက ယင်းဥပဒေအခန်း (၁) မှစ၍ ပြင်ဆင်ရလိမ့်မည်ဟု ဥပဒေမူကြမ်း လေ့လာစိစစ်ရေးပူးပေါင်းကော်မတီက ယနေ့တွင် သဘောထားမှတ်ချက်ပြုခဲ့သည်။
အဆိုပါ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ယနေ့ ပြည်ထောင်စုလွှတ်တော်သို့တင်သွင်းရာတွင် ကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
“၂၁ ရာစုပင်လုံညီလာခံကနေပြီးတော့ အတည်ပြုပြီးဖြစ်တဲ့ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်းတစ်မှာ အရေးအကြီးဆုံးဖြစ်တဲ့ နိုင်ငံတော်ကို ဒီမိုကရေစီနဲ့ဖက်ဒရယ် စနစ်ကို အခြေခံသော ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရမယ်ဆိုတဲ့ အချက်နဲ့ ကိုက်ညီမှုရှိစေဖို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ အခန်း(၁)မှာ ပါဝင်တဲ့ နိုင်ငံတော် အခြေခံမူများမှ စပြီးတော့ ပြင်ဆင်မှသာလျှင် ယခုပြင်ဆင်ရန် တင်သွင်းလာတဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ချက်နဲ့ ရှေ့နောက် ညီညွတ်မှုရှိမှာ ဖြစ်ကြောင်းကိုလည်း လေ့လာတွေ့ရှိရပါတယ်” ဟု NLD အမတ်ဖြစ်သူ ၎င်းက ပြည်ထောင်စုလွှတ်တော်ကို ပြောသည်။
တိုင်းဒေသကြီး၊ ပြည်နယ် ဝန်ကြီးချုပ်များကို လက်ရှိတွင် နိုင်ငံတော်သမ္မတကသာ တိုက်ရိုက်ခန့်အပ်သည့်စနစ်အစား သက်ဆိုင်ရာ လွှတ်တော်များက ရွေးချယ်တင်မြှောက်နိုင်ရေးအတွက် အခြေခံဥပဒေ ပုဒ်မ ၂၆၁ ၏ ပုဒ်မခွဲ ခ၊ ဂ၊ ဃ နှင့် င တို့ကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီ၏ ကျောင်းကုန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၁၄၃ ဦးက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်သည်။
ယင်းပြင်ဆင်ရန်အဆိုပြုချက်ကို တပ်မတော်သားအမတ်များနှင့် ရခိုင်အမျိုးသားပါတီအမတ်များကလည်း သဘောတူကြောင်း လက်မှတ်ရေးထိုးထားကြသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ၁၅ ဦး၊ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းထားသည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီက အခြေခံဥပဒေ ပုဒ်မ(၁)မှ ပုဒ်မ(၄၅၇)ထိ၊ဇယား(၁)မှ (၅)ထိ ပြင်ဆင်သွားရန် ရှိနေသည့်အတွက် ပြည်ခိုင်ဖြိုးပါတီက တင်သွင်းထားသည့် ပုဒ်မ(၂၆၁)ကိုလည်း ထိုအချိန်တွင် ထည့်သွင်းဆွေးနွေးသွားရန် ဒေါက်တာမြတ်ဉာဏစိုးက မှတ်ချက်ပြုခဲ့သည်။
လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအပေါ် တပ်မတော်သား ကိုယ်စားလှယ်အစုအဖွဲ့က မကျေလည်ဘဲ မတ်တတ်ထရပ်ကာ ထပ်မံဆွေးနွေးရန် ကြိုးစားသော်လည်း ပြည်ထောင်စုလွှတ်တော်နာယကက ခွင့်မပြုခဲ့ပေ။ ထို အစီရင်ခံစာနှင့်ပတ်သက်ပြီး ဆွေးနွေးလိုပါက မတ်လ ၇ ရက်နေ့ ညနေတွင် နောက်ဆုံးထား အမည်စာရင်တင်သွင်းပြီး ဆွေးနွေးရန် ပြောသည်။
ပါတီကြီးနှစ်ခုအားပြိုင်
ရက်ပိုင်းအတွင်း ပေါ်ပေါက်လာမည့် ယင်းဆွေးနွေးမှုသည် အစိုးရ အုပ်ချုပ်ရေး ယန္တရားတွင် အရေးကြီးသည့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များ ခန့်ထားနိုင်ရေး အာဏာရပါတီနှင့် အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီတို့ လွှတ်တော်တွင်း အားပြိုင်မှုများ အနက်မှ တစ်ခုလည်းဖြစ်လာမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုးတင်သွင်းသည့် ဥပဒေမူကြမ်းကို အဖွဲ့ဝင် ၃၀ ပါ လေ့လာစိစစ်ရေးကော်မတီက နေပြည်တော်တွင် မနေ့က ဆွေးနွေးခဲ့ကြသော်လည်း ကော်မတီဝင်များအကြား သဘောထားကွဲလွဲခဲ့ကြသည်။ ပြည်ခိုင်ဖြိုး၊ တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့နှင့် ရခိုင်အမျိုးသားပါတီတို့က ယင်းပုဒ်မ ပြင်ဆင်ရေးကို သီးခြား ဆွေးနွေးလိုကြသည်။
သို့သော် NLD နှင့် အခြားတိုင်းရင်းသားပါတီအမတ်များက ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ၏ တင်သွင်းမည့် အစီရင်ခံစာတွင်လည်း ယင်းပုဒ်မ ပါဝင်မည် ဖြစ်သောကြောင့် တစ်ပေါင်းတည်း ဆွေးနွေးရန် ဆန္ဒရှိခဲ့ကြသည်။
အခြေခံဥပဒေကိုပြင်ရန် အာဏာရ NLD ဘက်ကလည်း ကြိုးစားနေပြီး NLD အမတ်တစ်ဦးက ပြီးခဲ့သည့် လအတွင်းက ပြည်ထောင်စုလွှတ်တော်တွင်မဲခွဲပြီး ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီကို ဖွဲ့စည်းခဲ့သည်။ NLD က ပုဒ်မ ၂၆၁ ကိစ္စကို ယင်းပူးပေါင်းကော်မတီတွင် ဆွေးနွေးရန်လိုလားနေခြင်းဖြစ်သည်။
အမြင်နှစ်မျိုး ကွဲပြားနေသည့် အခြေအနေတွင် လွှတ်တော်တွင်း ဆွေးနွေးမည့်သူများသည် မတ်လ ၇ ရက်တွင် အမည်စာရင်းပေးသွင်းရမည်ဖြစ်သည်။
ပုဒ်မ ၂၆၁ ဆိုတာဘာလဲ
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၆၁ အရ နိုင်ငံတော်သမ္မတသည် ဒေသဆိုင်ရာ လွှတ်တော်အမတ်များထဲမှ ၎င်းလိုလားသူကို ရွေးချယ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်သည့် စနစ်ဖြစ်သည်။
