
ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ပိုရှိကြသော တပ်ထွက်များက ကာလတိုလုပ်အားပေးသူတို့ကို တရားစွဲနေကြသည်ဟု ပြည်နယ်တစ်ခုတွင် နေထိုင်သော ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးက ပြောသည်။
ကော်မရှင်အဖွဲ့ခွဲများတွင် အများယုံကြည်လေးစားခြင်းခံရသူ ဒေသခံ ၃ ဦး အနည်းဆုံး ယာယီပါဝင်ခဲ့ရာ ထိုသူများမှာ အာဏာသိမ်းချိန်တွင် နီးစပ်ရာ တပ်စခန်းများအတွင်း အထိန်းသိမ်းခံခဲ့ရသည်။
လုံခြုံရေးအရ သတင်းမီဒီယာတွင် အမည်မဖော်စေလိုသော ကော်မရှင်အဖွဲ့ဝင်က ၎င်းတို့အပေါ် စွပ်စွဲချက်များ၊ ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ပုံ၊ ရပ်ရွာနှင့် နိုင်ငံအတွက် လုပ်အားပေးခဲ့ပုံအကြောင်း ပြောပြထားသည်။
ကော်မရှင် ဥက္ကဋ္ဌတွေကို ဘာပုဒ်မတွေနဲ့ စွဲတာလဲ။
အရေးယူတာက သူတို့ အချက်သုံးချက်နဲ့။ ပထမအချက် မဲစာရင်းမှားယွင်းမှု တဲ့။ ဒုတိယတစ်ချက်ကျတော့ မဲလက်မှတ်ပျောက်ဆုံးမှု တဲ့။ တတိယတစ်ချက်ကျတာ့ ဒီ အသက် ၆ဝ ကြိုတင်ဆန္ဒမဲပေးတာကို သွားရောက်ကြည့်ရှုအားနည်းမှုတဲ့၊ ဒီအချက်သုံးချက်နဲ့ ကျွန်တော်တို့ကို စွဲတာ။
ဒီသုံးချက်လည်း ကျွန်တော်တို့က ပထမနဲ့ ဒုတိယက ကိုယ်တိုင်လည်း လုပ်ရတာ မဟုတ်ဘူး။ ကျွန်တော်တို့ ဝင်ပြီး စီမံလည်း ရတာမဟုတ်ဘူး။ UEC က ညွှန်ကြားတဲ့အတိုင်းပဲ အားလုံးက ဆောင်ရွက်တာ။
ဒီလို တရားစွဲထားတယ်ဆိုတာ ဘယ်လိုသိရတာလဲ။ ဆင့်ခေါ်စာတွေ ဘာတွေ ရထားလား။
ဒီဇင်ဘာလဆန်းပိုင်းက ပထမ တစ်ချက်ကြားရတယ်။ ရုံးကို စာလာတယ်ပေါ့။ ကျွန်တော်တော့ သွားမကြည့်တော့ပါဘူး။ နောက်နှစ်ပတ်လောက်နေတော့ ရပ်ဆိုင်းလိုက်တယ်ဆိုပြီး လာပြန်ရော၊ ဒီဇင်ဘာ ပထမပတ်ဖြစ်မယ်၊ ကျွန်တော် သိပ်ပြီးတော့ မမှတ်မိဘူး၊ သိပ်စိတ်မဝင်စားတော့ဘူး။ နောက်တော့ ဒီ ဒီဇင်ဘာလကုန်ပိုင်းကျတော့ UEC ကနေ အရေးယူမယ်ဆိုတဲ့ စာရောက်တယ် ပြောတယ်။ အခု ဇန်နဝါရီလဆန်းပိုင်းတော့ သူတို့ တင်ပြီထင်တယ်။

မဲစာရင်း မှားလို့ ဆိုပြီး အာဏာသိမ်းခဲ့တယ်။ အာဏာသိမ်းပြီး တစ်နှစ်လောက်ကြာမှ တရားထစွဲတယ်။ ဒီလုပ်ရပ်ကိုရော ဘယ်လိုမြင်သလဲ။
