
လာမည့် နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်မဟုတ်ကြောင်း ကိုယ်ပိုင်ပါတီထူထောင်ထားသည့် သူရဦးရွှေမန်းက ယနေ့ (ဩဂုတ် ၈) တွင် ပြောကြားလိုက်သည်။
“(ဝင်ပြိုင်ဖို့)စဉ်းစားထားတဲ့ မြို့နယ် သုံးလေးခု ရှိပါတယ်။ လျာထားတဲ့ စဉ်းစားတဲ့အထဲမှာ ဖြူး(မြို့နယ်)လည်း ပါပါတယ်။ အခြားနေရာတွေကတော့ အထူးမဖော်ပြတော့ပါဘူး။ ဖြူးကတော့ ဇာတိလည်းဖြစ်တယ်။ ၂၀၁၅ရွေးကောက်ပွဲတုန်းကလည်း ရှံးခဲ့ပါတယ်။ အဲ့ဒီ သုံးလေးခုမှာ ဝင်ပြိင်မယ့် (UBP)ကိုယ်စားလှယ်လောင်းများဟာ သေချာပေါက် နိုင်နိုင်ခြေရှိတယ်လို့ ပြောဆိုဆွေးနွေးချက်များအရ မိမိအနေနဲ့ ပါတီယှဉ်ပြိုင်လိုသူများကို နေရာပေး၊ အခွင့်အရေးပေးပြီးတော့ မိမိ ဝင်မပြိုင်ခြင်း ဖြစ်ပါတယ်” ယန့ ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
“ဒီရွေးကောက်ပွဲဟာ လူတစ်ယောက်တည်းအောင်နိုင်မှုရတာထက် လူအများအောင်နိုင်မှုရဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ကောင်းကျိုးဆောင်ပါတီမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ပါတီအောင်နိုင်ရေးအတွက် အဓိက အချိန်ပေးဖို့ ဒီလိုဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီသည် လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးရှိ မြို့နယ်ပေါင်း ၂၆၁ ခုတွင် ပါတီရုံးခွဲများ ဖွင့်လှစ်ထားပြီး လာမည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂၆၀ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၃၉ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များအတွက် ကိုယ်စားလှယ်လောင်း ၂၅၂၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ၂၅ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်ဟု သူရဦးရွှေမန်းက ပြောသည်။
ရွေးကောက်ပွဲအသုံးစရိတ်နှင့် ပတ်သက်၍ အတိအကျ ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း ‘ကျပ်ဘီလျံ’ ချီပြီးသုံးစွဲသွားမည်ဟု ဆိုသည်။ ရွေးကောက်ပွဲအသုံးစရိတ်အတွက် လျာထားသည့် အဆိုပါငွေကြေးများမှာ ပါတီတည်ထောင်စဉ်က မတည်ထားသည့် အလှူရှင်များ၊ ပါတီကိုထောက်ခံအားပေးသည့် ပြည်သူများ၏ ကူညီလှူဒါန်းမှုများ ဖြစ်သည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့်ရွေးကောက်ပွဲများနှင့်မတူသည့် ရွေးကောက်ပွဲဖြစ်လာမည်ဖြစ်ပြီး ပါတီတစ်ခုတည်းက တောင်ပြိုကမ်းပြိုမနိုင်နိုင်ဟုလည်း ပြီးခဲ့သည့်လအတွင်း Myanmar Now နှင့် သီးသန့်တွေ့ဆုံမေးမြန်းစဉ် သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
“ပြည်သူတွေအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရွေးကောက်ပွဲ အောင်မြင်မှုရရှိလာတဲ့ ပါတီများရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာသုံးသပ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကတော့ ၂၀၁၅ ရွေးကောက်ပွဲကလို ပါတီတစ်ခုတည်းကပဲ များများစားစား တောင်ပြိုကမ်းပြိုမနိုင်နိုင်ဘူး” ဟု နေပြည်တော်ရှိ ၎င်း၏နေအိမ်တွင် တွေ့ဆုံမေးမြန်းစဉ် သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
ပါတီတစ်ခုတည်းက တောင်ပြိုကမ်းပြိုမနိုင်ဘူးဆိုသည့် ခန့်မှန်းချက် တော်တော်မှန်နိုင်ပြီး ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် မဲဆန္ဒနယ်များ၏ ၄၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိ အောင်မြင်ဖို့ မျှော်မှန်းထားသည်ဟုလည်း ထိုစဉ်က ပြောကြားခဲ့သည်။
“အဲဒီလိုမျှော်မှန်းထားတာလည်း ရမ်းပြီးတော့ မျှော်မှန်းထားတာမဟုတ်ဘဲနဲ့ သေချာစနစ်တကျ သုံးသပ်ပြီးတော့မှ မျှော်မှန်းထားတာပါ” ဟု သူရဦးရွှေမန်းက ပြောသည်။
ပါတီစတင်ထူထောင်စဉ်ကတည်းက ပါတီဝင်အင်အားတိုးပွားရေးနှင့် ပါတီအောင်နိုင်ရေးကိုသာ အဓိကထားဆောင်ရွက်ခဲ့ပြီး ရွေးကောက်ပွဲတွင် အောင်မြင်မှုရရှိပြီးနောက် အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ဖို့ ရည်ရွယ်ထားသည်ဟု သူရဦးရွှေမန်းက ပြောသည်။