
ရန်ကုန် – ရခိုင်ပြည်နယ်မှ မွတ်စလင်များ ပစ်မှတ်ထားရှင်းလင်းခံရမှုနှင့် ကြုံတွေ့နေရကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၁၃ တွင် ပြောလိုက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကလည်း မွတ်စလင် ၃၈ဝ,ဝဝဝ ခန့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်အပေါ် တံခါးပိတ် ဆွေးနွေးပွဲ ပြုလုပ်ပြီး ပြစ်တင် ရှုတ်ချလိုက်သည်။
ရခိုင်ဒေသ မတည်ငြိမ်မှုများ အဆုံးသတ်ရေး ဆောင်ရွက်ရန် အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်ပြီး အဆိုပါဖြစ်စဉ်ကြောင့် စိုးရိမ်ပူပန်ကြောင်း လုံခြုံရေးကောင်စီသို့ တရားဝင် စာပို့ထားသည်။
လုံခြုံရေးကောင်စီ၏ တံခါးပိတ် ဆွေးနွေးပွဲအပြီး ကြေညာချက် တစ်စောင် ထုတ်ပြန်ရာ ယင်းမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် အခြေအနေအပေါ် ၉ နှစ်အတွင်း ပထမဆုံး ထုတ်ပြန်ကြေညာချက် တစ်ခု ဖြစ်ကြောင်း သိရသည်။
၂ဝဝ၈ မှစ၍ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး လုံခြုံရေးကောင်စီက ကြေညာချက် မထုတ်ပြန်ခြင်းမှာ ကောင်စီအဖွဲ့ဝင် အိမ်နီးချင်း တရုတ်နိုင်ငံက မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်တို့ကို ထောက်ခံပေးနေခြင်းကြောင့်ဖြစ်သည်။
ထင်ရှားသည့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များက လုံခြုံရေးကောင်စီသည် ရခိုင်ဒေသဖြစ်ရပ်များကို မသိကျိုးကျွန်ပြုနေကြောင်း စွပ်စွဲထားပြီး အဆိုပါပြဿနာ အဆုံးသတ်ရေးအတွက် ပွင့်လင်းမြင်သာသည့် အစည်းအဝေးတစ်ရပ် ခေါ်ယူရန် စက်တင်ဘာ ၁၂ တွင် တောင်းဆိုခဲ့ကြသည်။
ရခိုင်ဒေသ မွတ်စလင်များ နိုင်ငံတွင်း နှစ်ပေါင်းရာနှင့်ချီ နေထိုင်ခဲ့ကြသော်လည်း နိုင်ငံသားဖြစ်ခွင့် ငြင်းဆိုခံထားရသည့်အပြင် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုများကို ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ.အစည်းများက ဝေဖန်နေကြသည်။
သြဂုတ် ၂၅ ရက်က စတင်ဖြစ်ပွားခဲ့သည့် နောက်ဆုံးဖြစ်စဉ်တွင် Arakan Rohingya Salavation Army (ARSA) အဖွဲ့က ရခိုင်ပြည်နယ်အတွင်းရှိ ရဲကင်းစခန်းများတိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ သေဆုံးခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင့် တပ်မတော်က ARSA အဖွဲ့ကို နှိမ်နင်းစဉ် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပေါ်ခဲ့ရာ သေဆုံးသူ ရာနှင့်ချီ ရှိခဲ့သည်။ နေအိမ်အများအပြား မီးလောင်သွားပြီး လူဦးရေ သောင်းနှင့်ချီ၍ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့သည်။
ARSA အဖွဲ့၏ တိုက်ခိုက်မှုများအပေါ် ကုလအတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြစ်တင်လိုက်သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များက အရပ်သားတို့ကို တိုက်ခိုက်နေသည်ဟူသော ဖြစ်ရပ်များမှာလည်း “လုံးဝလက်ခံဖွယ်ရာ မရှိကြောင်း” ပြောကြားသည်။
မြန်မာအာဏာပိုင်များအနေဖြင့် စစ်ရေးအရ တိုက်ခိုက်မှုများကို ရပ်တန့်ရန်၊ တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရန်၊ နိုင်ငံတွင်းမှ ထွက်ခွာသွားသူတု့ကို နေရပ် ပြန်ခွင့်ပြုရန်လည်း သူက တောင်းဆိုလိုက်သည်။
