သတင်း

ICJ တွင် ချေပနိုင်ရေး ရိုဟင်ဂျာများကို စစ်ကောင်စီ စည်းရုံး

လူမျိုးသုဉ်းသတ်ဖြတ်မှု စွပ်စွဲချက်ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် မြန်မာနိုင်ငံ ရင်ဆိုင်နေရသောအမှုအတွက် သွားရောက်ချေပမည့် စစ်ကောင်စီက ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှ ရိုဟင်ဂျာတချို့ကို မကြာသေးမီက ထိတွေ့စည်းရုံးနေကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၄ နှင့် ၂၅ တို့တွင် ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) မှ အရာရှိများ၊ စစ်ထောက်လှမ်းရေးများက ရိုဟင်ဂျာတချို့ကို ခေါ်ယူတွေ့ဆုံကြသည်ဟု ထိုရိုဟင်ဂျာများနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၂၀၁၇ ခုနှစ်အတွင်း ရသေ့တောင်မြို့ပေါ်မှ ၁၀ မိုင်ခန့်အကွာရှိ လူဦးရေ ရာနှင့်ချီ သတ်ဖြတ်ခံရပြီး နေအိမ်များ မီးရှို့ခံခဲ့ရသော ချွတ်ပြင်ရွာသားများကို စည်းရုံးနိုင်ရေးအတွက် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က အပူတပြင်း လိုက်လံစုံစမ်းရှာဖွေနေကြခြင်းဖြစ်သည်ဟု သိရသည်။

“ချင်းရွာ၊ သင်္ဂနက်၊ သပြေတောနဲ့ ထာစောဆိုတဲ့ရွာက ရွာလူကြီး ၁၀ ယောက်လောက်ကို ခေါ်တွေ့ပြီးတော့ ချွတ်ပြင်ရွာသားတွေ ရှိလား၊ ချွတ်ပြင်ရွာသားတွေ ဘယ်မှာရှိတယ်လို့ ကြားလဲလို့ မေးတယ်” ဟု အထက်ပါ နီးစပ်သူအမျိုးသားက ဆိုသည်။

“ဘူးသီးတောင်ဗျူဟာက ၂၄ ရက်နေ့က ခေါ်တယ်။ တစ်ရက်လုံး ထိုင်စောင့်နေခဲ့ရတယ်။ လူကြီးတွေ မရောက်လို့ မမေးဖြစ်ဘူးလို့ ပြောတယ်။ ၂၅ ရက်နေ့ နေ့လယ် ၁ နာရီလောက်မှာ တွေ့ပြီး အဲဒီလို မေးတယ်လို့ ပြောတယ်” ဟု ကာယကံရှင်များကို ကိုးကား၍ သူက ပြောသည်။

ဖေဖော်ဝါရီ ၂၅ တွင် ဘူးသီးတောင်ဗျူဟာက ရိုဟင်ဂျာတချို့ကို ခေါ်ယူပြီး ချွတ်ပြင်ကျေးရွာသားများအကြောင်း စုံစမ်းမေးမြန်းသည်ဟု အမည်မဖော်လိုသည့် ရိုဟင်ဂျာတစ်ဦးကလည်း ပြောသည်။

“ကျွန်‌တော်တို့ကို ချွတ်ပြင်ရွာကလားလို့ မေးတယ်။ ကျွန်တော်တို့က မဟုတ်ပါ၊ ချွတ်ပြင်အုပ်စု ချင်းရွာကပါလို့ ပြောလိုက်တော့ ကျွန်တော်တို့ကို ပြန်လွှတ်လိုက်တယ်။ ဘာကြောင့် ချွတ်ပြင်ရွာက လူတွေကို မေးလဲဆိုတာကိုတော့ မပြောပါ” ဟု ထိုရိုဟင်ဂျာအမျိုးသားက ဆိုသည်။

၂၀၁၇ တွင် စစ်တပ်က ရခိုင်မြောက်ပိုင်းကျေးရွာများကို စီးနင်းတိုက်ခိုက်ရာ ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့နောက် ထိုဒေသမှ ရိုဟင်ဂျာများကို မြန်မာစစ်တပ်က လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟူသော စွဲချက်ဖြင့် ၂၀၁၉ ခုနှစ်တွင် ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တွင် တရားစွဲရာ ထိုအမှုကို ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက တရားရင်ဆိုင်ခဲ့ပြီး ယခု စစ်ကောင်စီက အမှုဆက်လက်ရင်ဆိုင်နေသည်။

