သတင်း

သူရဦးရွှေမန်း ဦးစီးသည့် အထူးကော်မရှင်ကို သက်တမ်းမတိုးရန် လွှတ်တော် ဆုံးဖြတ်

သူရဦးရွှေမန်း ဦးဆောင်နေသည့်  ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်းမတိုးရန် ပြည်ထောင်စုလွှတ်တော်က ကော်မရှင်သက်တမ်းပြည့်သည့် ယနေ့တွင် ဆုံးဖြတ်လိုက်သည်။

သက်တမ်းတိုးမြှင့်ရေးအတွက် မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်မဲ ၅၅၅ မဲ၊ ထောက်ခံမဲ ၂ဝ၊ ကြားနေမဲ ၁ဝ မဲ ရရှိခဲ့သည်။

“အထူးကော်မရှင်” ဟုလည်း လူသိများသည့် ယင်းကော်မရှင်ကို ၂၀၁၁ ခုနှစ်က ပြည်သူ့လွှတ်တော်တွင် စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် သက်တမ်းတိုးခဲ့သည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး လွှတ်တော်များပြန်စချိန် ၂၀၁၆ တွင် ပြည်သူ့လွှတ်တော်တွင် ဖွဲ့စည်းခဲ့သည့်  “အထူးကော်မရှင်” ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလွှတ်တော်အဆင့် ဖွဲ့စည်းခဲ့သည်။

တပ်မတော်တွင် ထိပ်တန်းတာဝန် ယူခဲ့ဖူးသူ သူရဦးရွှေမန်းကို ထောက်ခံသည့် လွှတ်တော် အမတ်ဟောင်းများ၊ အစိုးရအရာရှိဟောင်း အများစု ပါဝင်သည့် ယင်းကော်မရှင် စတင်ဖွဲ့စည်းချိန်တွင် တပ်မတော်သားကိုယ်စားလှယ်များက ကန့်ကွက်ခဲ့ကြသော်လည်း လွှတ်တော်အတွင်း နေရာအများစုရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်များက ထောက်ခံခဲ့သည်။

သို့သော် ယခုတစ်ကြိမ် နှစ်စဉ် သက်တမ်းတိုးရေး မဲခွဲဆုံးဖြတ်ချိန်တွင် NLD အမတ်များက ကန့်ကွက်မဲ ပေးခဲ့ကြခြင်းဖြစ်သည်။

ကော်မရှင်ကို ဦးဆောင်သူ သူရဦးရွှေမန်းသည် ယခင်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး  ယခုအခါ  “ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ” ကို တည်ထောင်ထားသည်။

တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က အဆိုပါကော်မရှင်ဖွဲ့စည်းရေး၊  ၂၀၁၇ နှင့် ၂၀၁၈ များတွင် သက်တမ်း ထပ်မံတိုးရေးတို့တွင် တပ်ဘက်က အစဉ်တစိုက် ကန့်ကွက်ခဲ့သော်လည်း NLD အမတ်များက ထောက်ခံခဲ့ကြောင်း၊ ယခုတစ်ကြိမ်တွင် ၎င်းတို့အတွက် မလိုအပ်သည့်အတွက် အကြောင်းပြချက်မပေးဘဲ ဖျက်သိမ်းပစ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း ပြောသည်။

“ ဥပဒေနဲ့မညီပါဘူးလို့ ကျွန်တော်တို့ (တပ်မတော်သားအမတ်တွေ) က ဒီလောက် ထောက်ပြပြောပြနေပေမယ့် အဲ့တုန်းကတော့ မဲအသာနဲ့ ဒီလိုပဲ အနိုင်ယူပြီး လုပ်ပစ်လိုက်တယ်။ အခုကျတော့ အဲ့ဒီဟာတွေကို ဘာမှ ခေါင်းထဲမှာ မရှိတော့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရင်တော့ ငါတို့ မလိုတော့ဘူးဆိုတဲ့အချိန်မှာ ပစ်ပယ်လိုက်တဲ့သဘော ဖြစ်သွားတာပေါ့” ဟု ၎င်းက လွှတ်တော်အပြီးတွင်  သတင်းထောက်များကို ပြောကြားခဲ့သည်။