မဲစာရင်းမှားယွင်းမှုဆိုတာက ကျွန်တော်တို့နဲ့ မသက်ဆိုင်ဘူး။ မဲစာရင်းတည်ဆောက်တာ ကောက်တာက ရုံးလုပ်ငန်းပိုင်းနဲ့ ဆိုင်တယ်။ မဲစာရင်းကောက်တဲ့ဥပဒေအရကကို ဒီထွေအုပ်နဲ့ ရပ်ကျေးစာရေးနဲ့ ရပ်ကျေးကော်မရှင်တွေက ကောက်မယ်။ အတွင်းရေးမှူးက ဦးဆောင်ပြီး ကောက်ပြီးရင် ကောက်ပြီးမှ လဝကကို စိစစ်ဖို့ပေးတယ်။ လဝကကနေ စိစစ်ပြီးမှ ရှင်းရှင်းလင်းလင်းဖြစ်ပြီဆိုမှ မြို့နယ်ကော်မရှင်ကို ပေးပြီးမှ မဲစာရင်းပြုစုတာ။ ဥပဒေအရ အဲလိုရှိတယ်။
အဲဒါ မဲစာရင်းမှားယွင်းမှုကြောင့်ဆိုတော့ ကျွန်တော်တို့ကို တရားစွဲတယ်။ ကျွန်တော်တို့ လုပ်ဆောင်တာ မဟုတ်ဘူးလေ။ ရုံးပိုင်းဆိုင်ရာက ကျွန်တော်တို့ ဝင်စွက်ဖက်လို့မရဘူး။ စီမံပိုင်း၊ ငွေရေးကြေးရေးပိုင်း၊ Admin (အုပ်ချုပ်ရေး) ပိုင်း အကုန်လုံး ရွေးကောက်ပွဲအရာရှိပဲ ဆောင်ရွက်တာ။
မဲလက်မှတ်ပျောက်ဆုံးမှုဆို မဲလက်မှတ်သွားထုတ်တာလည်း ကျွန်တော်တို့မပါဘူး။ အများယုံကြည်တဲ့ ပုဂ္ဂိုလ်မလိုဘူး၊ ဒါ ရုံးလုပ်ငန်းပိုင်းနဲ့ ဆိုင်တယ်ဆိုတော့ ပြည်နယ်အရာရှိ၊ ခရိုင်အရာရှိတွေပဲ သူတို့ပဲ သွားပြီးတော့ ထုတ်လာတာ။ ထုတ်လာပြီးမှ ကျွန်တော်တို့ ဒီကနေစောင့်။ ခွဲခြမ်းစိတ်ဖြာတာက သူတို့ဟာသူတို့ ခွဲတယ်၊ သူတို့ဟာသူတို့ သယ်သွားတယ်၊ ကျွန်တော်တို့က သွားရောက်ကြည့်ရှုတယ်။ ဘယ်မြို့နယ်၊ ဘယ်မြို့နယ် ယူပြီး၊ မယူပြီး ကျွန်တော်တို့ လိုက်မှတ်တယ် ကြည့်တယ်၊ ဒါပဲ။
ပျောက်တာတို့၊ ခွဲဝေတာတို့ ဘယ်လောက်လဲဆိုတာလည်း ကျွန်တော်တို့ကို မပေးပါဘူး။ ကျွန်တော်တို့လည်း မမေးမိဘူး၊ ကျွန်တော်တို့လုပ်ငန်းပိုင်းမဟုတ်တော့။
ရွေးကောက်ပွဲရဲ့ စလယ်ဆုံး အဓိကလုပ်ငန်းဆောင်ရွက်တာက ရွေးကောက်ပွဲအရာရှိပဲ။ ရွေးကောက်ပွဲအရာရှိကတော့ ဘာမှမဖြစ်ဘဲနဲ့ သူတို့က တရားလိုဖြစ်ပြီးတော့မှ အများယုံကြည်တဲ့ ပုဂ္ဂိုလ် ကျွန်တော်တို့ကျတော့ တရားခံ။
ကျွန်တော်တို့က ဘာမှ လုပ်ပိုင်ခွင့်မရှိတဲ့သူက တရားခံဆိုတော့ ဘာပြောရမှန်းလည်း မသိတော့ဘူး။