အမှုနှင့် ပတ်သက်ပြီး ချွတ်ပြင်အုပ်စုမှ ရိုဟင်ဂျာများကို စစ်ကောင်စီတပ်ဗျူဟာက ရှာဖွေနေပြီး ချွတ်ပြင်ကျေးရွာအုပ်စု၊ ချင်းရွာမှ ရွာသား ၂ ဦး၊ ၃ ဦးခန့်ကို ခေါ်ယူမေးမြန်းခဲ့သည်ဟု ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာအမျိုးသားတစ်ဦးကလည်း အတည်ပြုပြောသည်။

ချွတ်ပြင်ကျေးရွာသည် ၂၀၁၇ သြဂုတ် ၂၇ တွင် စစ်တပ်က နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု နိုင်ငံတကာက ပြောဆိုနေသော ကျေးရွာတစ်ရွာဖြစ်သည်။

မောင်တောမြို့အသွား လမ်းဘေးရွာတစ်ရွာရှိ မီးလောင်ပြင်ကို ၂၀၁၇ အောက်တိုဘာလအတွင်းက တွေ့ရစဉ်။

NLD အစိုးရ နိုင်ငံတော်သမ္မတရုံး၏ လွတ်လပ်သောစုံစမ်းရေးကော်မရှင် (Independent Commission on Enquiry -ICOE) က ၂၀၂၀ ဇန်နဝါရီအတွင်း အစီရင်ခံစာ ထုတ်ပြန်ခဲ့ရာတွင် ရခိုင်ပြည်နယ်မှ ထိုဖြစ်စဉ်အတွင်း ချွတ်ပြင်ရွာ၊ မောင်နုရွာများမှာ လူရာဂဏန်း အသတ်ခံရကြောင်း ဖော်ပြပြီးနောက်တွင် တာဝန်ယူ စစ်ဆေးသွားမည်ဖြစ်ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ထိုအမှုနှင့် ပတ်သက်၍ တရားရင်ဆိုင်ခြင်းဆိုင်ရာကော်မတီကို ယင်းနှစ် ဇွန်လအတွင်း ဖွဲ့စည်းကာ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအဖြစ် ဦးကိုကိုလှိုင်နှင့် ဒေါ်သီတာဦးတို့ကို ကော်မတီတွင် ခန့်အပ်ခဲ့သည်။

ယခုရက်ပိုင်းအတွင်း ချွတ်ပြင်ရွာအနီးအနားကျေးရွာမှ ကျေးရွာလူကြီးနှင့် ရွာသား ရိုဟင်ဂျာတချို့ကို ဘူးသီးတောင်ဗျူဟာက ခေါ်ယူမေးမြန်းကြောင်း ချွတ်ပြင်ရွာမှ တစ်မိုင်ခန့်အကွာရှိ စေတီပြင်‌ကျေးရွာမှ အမျိုးသားတစ်ဦးကလည်း ပြောသည်။

“အရင်က ထွက်ဆိုခဲ့တဲ့အတိုင်းဆိုရင် မင်းတို့အတွက် အခက်အခဲရှိတယ်၊ ကိုယ့်အိမ်ကို ကိုယ်မီးရှို့ပြီး ထွက်ပြေးသွားတာလို့ ပြောလို့မရဘူးလားလို့ မေးတယ်” ဟု စစ်တပ်ထံ ရောက်ခဲ့သူများကို ကိုးကားပြီး ထိုအမျိုးသားက ပြောသည်။

ခေါ်ယူမေးမြန်းခံရသည့် ရိုဟင်ဂျာများနှင့် နီးစပ်သူကလည်း အလားတူ ပြောသည်။

“တပ်မ ၃၃ က ပစ်သတ်ခဲ့တာ နေအိမ်တွေမီးရှို့ခဲ့တာလို့ ပြောရင် ခင်ဗျားတို့အတွက် အခက်အခဲရှိတယ်လို့ ပြောတယ်လို့ ပြောကြတယ်။ အဲဒီလိုပြောရင် ဖမ်းမယ်ပေါ့ အဲလိုသဘောမျိုးပြောလို့ အခု မွတ်စလင်တွေက ကြောက်နေကြတယ်” ဟု သူက ဆိုသည်။

