သတင်း

စစ်ကောင်စီ၏ ICJ ဖြေရှင်းချက် သူရဦးရွှေမန်း ထောက်ခံ

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အထိ နှုတ်ဆိတ်နေသည့် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICJ) တွင် စစ်ကောင်စီဘက်မှ သွားရောက်ရင်ဆိုင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ ရှစ်ရက်ကြာ ပြုလုပ်သည့် ICJ  ကြားနာပွဲ နောက်ဆုံးရက်ဖြစ်သော ဖေဖော်ဝါရီ ၂၈ ရက်တွင် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့၏ ဆွေးနွေးချက်များမှာ နိုင်ငံအတွက် ကျေနပ်ဂုဏ်ယူစရာများဖြစ်သည်ဟု သူရဦးရွှေမန်းတည်ထောင်ထားသည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ (UBP)က ကြေညာသည်။

ရခိုင်ပြည်နယ်အတွင်း လူမျိုးသုဉ်းသတ်ဖြတ်သည်ဆိုသော စွဲချက်ဖြင့် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုခွင့်မရှိ၊ နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ ICJ တရားခွင်က စီရင်ပိုင်ခွင့်မရှိဟု စစ်ကောင်စီ၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ လျှောက်ထားမှုကို မှတ်တမ်းတင်သည်ဟု UBP က ဆိုသည်။

“သာမန်ကြည့်ရင်တော့လည်း ဒါက SAC (စစ်ကောင်စီ) ဘက်ကို ဘက်ပြောင်းသွားသလား။ ယိမ်းသွားသလားဆိုတာမျိုး မြင်ကောင်းမြင်နိုင်ပါတယ်။ သို့သော် SAC နဲ့ မဆိုင်ပါဘူး” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် UBP ပါတီဝင်တစ်ဦးက ပြောသည်။ 

“ကိုယ့်နိုင်ငံကို တရားစွဲတဲ့အတွက် ပြန်ပြီးတော့ Defense လုပ်တာ၊ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်) အစိုးရလုပ်တုန်းကလည်း ထောက်ခံကြိုဆိုတဲ့စာထုတ်ပါတယ်။ အခုလည်း ဒီဟာကို ထောက်ခံကြိုဆိုတယ်ဆိုတာ ထုတ်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

မြန်မာကို စွဲဆိုသည့် ထိုအမှုမှာ NLD အစိုးရလက်ထက်တွင် ICJ ၌ စတင်ကြားနာခြင်းဖြစ်ပြီး ထိုစဉ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်၍ သွားရောက်ဖြေရှင်းခဲ့သည်။ 

၂၀၂၀ ရွေးကောက်ပွဲထပ်မံအနိုင်ရသည့် NLD ၏ အစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီက ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့ဖြင့် အစားထိုး၍ ICJ တွင် အမှုရင်ဆိုင်ရန် တာဝန်ပေးခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် NLD လက်ထက် ကော်မရှင်ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ခဲ့သူ ဦးရွှေမန်းက ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်း အာဏာသိမ်းသင့်ကြောင်း အဓိပ္ပာယ်ဆောင်သည့် ဆောင်းပါးတစ်ခုကို သမိုင်းသင်ခန်းစာဖြင့် ဥပမာပေးကာ ရေးသားခဲ့ဖူးသည်။ 

ပြည်တွင်းမီဒီယာတစ်ခုတွင် ဦးရွှေမန်း၏ “မမှားကြဖို့ သမိုင်းကိုလေ့လာ” ခေါင်းစဉ်ပါ ဆောင်းပါးဖော်ပြချိန်မှာ အာဏာမသိမ်းမီ နှစ်ပတ်ကျော်ကဖြစ်သည်။ 

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်တွင် တပ်မတော်၌ နံပါတ်သုံးအဆင့်ခေါင်းဆောင်ဖြစ်ခဲ့သူ ဦးရွှေမန်းက ၂၀၂၀ ခုနှစ်အတွင်း Myanmar Now နှင့် သီးသန့်တွေ့ဆုံစဉ် မည်သူ့ဩဇာမှ မခံတော့ဟု ထုတ်ဖော်ပြောဆိုဖူးသည်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတွင် ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူဖူးသူ ဦးရွှေမန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နီးကပ်သည့်ဆက်ဆံရေး ထူထောင်ခဲ့သည်ဆိုကာ စစ်တပ်၏ အမျက်တော်ရှမှုကို မကြာခဏ ကြုံခဲ့ရသည်။​

စစ်တပ်၏ ကန့်ကွက်မှုများကြောင့် သူဦးဆောင်သည့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်ရေးကော်မရှင်ကို ပြည်ထောင်စုလွှတ်တော်က ဖျက်သိမ်းပြီး တစ်နှစ်ကျော်အကြာတွင် မည်သူ့ဩဇာခံမှ မဟုတ်ဟု ဦးရွှေမန်းက လူသိရှင်ကြား ထုတ်ပြောခြင်းလည်းဖြစ်သည်။​

NLD ပါတီက အပြတ်အသတ်အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် သူရဦးရွှေမန်း၏ UBP ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း တစ်နေရာမျှ အနိုင်မရခဲ့ပေ။ တစ်ပါတီတည်းက အပြတ်မနိုင်ဟု ခန့်မှန်းခဲ့သူ ဦးရွှေမန်းကမူ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့ခြင်း မရှိပေ။​

စစ်အာဏာသိမ်းပြီးချိန်မှစ၍ တစ်နှစ်ကျော်ကြာ တိတ်ဆိတ်နေသည့် သူရဦးရွှေမန်းက စစ်ကောင်စီ၏ လုပ်ဆောင်ချက်ကို ထောက်ခံကြောင်း ပထမဆုံးအကြိမ် ပါတီမှတစ်ဆင့် ထုတ်ပြောလာခြင်းဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button