သူတို့စွဲတဲ့ဟာမှန်သမျှ ကျွန်တော်တို့က အကုန်လုံးချေပလို့ရတယ်။ ကျွန်တော်တို့မှာ ဒါမှားယွင်းမှု မရှိဘူး။
အခု တရားစွဲတဲ့ကိစ္စမှာ တရားလိုလုပ်တဲ့ ရွေးကောက်ပွဲအရာရှိဆိုတာက ဘယ်လိုရာထူးမျိုးတွေဖြစ်မလဲ။
ရွေးကောက်ပွဲအရာရှိဆိုတာက ခရိုင်အတွင်းရေးမှူးတွေ၊ ပြည်နယ်အတွင်းရေးမှူးတွေ၊ မြို့နယ်အတွင်းရေးမှူးတွေ၊ သူတို့က ဦးစီးအရာရှိကနေ စတာကိုး။ ခရိုင်ဆိုရင် လက်ထောက်ညွှန်ကြားရေးမှူး။ ပြည်နယ်ဆိုရင် ဒုညွှန်မှူးတွေ ထားတာလေ။ သူတို့က တပ်ကနေ အသွင်ပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါကြောင့်မို့ သူတို့ကို အရေးမယူတာလား ဘာလားတော့ မသိဘူးလေ။ အခုအခြေအနေက သွားဝင်စွက်ဖက်ပြောရင်လည်း မကောင်းဘူး။ ပြောလို့လည်းမရဘူး။
အခု အမှုနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖို့ရှိလဲ။
ကျွန်တော်ကတော့ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ ကျွန်တော့်အောက်က ခရိုင်အဖွဲ့တွေ မြို့နယ်အဖွဲ့တွေကို အကြောင်းကြားစရာရှိတာ ကြားထားပါပြီ။ စိတ်မပူကြဖို့။ ၁၇၁ နဲ့ပဲ စွဲရင် အမြင့်ဆုံးက ငွေဒဏ်ပဲရှိတယ်။ အဲဒါနဲ့ စွဲမယ်ပြောတယ်။
အချို့တွေကျတော့ စိတ်ပူတယ်လေ။ ဝန်ထမ်းတွေ၊ ပင်စင်စားတွေ၊ သက်ကြီးပိုင်းတွေများတယ်။ အဲဒါ သူတို့လည်း ပင်စင်ထိခိုက်မှာလည်း စိုးရိမ်ကြတယ်။ စိုးရိမ်ပြီးတော့ သူတို့ဖုန်းဆက်လာကြတယ်။ ကျွန်တော်တို့လည်း ဝန်ထမ်းတွေပဲ။ ငွေဒဏ်တောင်မှ ပင်စင်လစာရဲ့ တစ်ဝက်ကျော်တာနဲ့ အဲဒီပင်စင်က ပြုတ်ပြီ။ မရတော့ဘူး။ အများယုံကြည်တဲ့ ပုဂ္ဂိုလ်အများဆုံးက ဝန်ထမ်းအငြိမ်းစားတွေများတယ်။ ၇ဝ ရာခိုင်နှုန်းက ဝန်ထမ်းအငြိမ်းစားတွေပဲ။
အသက်ကြီးတဲ့သူတွေကျတော့ သနားဖို့လည်းကောင်းပါတယ်။ စေတနာနဲ့လည်း ကူညီဆောင်ရွက်တယ်။ အခုလည်း အရေးယူလည်း ခံရဦးမယ်။ ဘာမှ အကျိုးခံစားခွင့်လည်း မရှိပါဘူး။ သူတို့ ထောက်ပံ့ကြေးငွေပေးတယ်ဆိုတာလည်း မဖြစ်စလောက်ပါ။ အယောက်တိုင်းစေ့ ရတာမဟုတ်ဘူး။ အလှည့်ကျလေးနဲ့ သုံးလ၊ လေးလလောက်လေး ရတဲ့ဟာ။ နောက်ဆုံးကျတော့ အရေးယူခံရရင် ပင်စင်ပါပြုတ်မယ်ဆိုတော့ အားလုံးက စိတ်မကောင်းဘူးပေါ့ဗျာ။