“ကိုယ့်ဟာကိုယ် မီးရှို့ပြီး ထွက်ပြေးသွားကြတာလို့ မင်းတို့…ပြောလို့မရဘူးလားလို့ ပြောတယ်တဲ့။ သူတို့က လည်း (ရိုဟင်ဂျာ) ကျွန်တော်တို့ရွာကလည်း တစ်မိုင် နှစ်မိုင်လောက် ဝေးတယ်။ ကျွန်တော်တို့ အဲဒီလို ပြောလို့မရပါ၊ ကျွန်တော်တို့ မြင်တာက သေနတ်ပစ်သံ ကြားတယ်၊ ရွာ မီးလောင်တာ မြင်တယ်လို့ ပြောခဲ့တယ်တဲ့”

ရိုဟင်ဂျာတို့ကို သွားရောက်တွေ့ဆုံနေမှုများနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တရားဝင် ထုတ်ပြန် ပြောဆိုခြင်း မရှိသေးပေ။

၂၀၂၃ ဖေဖော်ဝါရီ ၅ တွင်လည်း ပြန်လည်လက်ခံရေးကိစ္စအကြောင်းပြကာ စစ်ကောင်စီ၏ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါ်သက်သက်ခိုင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးမြင့်ကြိုင်၊ ICJ သို့ သွားရောက် ချေပရာတွင် ဦးဆောင်သူဖြစ်သော အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်တို့ ရခိုင်သို့ သွားခဲ့သေးသည်။

ထိုအဖွဲ့သည် စစ်တွေမြို့သို့ ရောက်ရှိနေစဉ်အတွင်း ICJ ၌ ချေပလွှာ တင်သွင်းနိုင်ရေး သက်ဆိုင်သူများနှင့် နှစ်ရက်တာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီသည် ခုခံချေပရေးအတွက် အပူတပြင်း အချက်အလက်စုဆောင်းနေရာ ထိုအဖွဲ့က ၂၀၁၇ ပဋိပက္ခဖြစ်စဉ်၌ ကိုယ်တိုင်ကြုံတွေ့ခဲ့သော မောင်တောနှင့် ဘူးသီးတောင်မြို့နယ်မှ ရိုဟင်ဂျာများနှင့် ဟိန္ဒူဘာသာဝင် ၃၀ ကျော်ကို မျက်မြင်သက်သေအဖြစ် စစ်တွေမြို့တွင် ခေါ်ယူတွေ့ဆုံခဲ့သည်ဟု သိရသည်။

ထိုသူများကို မေးမြန်းအပြီး ထွက်ဆိုချက်များ မှန်ကန်ကြောင်း သက်သေခံ လက်မှတ်ရေးထိုးခိုင်းသည်ဟုလည်း မြို့ခံများထံမှ သိရသည်။

၂၀၂၂ ဖေဖော်ဝါရီ ၂၁ မှ ၂၈ အတွင်း နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ ICJ တရားရုံးတွင် ဒုတိယအကြိမ် နှစ်ဖက်ကြားနာခဲ့ကြပြီး ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခွင့် မရှိ၊ ICJ တရားခွင်ကလည်း စီရင်ပိုင်ခွင့်မရှိဟု စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့က လျှောက်လဲခဲ့သည်။

ထိုလျှောက်လဲချက်ကို ICJ တရားရုံးက ယင်းနှစ် ဇူလိုင် ၂၂ တွင် ပယ်ချလိုက်ပြီး စွဲချက်တင်ခွင့်ရှိသည်ဟု ဆုံးဖြတ်ခဲ့ရာ ဥပဒေကြောင်းအရ ဆက်လက် ခုခံချေပသွားမည်ဖြစ်ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုစဉ်က တုံ့ပြန်ပြောဆိုခဲ့သည်။

ယခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အဖွဲ့လည်း ရခိုင်ပြည်နယ်သို့ သွားပြီး လုပ်ငန်းရှင်များကို တွေ့ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button