စစ်ကောင်စီတပ်သားတချို့က စစ်ကိုင်းတိုင်း၊ ကျေးရွာအများအပြားကို လိုက်လံမီးရှို့နေချိန်တွင် တချို့က လက်နက်ကိုင်ခုခံမှုမရှိသော ဒေသများတွင် တစ်အိမ်တက်ဆင်း သွားလာနေသော ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ရှိနေသည်။
ထိုသို့ သွားလာပြီး လူစာရင်းကောက်မှုကို ဇန်နဝါရီလဆန်းက စတင်ပြီး နိုင်ငံအနှံ့အပြားတွင် တွေ့လာရသည်။ စာရင်းကောက်ယူမှုသည် ယခုနှစ်အတွင်း စစ်ကောင်စီပြုလုပ်ဖွယ်ရှိသည့် ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေးအတွက် ဖြစ်သည်ဟု အများက နားလည်ထားကြသည်။
မကွေးတိုင်းမှ ဒေသခံတစ်ဦးက စာရင်း လာရောက် ကောက်ယူသူတို့က အရပ်သားများကဲ့သို့သာ ဝတ်ဆင်ထားကြသည်ဟု ဆိုသည်။
“ယူနီဖောင်းတွေနဲ့ မဟုတ်ဘူး၊ မဝတ်ရဲကြဘူး။ အချို့ရပ်ကွက်တွေမှာ စစ်သားတွေက နောက်ကနေ သေနတ်တွေကိုင်ပြီး လိုက်ကြတယ်” ဟု မကွေးမြို့ရှိ အသက် ၄၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ပြောသည်။
ယခင်ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် ၂၀၂၃ ရွေးကောက်ပွဲမဲစာရင်းအတွက် လူဦးရေစာရင်း ကောက်ယူမှုသည် နောက်ကျနေပြီး ထိုသို့ ကွင်းဆင်း စာရင်းပြုစုသူတို့ လုံခြုံရေးအတွက်လည်း အာဏာသိမ်း စစ်ကောင်စီက စီစဉ်ပေးထားရသည်ကို တွေ့ရသည်။
အကြောက်တရား
စစ်တပ်က ၂၀၁၀ ရွေးကောက်ပွဲကို လူထုထောက်ခံမှုအားကောင်းသော ပါတီကြီးများ မပါဝင်နိုင်ရန် စီစဉ်ခဲ့ပြီး ၎င်းတို့၏ အင်အားစု အနိုင်ရစေရန် လုပ်ဆောင်နိုင်ခဲ့ရာ ယခုတစ်ကြိမ်တွင်လည်း အနိုင်ရရေး ပိုသေချာနေသည်။
ထိုစဉ်က ရွေးကောက်ပွဲကြီးကြပ် စီစဉ်ခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကိုပင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌအဖြစ် ထပ်မံခန့်ထားခြင်း၊ ရွေးကောက်ပွဲအတွက် တက်ကြွသည့် ပါတီတချို့ ရှိနေခြင်း၊ ရွေးကောက်ပွဲပုံစံကို စိတ်ကြိုက် ပြင်ဆင်ထားခြင်း၊ စစ်တပ်က အာဏာသိမ်းထားခြင်းတို့သည် ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလ အခြေအနေများနှင့် ထပ်တူကျနေသည်။
ဤအတောအတွင်း စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း ပြောဆိုသည့်နိုင်ငံ မရှိသေးဘဲ ကန့်ကွက်သည့်နိုင်ငံများသာ ရှိနေသည်။ ပြည်တွင်းတွင်လည်း အာဏာသိမ်းပြီး ပစ်ခတ် ဖမ်းဆီးမှု ဆက်တိုက် လုပ်ဆောင်နေသော စစ်ကောင်စီအပေါ် လူထုသဘောထား မည်သို့ရှိသည်ကို ကာလတိုအတွင်း ၂ ကြိမ် တွေ့ခဲ့ရပြီးဖြစ်သည်။