NLD ပါတီအမတ်များဘက်တွင်လည်း  ကန့်ကွက်မှုအတွက် အကြောင်းပြချက် ရှိနေသည်။

ကော်မရှင် ဥက္ကဋ္ဌသူရဦးရွှေမန်းသည် နိုင်ငံရေးပါတီတည်ထောင်ရန် မှတ်ပုံတင်ခဲ့ခြင်း၊  ကော်မရှင်မှ ၁၂ ဦးခန့်သည် ထိုပါတီတွင် ပါဝင်လာဖွယ်ရှိခြင်း တို့ကြောင့် သက်တမ်းတိုးရေးအတွက် ကန့်ကွက်ကြခြင်းဖြစ်ကြောင်း ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်ကြည်ညွန့်ကပြောသည်။

“နိုင်ငံရေးပါတီတစ်ခု ရှိနေတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့ လွှတ်တော်ရဲ့ ဥပဒေ ပြုရေး အခန်းကဏ္ဍမှာ ဝင်ပြီး အကြံပြုဖို့ ဆိုတာ သိပ်ပြီး မသင့်တော်တော့ဘူး” ဟု ၎င်းက သတင်းထောက်များကို ပြောသည်။

ကန့်ကွက်မဲ ပေးကြခြင်းသည် သက်တမ်းတိုးရေးကိုသာ ရည်ရွယ်ကြောင်း၊ ကော်မရှင် တည်ရှိခဲ့မှုကို ကန့်ကွက်ကြခြင်း မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။

“အထူးကော်မရှင်” ၏ လုပ်ငန်းတာဝန်များ

(၁)       တည်ဆဲဥပဒေများအား လေ့လာဆန်းစစ်သုံးသပ်ပြီး ပြင်ဆင်ရန်၊ ပယ်ဖျက်ရန်နှင့် အသစ်ပြဋ္ဌာန်းရန်သင့်သော ဥပဒေများကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရမည်။

(၂)       ခေတ်ကာလအခြေအနေနှင့် လိုက်လျောညီထွေရှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးကို ဖြစ်ထွန်းစေမည့် ဥပဒေကြမ်းများကို ရေးဆွဲပြုစုတင်ပြရမည်။

(၃)       အထူးကိစ္စရပ်များ (နိုင်ငံတော်နှင့် နိုင်ငံသားအကျိုးစီးပွားနှင့် သက်ဆိုင်သည့်ကိစ္စရပ်များ) ပေါ်ပေါက်လာပါက ၎င်းကိစ္စရပ်များအပေါ် အကြောင်းခြင်းရာနှင့် ဥပဒေအမြင်နှိုင်းယှဉ်၍ လေ့လာဆန်းစစ်သုံးသပ်ပြီး ပြည်ထောင်စုလွှတ်တော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အစီရင်ခံတင်ပြရမည်။

(၄)       ဥပဒေကြမ်းရေးဆွဲခြင်း၊ နည်းဥပဒေရေးဆွဲခြင်းတို့အတွက် ပြည်ထောင်စုလွှတ်တော်ကို ဗဟိုပြု၍ သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးတို့နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည်။

(၅)       တရားဥပဒေစိုးမိုးရေးအတွက် တည်ဆဲဥပဒေများကို ပြည်သူများသိရှိ လိုက်နာစေရန် အသိပညာပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုတို့တွင် ပါဝင်ဆောင်ရွက်ရမည်။

(၆)       အခါအားလျော်စွာ ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးသောကိစ္စရပ် များကို ဆောင်ရွက်ရမည်။

(၇)       နာယကနှင့် လွှတ်တော်ဥက္ကဋ္ဌများက သတ်မှတ်ပေးသည့် လုပ်ငန်းတာဝန် များကို သတ်မှတ်အချိန်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရမည်။

(၈)       နာယကနှင့် လွှတ်တော်ဥက္ကဋ္ဌများက ကဏ္ဍအလိုက် သီးခြားသတ်မှတ်ပေး သည့်အထူးကိစ္စရပ်များအတွက် ကော်မရှင်အတွင်း တာဝန်ခွဲဝေသတ်မှတ် ဆောင်ရွက်ရမည်။

(၉)       နာယကနှင့်လွှတ်တော်ဥက္ကဋ္ဌများက လုပ်ငန်းလိုအပ်ချက်အရ အကြံဉာဏ် တောင်းခံသည့်အခါ အကြံပြုချက်များပေးရမည်။

Show More

Related Articles

Back to top button