လုပ်လည်း လုပ်ပေးရသေးတယ်။ နောက်နောင်ဆိုရင် လုပ်ရမယ့်သူတွေ တော်တော်ရှာဖို့က ခက်သွားမယ်။ အခုတောင် မနည်းစည်းရုံးပြီးမှ လုပ်ကြရတာလေ။
အခုလုပ်တဲ့ မဲစာရင်းမှားယွင်းမှုတို့ဘာတို့က ဆိုတာ သူတို့ လာလည်းစစ်ပြီးပြီ။ ကျွန်တော်ပါ လိုက်သွားတယ်။ လိုက်ပြီးတော့ စစ်တယ်။ ဘာမှ အမှားအယွင်းလည်းမရှိဘူး။ ဥပမာ ဒီမဲရုံတစ်ရုံကို လူ ၅ဝဝ အောက် မဲပေးရမယ်ဆိုရင် ၇ဝဝ၊ ၈ဝဝ လောက် ပေးထားတယ်လို့ သူတို့က ထင်နေတာ။ အဲဒါနဲ့ မဲရုံတစ်ရုံချင်းကို သူတို့က ဖွင့်ဖောက်စစ်ဆေးလိုက်တာ။ မဲထုပ်က မဲပေးတဲ့နေ့မှာပဲ ချိပ်ပိတ်ပြီးတော့မှ တစ်ခါတည်း ချိပ်တံဆိပ်တွေ ဘာတွေ ရိုက်ပြီးတော့မှ ထားထားတာ။ ဘယ်သူမှ ဖြည်လို့မရဘူး။
အဲဒါ သူတို့ UEC က သူတို့ လာပြီး ဖွင့်ဖောက်တယ်။ လာစစ်တယ်။ ကြည့်လိုက်တဲ့အခါမှာ တစ်မြို့နယ်မှ မကျော်ဘူး။ ဥပမာ လူ ၅ဝဝ လောက်ပေးရမဲ့ မဲရုံမှာ အများဆုံး ၄ဝဝ အလျော့ပဲ ရှိတယ်။ အပိုမရှိဘူး။ အဲတော့ ဘာမှမရှိဘူး၊ ရှင်းရှင်းလင်းလင်းဖြစ်တယ်ဆိုပြီးတော့မှ ပြန်သွားကြတာ။
အဲဒီလို လာစစ်တာက ဘယ်အချိန်လောက်ကလဲ။
မမှတ်မိတော့ဘူး။ အဲတုန်းကတော့ ထူးခြားမှုဘာရှိလဲဆိုတော့ မရှိပါဘူး တဲ့၊ အားလုံး ရှင်းရှင်းလင်းလင်းရှိပါတယ်ဆိုပြီး ပြန်သွားတာ။ အခုကျမှ ဘာလို့လဲ မသိဘူး၊ အရေးယူဆိုတော့ ထပ်ပြီးတော့ ပေါ်လာတာ။
ကျွန်တော်တို့ကို ရွေးကောက်ပွဲကော်မရှင်ကနေ အနားယူခွင့်ပြုလိုက်ပြီးဆိုတဲ့စာလည်း ဟိုအောက်တိုဘာလကတည်းက သူတို့စာထုတ်လာပြီးသား၊ ကျွန်တော်တို့လက်ထဲလည်း ပေးထားပြီးသား၊ ခွင့်ပြုလိုက်ပါပြီ၊ သူတို့ အသစ်ဖွဲ့စည်းတော့ပါမယ်ဆိုပြီးတော့။ အခုဖွဲ့စည်းထားတဲ့ UEC အသစ်ကပေါ့။

တရားစွဲတာနဲ့ ပတ်သက်ပြီး နောက်ဆုံး ဘာသိထားလဲ။
ဒီလဆန်းပိုင်းမှာ တင်ပြီလို့တော့ ပြောပါတယ်။ ရွေးကောက်ပွဲအရာရှိကနေပြီးတော့မှ အမှုတွဲတည်ဆောက်ပြီးတော့မှ တရားရုံးကို တင်မယ်၊ တရားရုံးကနေ ရဲကို ချပေးမယ်၊ ရဲကနေပြီးတော့မှ ထွက်ဆိုချက်တွေ၊ စစ်ချက်တွေ အကုန်လုံးပြန်ယူပြီးတော့မှ တရားရုံးကို ပြန်တင်မယ်။