အဆိုပါပုဒ်မ၏ ပုဒ်မခွဲများအရ ပြည်နယ်(သို့) တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖြစ်လာမည့်သူသည် အသက် ၃၅ နှစ်ပြည့်ရန် ကန့်သတ်ထားသောကြောင့် ရွေးကောက်ပွဲအနိုင်ရ အမတ်များထဲမှ အသက်ပြည့်မီသူကို သမ္မတကရွေးချယ်မည်ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန်မှာ အသက် ၂၅ နှစ်ပြည့်ရန်လိုအပ်သည်။
မြန်မာနိုင်ငံအတွင်း အနည်းဆုံး ၁၀ နှစ် အခြေချနေထိုင်သူဖြစ်ရန်လည်း လိုအပ်ပြီး ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေပါအရည်အချင်းများနှင့် ပြည့်စုံသူလည်းဖြစ်ရမည်ဖြစ်သည်။
နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားလာသည့် နိုင်ငံသားဖြစ်ရမည်၊ နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်သစ္စာရှိရမည် ဟု ထိုပုဒ်မတွင် ပြဋ္ဌာန်းထားပြီး ယင်းအချက်များနှင့် ကိုက်ညီသူကို ဝန်ကြီးချုပ်နေရာအတွက် သမ္မတက စိတ်ကြိုက်ရွေးမည်ဖြစ်သည်။
သတ်မှတ်ထားသည့် အရည်အချင်းမပြည့်စုံကြောင်း သက်သေမပြနိုင်ပါက သမ္မတရွေးချယ်ပေးသည့် ဝန်ကြီးချုပ်ကို ဒေသဆိုင်ရာ လွှတ်တော်များက ငြင်းဆိုခွင့်မရှိဘဲ လက်ခံကြရသည်။
မဲဆန္ဒနယ် ၃၄ ခုရှိသည့် ရခိုင်ပြည်နယ်လွှတ်တော်တွင် ၂၀၁၅ ရွေးကောက်ပွဲတွင် ရခိုင်အမျိုးသားပါတီက ၆၅ ရာခိုင်နှုန်းဖြစ်သည့် ၂၂ နေရာ အနိုင်ရခဲ့သော်လည်း ပုဒ်မ ၂၆၁ အရ ပြည်နယ်ဝန်ကြီးချုပ် နေရာတွင် ပြည်နယ်လွှတ်တော် အနိုင်ရပါတီက ခန့်အပ်နိုင်ခြင်းမရှိခဲ့ပါ။
ပြည်နယ်လွှတ်တော်တွင် ရှစ်နေရာသာ အနိုင်ရခဲ့သည့် NLD ပါတီမှ ရွေးကောက်ပွဲအနိုင်ရအမတ် ဦးညီပုက ဝန်ကြီးချုပ်ဖြစ်လာခဲ့သည်။
ပြည်ခိုင်ဖြိုးနဲ့တပ်ရဲ့လူ ဝန်ကြီးချုပ်ဖြစ်လာမလား
ပြည်နယ် နှင့် တိုင်း ဝန်ကြီးချုပ်များအား ဒေသဆိုင်ရာ လွှတ်တော်များမှ တဆင့် ခန့်အပ်မည်ဆိုပါက အချို့ဒေသများတွင် ပြည်ခိုင်ဖြိုး (သို့) တပ်မတော်က လိုလားသည့်သူသည် ဝန်ကြီးချုပ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ခန့်မှန်းမှုများရှိသည်။
အခြေခံဥပဒေ ပုဒ်မ ၁၆၁(ဃ) အရ ပြည်နယ် (သို့) တိုင်းဒေသကြီး လွှတ်တော်တွင် ရွေးကောက်ပွဲမှ တက်လာသည့် လွှတ်တော်အမတ် စုစုပေါင်း၏ သုံးပုံတစ်ပုံနှင့် ညီမျှသော ကိုယ်စားလှယ် အရေအတွက်ကို တပ်မတော်သားအမတ်အဖြစ် ခန့်အပ်နိုင်သည်။
ဥပမာအားဖြင့် ဒေသဆိုင်ရာ လွှတ်တော်များတွင် ရွေးကောက်ပွဲမှ အမတ် ၃၀ ဦး လွှတ်တော်တွင်းရှိပါက တပ်အမတ်သည် ၁၀ ဦးရှိမည်ဖြစ်သည်။ ၎င်းတို့ နှစ်ခု ပေါင်း ၄၀ ဦးဖြင့် ဒေသဆိုင်ရာ လွှတ်တော်ကို ဖွဲ့စည်းမည်ဖြစ်သည်။
