
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)ပါတီဥက္ကဋ္ဌဖြစ်သူ အငြိမ်းစားဗိုလ်ချုပ်ကြီး သူရဦးရွှေမန်းသည် သူ့ကို လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ပြန်လည်ရုပ်သိမ်းရန် စီစဉ်ခဲ့ဖူးသည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာတွင် ယနေ့(အောက်တိုဘာ ၂၆)နံနက်က လာရောက်မဲဆွယ်စည်းရုံးခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် တပ်ရင်းတပ်ဖွဲ့များ အခြေစိုက်တည်ရှိရာ နေပြည်တော် ဇေယျာသီရိမြို့နယ်သည် သူရဦးရွှေမန်း၏ မဲဆန္ဒနယ်ဟောင်းဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ထိုမဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရပြီးနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ခဲ့သည်။
ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် တာဝန်ယူနေစဉ် ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်းက သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်ရာ ဇေယျာသီရိမြို့နယ်ရှိ မဲဆန္ဒရှင်တချို့က လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ဖူးသည်။
သူရဦးရွှေမန်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးဖောက်ကြောင်း၊ ကိုယ်စားလှယ်တစ်ယောက်၏ အရည်အချင်းပျက်ယွင်းကြောင်းနှင့် ပေးအပ်သည့်တာဝန်ကို ထမ်းဆောင်ရန် ပျက်ကွက်သည်ဟုဆိုကာ ထိုစဉ်က ကန့်ကွက်ခံရခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် UBP ပါတီအနေဖြင့် ၄၀ မှ ၅၀ ရာခိုင်နှုန်း အနိုင်ရရှိရန် မျှော်မှန်းထားသည်ဟု ယနေ့ မဲဆွယ်စည်းရုံးခရီးစဉ်အတွင်း သူရဦးရွှေမန်းက Myanmar Now ကို ပြောကြားခဲ့သည်။
နေပြည်တော်ဧရိယာအတွင်းရှိ ကျေးရွာအချို့ကို သူရဦးရွှေမန်းကိုယ်တိုင် ယာဉ်တန်းဖြင့် သွားရောက်ခြင်းသည် မဲဆွယ်စည်းရုံးခြင်းမဟုတ်ဘဲ မဲဆန္ဒရှင်အချို့၏ တောင်းဆိုချက်အရ မျက်နှာလာပြခြင်းသာ ဖြစ်သည်ဟု UBP ပါတီ ဗဟိုကော်မတီဝင် ဦးကျော်ဇင်လတ်က ပြောသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဟောင်းဖြစ်သူ သူရဦးရွှေမန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင်မူ ၎င်း၏ မွေးရပ်မြေဖြစ်သော ပဲခူးတိုင်း၊ ဖြူးမြို့နယ်တွင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကိုယ်စားလှယ်ကို ရှုံးနိမ့်ခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဟောင်း သူရဦးရွှေမန်းသည် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူနေစဉ် သန်းခေါင်ယံအာဏာသိမ်းပွဲဟု လူသိများသည့် ၂၀၁၅ ခုနှစ် ဩဂုတ် ၁၂ ရက်တွင် ဖြုတ်ချခံခဲ့ရပြီး နောက်လေးနှစ်အကြာတွင် UBP ပါတီကို ထူထောင်ခဲ့ခြင်းဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင်မူ သူရဦးရွှေမန်းကိုယ်တိုင် ရွေးကောက်ပွဲဝင်မပြိုင်တော့သော်လည်း ၎င်း၏ UBP ပါတီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း ၂၆၀ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၃၉ ဦး၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များအတွက် ကိုယ်စားလှယ်လောင်း ၂၅၂၊ တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်လောင်း ၂၅ ဦးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
နိုင်ငံရေးတွင် မည်သူ့ဩဇာမှ ခံမည်မဟုတ်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်း နေပြည်တော်ရှိ ၎င်း၏ နေအိမ်၌ Myanmar Now က တွေ့ဆုံမေးမြန်းစဉ် သူရဦးရွှေမန်းက ပြောကြားခဲ့ပြီး သူ၏ UBP ပါတီသည် လွတ်လပ်ပြီး နိုးကြားတက်ကြွသော ပါတီဖြစ်သည်ဟုလည်း ဆိုသည်။
ထို့ပြင် ၂၀၂၀ ရွေးကောက်ပွဲသည် ပြီးခဲ့သည့်ရွေးကောက်ပွဲများနှင့် မတူသည့် ရွေးကောက်ပွဲဖြစ်လာမည် ဖြစ်ပြီး ပါတီတစ်ခုတည်းက တောင်ပြိုကမ်းပြိုအနိုင်ရရှိမည်မဟုတ်ကြောင်းလည်း ထိုစဉ်က သူရဦးရွှေမန်းက ပြောကြားခဲ့သည်။
“ပြည်သူတွေအနေနဲ့ ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ ရွေးကောက်ပွဲအောင်မြင်မှုရရှိလာတဲ့ ပါတီများရဲ့ လုပ်ဆောင်ချက်တွေကို လေ့လာသုံးသပ်ပြီး ၂၀၂၀ ရွေးကောက်ပွဲကတော့ ၂၀၁၅ ရွေးကောက်ပွဲကလို ပါတီတစ်ခုတည်းကပဲ များများစားစား တောင်ပြိုကမ်းပြိုမနိုင်နိုင်ဘူး” ဟု ၎င်းက ပြောသည်။