တရားရုံးကနေပြီးတော့ ဖတ်ပြီး ဘာပြီးပြီဆိုတော့မှ ကျွန်တော်တို့ကို ဒီအများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေကို ပြန်ခေါ်မယ်၊ ရုံးထိုင်မယ်၊ မေးမယ်၊ စစ်ချက်တွေဘာတွေ ယူမယ်ပေါ့ အဲအခါကျမှ။ အမှုအသွားအလာတော့ အဲဒီပုံစံ သွားလာမယ်လို့တော့ သိထားတယ်။
တရားစွဲတာနဲ့ ပတ်သက်ပြီး အခြေအနေက ဘယ်လိုရှိလဲ။
စွဲမဲ့ပုဂ္ဂိုလ်သည် ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး(ရွေးကောက်ပွဲအရာရှိအတွင်းရေးမှူး)အဆင့် ဖြစ်ရမယ်။ လက်ထောက်ညွှန်ကြားရေးမှူးက သူက တရားလို။ ဦးစီးအရာရှိ မြို့နယ်တွေက သူတို့က သက်သေ။ သူတို့ ဝန်ထမ်းတွေအားလုံးကို စွဲခိုင်းတယ်၊ သက်သေခံခိုင်းတယ်။ ကျွန်တော်တို့ အများကြည်ညိုတွေကိုကျတော့ တရားခံလုပ်ခိုင်းတယ်။ အဲဒီသဘော။
အာဏာသိမ်းစက အဖမ်းခံခဲ့ရတဲ့ အခြေအနေ၊ ကြုံတွေ့ခဲ့ရတာကိုလည်းပြောပြပါဦး။
သုံးလပိုင်း ၆ ရက်လား၊ ၇ ရက်လားမသိဘူး ကျွန်တော်တို့ကို ပြန်လွှတ်တယ်။ ဘာမှ လက်မှတ်တွေတော့ မထိုးခိုင်းပါဘူး။ ကောင်းကောင်းလည်း ပေးနေပါတယ်၊ ကောင်းကောင်းလည်း ကျွေးပါတယ်။ ဒါပေမဲ့ မသွားရ၊ မလာရ၊ မဆိုရ၊ ဟိုဖုန်းမဆက်ရ၊ ဒီနယ်မကျော်ရ၊ ဒီပရိဝုဏ်အတွင်းထဲမှာပဲ နေရမယ်ဆိုတဲ့ စည်းကမ်းချက်တော့ ရှိတာပေါ့။ အဲဒီမှာ တစ်လကျော်၊ အဲဒါလည်း တစ်နိုင်ငံလုံးအတိုင်းအတာ ခေါ်ထားတယ်။
အများယုံကြည်နေရာမှာ ရှိတဲ့သူတွေက ဘယ်လိုအချက်အလက်တွေ ပြည့်စုံမှ ရွေးချယ်ခံရလဲ။
ကျွန်တော်တို့ အများယုံကြည်တဲ့ ပုဂ္ဂိုလ်သည် ဘယ်ပါတီဝင်မှ မဖြစ်ရဘူး။ နောက်ပြီး ဘယ်ဌာနရဲ့ လစာစားသောသူ မဟုတ်စေရဘူး။ ပြီးတော့ အများယုံကြည်သူဖြစ်ဖို့အတွက် ဩဇာတိက္ကမ သင့်တင့်လျောက်ပတ်ရှိသူဖြစ်ရမယ်လို့ သတ်မှတ်ထားတယ်။
ဖြစ်နိုင်ရင် ဒေသခံကို ပိုဦးစားပေးတာ။ တိုင်းရင်းသားဒေသခံတွေ မရှိမှ ပြည်မကလာတဲ့ တိုင်းရင်းသားတွေ၊ ဝန်ထမ်းဟောင်းတွေကို သူတို့ရွေးချယ်တယ်။

စစ်ကောင်စီရဲ့ ဒီလုပ်ရပ်ကြောင့် နောက်ဆက်တွဲ အကျိုးသက်ရောက်မှုက ဘယ်လိုရှိလာနိုင်မလဲ။