ပြည်ခိုင်ဖြိုး ဦးဆောင်ပြီး ပြင်ဆင်ရန်ကြိုးစားသည့် ပုဒ်မ ၂၆၁ ကို ပြင်ဆင်နိုင်ပြီး ဒေသဆိုင်ရာ လွှတ်တော်များမှ ဝန်ကြီးချုပ်များ ရွေးချယ်မည်ဆိုပါက တပ်မတော်သားလွှတ်တော်အမတ်များ၏ သဘောထားက အခရာကျလာမည်ဖြစ်သည်။
“ရှမ်းပြည်နယ်လွှတ်တော်မှာ အများဆုံးရှိနေတာက တပ်မတော်သားကိုယ်စားလှယ်၊ ဒုတိယအများဆုံးက ကြံ့ခိုင်ရေး၊ တတိယအများဆုံးက SNLD (ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်) ဖြစ်ပါတယ်။ စတုတ္ထအများဆုံးက NLD ဖြစ်ပါတယ်။ တကယ်လို့ဝန်ကြီးချုပ်ကို များရာ ဆန္ဒမဲနဲ့ ရွေးကောက်မယ်ဆိုရင် ဘယ်သူရနိုင်မလဲ တွက်ကြည့် လိုက်ပါ။ အားလုံးကို မဲပေးခွင့် ပေးမယ်ဆိုရင် တပ်ကလိုလားတဲ့သူပဲ ဖြစ်မှာ အသေအချာ ပဲ” ဟု SNLD မှ မိုင်းရယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က ပြီးခဲ့သည့်လအတွင်းက BBC ကိုပြောသည်။
သို့သော် ပြည်ခိုင်ဖြိုးပါတီကတော့ အဆိုပါ ခန့်မှန်းပြောဆိုချက်များကို ပယ်ချထားပြီး “တိုင်းရင်းသားတွေအပေါ်မှာ စိတ်ရင်းစေတနာအမှန်နဲ့ ၂၆၁ (ပြင်ဆင်ချက်) ကိုတင်သွင်းခဲ့ခြင်း” ဟု တုံ့ပြန်ထားသည်။
ပုဒ်မ ၂၆၁ ကိုပြင်ဆင်ရန် ပြည်ထောင်စုလွှတ်တော်ကို တင်ပြထားခြင်းသည် အလိုအလျောက် ခွဲတမ်းရသည့် တပ်မတော်သား လွှတ်တော်အမတ်များနှင့် ပေါင်းပြီး ပြည်ခိုင်ဖြိုးက ဝန်ကြီးချုပ်နေရာများ မှန်းနေခြင်းလားဆိုသည့် သတင်းထောက်တစ်ဦးက မေးသည့်အခါ “ဒီကိစ္စကို စိတ်တောင်မကူးခဲ့ပါဘူး။ စဉ်းတောင်မစဉ်းစားခဲ့ပါဘူး။ … သက်ဆိုင်ရာဒေသက တိုင်းရင်းသားတွေကို မေးကြည့်လိုက်။ သူတို့ရဲ့ဆန္ဒဟာ သူတို့လွှတ်တော်ကနေတင်သွင်းတဲ့ ပုဂ္ဂိုလ်ကိုသာလျှင် ဝန်ကြီးချုပ်ဖြစ်ချင်ကြလား၊ မဖြစ်ချင်ဘူးလားဆိုတာ” ဟု နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးသိန်းထွန်းဦးက တုံ့ပြန်သည်။
၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၁၃ နေရာ ရှိသော်လည်း တိုင်းရင်းသားဒေသများကို ချန်လှပ်ပြီး ရွေးကောက်ပွဲမဝင်ရန် ဆုံးဖြတ်ခဲ့ခြင်းသည် တိုင်းရင်းသားများအပေါ်ထားသည့် ၎င်းတို့သဘောထားကို ပြသခဲ့သည့် အကောင်းဆုံးသက်သေဟု ၎င်းကဆိုသည်။
ပြည်ခိုင်ဖြိုးသည် ယမန်နှစ်ကကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ် လဲချား၊ ရခိုင်ပြည်နယ် ရသေ့တောင် နှင့် ချင်းပြည်နယ် မတူပီ မဲဆန္ဒနယ်တို့တွင် ရွေးကောက်ပွဲမဝင်ခဲ့ပါ။