ထို့ပြင် ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်သတ်မှတ်ရန် သို့မဟုတ် အနည်းဆုံးအဆင့်အနေဖြင့် ၎င်းတို့ အလုပ်အကိုင်ရရှိရေး၊ ပညာရေးနှင့် ဆေးကုသခံယူခွင့်များ ရရှိစေမည့် တရားဝင် နေထိုင်ရေးကို ခွင့်ပြုရန် ဂူတာရက်စ်က တောင်းဆိုလိုက်သည်။
လုံခြုံရေးကောင်စီ၏ ထုတ်ပြန်ကြေညာချက်တွင် မြန်မာလုံခြုံရေးတပ်ဖွဲ့များ သြဂုတ် ၂၅ ရက်နေ့က တိုက်ခိုက်ခံရမှုအကြောင်းကို သဘောပေါက်ကြောင်း၊ သို့သော်လည်း လူ ၃၇ဝ,ဝဝဝ ကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရခြင်းကို ပြစ်တင်ရှုတ်ချကြောင်း ဖော်ပြထားသည်။
လုံခြုံရေးလုပ်ငန်း ဆောင်ရွက်စဉ် အလွန်အကျွံတိုက်ခိုက်မှုများရှိကြောင်း သတင်းထွက်ပေါ်နေမှု အပေါ် စိုးရိမ်ကြောင်း ကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားပြီး ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်မှုများ ချက်ချင်းအဆုံးသတ်ရေး၊ တင်းမာမှုများ လျော့ကျရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရေး၊ အရပ်သားများကို ကာကွယ်ရေး၊ ပုံမှန် လူမှုစီးပွားအခြေအနေများ ပြန်လည် ထူထောင်ရေး၊ ဒုက္ခသည်ပြဿနာ ဖြေရှင်းရေး စသည်တို့ကို တောင်းဆိုထားသည်။
ရခိုင်ပြည်နယ်တွင် နေထိုင်သူများ အပြန်အလှန် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေမှုကို ဖြေရှင်းရန်အတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေးအရ မျှတမှုတို့ကို ဆောင်ရွက်သင့်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည် ဖော်ရန်လည်း လုံခြုံရေးကောင်စီက အစိုးရကို တိုက်တွန်းလိုက်သည်။
မြန်မာအစိုးရ၏ ဝေဖန်ချက်
မကြာမီ ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံခြားရေးဝန်ကြီးရာထူး ယူထားသော ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် မဟုတ်ဟု မြန်မာအစိုးရက စက်တင်ဘာ ၁၃ တွင် ပြောသည်။ ညီလာခံသွားမည့် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူ ခေါင်းဆောင်မည်ဟု သိရသည်။
ဤအတောအတွင်း အစိုးရက မောင်တောဒေသ စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ အစီရင်ခံစာ၊ ကိုဖီအာနန်ကော်မရှင်၏ အပြီးသတ်အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မည့် ကော်မတီတစ်ခု ဖွဲ့စည်းလိုက်သည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည် ဖော်ဆောင်ရွက်ရေးကော်မတီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးက ဦးဆောင်သည်။
စက်တင်ဘာ ၁၁ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ရာ စစ်ဆင်ရေး ဆောင်ရွက်မည့် လုံခြုံရေးတပ်ဖွဲ့ဝင်တို့ကို “ဥပဒေစည်းမျဉ်းစည်းကမ်းများအား တိတိကျကျ လိုက်နာကြရန်နှင့် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်” ညွှန်ကြားထားပြီးဖြစ်သည်ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ရခိုင်ဒေသ၏ လူနည်းစုများဖြစ်သည့် မြို၊ ဒိုင်းနက်၊ ကမန်တို့ နေရပ် စွန့်ခွာ တိမ်းရှောင်ရသော်လည်း နိုင်ငံတကာက ထိုလူနည်းစုတို့၏ ဒုက္ခ ကံကြမ္မာများကို မသိကျိုးကျွန်ပြုခဲ့ကြသည်ဟု ကြေညာချက်တွင် ရေးထားသည်။