အခု ဒီလိုလုပ်ရင် နောက် လာကူညီလုပ်ကိုင်ဆောင်ရွက်ပေးမဲ့ အများယုံကြည်တဲ့ပုဂ္ဂိုလ်နေရာ ဘယ်သူမှ လုပ်မှာမဟုတ်တော့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ စေတနာနဲ့လည်း ဆောင်ရွက်ပေးရတယ်၊ အရေးယူလည်းခံရတယ်ဆိုတော့ ဘယ်လိုပြောရမလည်း နောက်နောင်ရှိလည်း ဝေးဝေးကနေပဲ နေတော့မယ်။ ဝေးဝေးသာနေမယ်လို့သာပြောတာ တကယ့်တကယ် အရေးအကြောင်းဆိုတော့လည်း ရှောင်နိုင်မဲ့ အခြေအနေတော့ မရှိဘူးထင်တယ်။ ကိုယ်မလုပ်ရင် ဘယ်သူလုပ်မလဲဆိုတဲ့ စိတ်ဓာတ်နဲ့ပေါ့။ ကိုယ်ခံစားနေတဲ့အချိန်သာ မလုပ်တော့ဘူးကွာ၊ ဘာဖြစ်တယ် ညာဖြစ်တယ်သာ ပြောတာ၊ တကယ့်အရေးကြုံလာတော့လည်း မှန်ကန်တဲ့၊ တရားမျှတဲ့ လုပ်ငန်းတွေကို ပြန်လုပ်ရတာပဲ။ ပြောရရင်တော့ လောလောဆယ် စိတ်ကုန်တယ်ပေါ့။ စိတ်ညစ်ရတယ်။
ဘယ်လိုရည်ရွယ်ချက်နဲ့ တရားစွဲတာလို့ ထင်လဲ။
သူတို့က အရေးယူတာ ဘာရည်ရွယ်ချက်နဲ့လည်းတော့ ကျွန်တော်က မပြောတတ်ဘူး။ ကျွန်တော်တို့ အများယုံကြည်တဲ့ ပုဂ္ဂိုလ်တွေပဲ ကွက်ပြီးယူတယ်။
အဓိက ကော်မရှင်မှာ ပါဝင်လုပ်ဆောင်တဲ့သူတွေအားလုံးက ဌာဆိုင်ရာတွေလည်းပါတယ်။ ထွေအုပ်တို့၊ လဝကတို့၊ ပညာရေးတို့၊ ကျန်းမာရေးတို့၊ စာရင်းစစ်တို့ ဌာန ကိုးခုလောက်ရှိတယ်။
နောက် ကျွန်တော်တို့ အများယုံရယ် ရွေးကောက်ပွဲတာဝန်ခံအရာရှိပေါ့ သူတို့တွေနဲ့ပဲ အကုန်လုံးပေါင်းလုပ်တာ။
ဒီရုံးလုပ်ငန်းပိုင်းဆိုရင် ကော်မရှင်အရာရှိတွေပဲ လုပ်တာ။ ကျွန်တော်တို့က ပြင်ပကနေ သွားရောက်ပူးပေါင်းပြီး ကူညီဆောင်ရွက်တာပဲ ရှိတယ်။ ဥပမာ တပ်မဲရုံ အပြင်ထုတ်မယ်ဆိုရင် ဘယ်နားမှာ ထားသင့်တယ်၊ မြေနေရာအကျယ်အဝန်းက မဲရုံစံချိန်စံညွှန်းနဲ့ ညီအောင်ဆို ကျွန်တော်တို့က နေရာတွေ လိုက်ရှာတယ်၊ ကော်မရှင်အရာရှိတွေနဲ့ တိုင်ပင်တယ်၊ အတည်ပြုတယ်၊ ဒါတွေပဲ ဆောင်ရွက်ပေးတာ ကျွန်တော်တို့က။ အခုက ကျွန်တော်တို့ကို အရေးယူတယ်ဆိုတော့ ကျွန်တော်တို့လည်း မပြောတတ်တော့ဘူး။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)