စစ်တပ်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဘာသာရေးအစွန်းရောက်အဖွဲ့တို့တွင် ပါဝင်သူ အများအပြားရှိသည့် ရန်ကုန်တွင် သတ်မှတ်ရက်၊ သတ်မှတ်ချိန်အတွင်း အိမ်ပြင်မထွက်သည့်နည်းဖြင့် စစ်ကောင်စီကို အသံတိတ် ဆန္ဒပြကြရာ လမ်းပေါ်တွင် ခြောက်ကပ် တိတ်ဆိတ် လူရှင်းသွားခဲ့ဖူးသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ စသည့် တော်လှန်ရေးအင်အားစုတို့က စစ်ကောင်စီက ပြုလုပ်မည့် ရွေးကောက်ပွဲကို ပြည်သူများ ပါဝင်ပတ်သက်ခြင်းမပြုရန်အတွက် ကြေညာချက်အသီးသီး ထုတ်ပြန်ထားသည်။
ဤသို့သော အခြေအနေတွင် လူစာရင်းကောက်ယူသူများက ရွေးကောက်ပွဲဟူသော စကားလုံးကို သုံးရန် ခက်ခဲလာသည်။
ခုခံ တိုက်ခိုက်မှုနည်းပါးသည့် ဧရာဝတီတိုင်းတွင် လူဦးရေစာရင်း ကောက်ယူနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပညာရေးဝန်ထမ်းများကို စကားလုံးအသုံးအနှုန်း သတိထားရန် ညွှန်ကြားထာသည်ဟု သိရကြောင်း အသက် ၂၈ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။
“ရွေးကောက်ပွဲအတွက် ကောက်တာမဟုတ်ဘူးလို့ ပြန်ဖြေဖို့ သူတို့မှာတယ်။ မလုံခြုံတဲ့နေရာတွေဆိုရင်တော့ သူတို့လိုက်ပြီး လုံခြုံရေးယူပေးမယ်လို့လည်း ပြောတယ်” ဟု ပညာရေးဌာနနှင့် နီးစပ်သည့် ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှ အထက်ပါ ဒေသခံက ပြောသည်။
စာရင်းကောက်ယူသူတို့က ကချင်ပြည်နယ် စစ်ရှောင်စခန်းများသို့လည်း သွားကြသည်။
စစ်ကောင်စီ ထိန်းချုပ်နယ်မြေအတွင်းရှိ စစ်ဘေးဒုက္ခသည်တို့က လူဦးရေစာရင်းစာရွက်ပုံစံတွင် ဖြည့်စွက်ရေးသားခြင်း မပြုလိုသော်လည်း ပူးပေါင်းဆောင်ရွက်ပေးကြသည်ဟု မြစ်ကြီးနားမြို့နှင့် ၁၀ မိုင်ခန့်အကွာရှိ စစ်ရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူက ပြောသည်။
“စခန်းမှာရှိတဲ့ အချို့ကတော့ ကြောက်နေတဲ့ပုံရှိတယ်၊ ဆိုလိုတာကတော့ သိပ်တော့ မဖြည့်ချင်ကြဘူး။ ဖိအားပေးလာမှာကို ကြောက်တာ” ဟု ထိုစခန်းမှ ဒုတိယတာဝန်ခံက ဆိုသည်။
နေပြည်တော် စစ်ဆေးမှု
မဲစာရင်းမှန်ကန်စေရန် ဇန်နဝါရီ ၃၁ ရက်နေ့အထိ လူဉီးရေဆိုင်ရာ စာရင်းအချက်အလက်များ တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်ယူမည်ဟု နေပြည်တော်ကောင်စီက ထုတ်ပြန်ထားပြီးဖြစ်သည်။
ဤသို့သော ထုတ်ပြန်ချက်မျိုးကို စစ်ကောင်စီ ထိန်းချုပ်ရ ခက်ခဲသော အခြားဒေသများတွင် တွေ့ရလေ့မရှိပေ။
ယနေ့ (ဇန်နဝါရီ ၁၁) ထုတ်ဝေသော စစ်ကောင်စီ၏ သတင်းစာများတွင်မူ ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကို မြို့နယ်အသီးသီးတွင် လိုက်လံ ကောက်ယူပုံသတင်းများ ဝေဝေဆာဆာ ဖော်ပြထားသလို မြန်မာ့အလင်းသတင်းစာ အယ်ဒီတာ့ အာဘော်တွင်လည်း “ပြည်သူလူထုအနေဖြင့် မိမိတို့နေထိုင်ရာ ရပ်ကွက်/ကျေးရွာတွင် အိမ်ထောင်စုလူဦးရေစာရင်းကောက်ယူမှုများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် လိုသည်” ဟု တိုက်တွန်းထားသည်။
နေပြည်တော်ရှိ ပျဉ်းမနားမြို့နယ်မှ တပ်ပိုးရပ်ကွက်၊ ဇဗ္ဗူသီရိမြို့နယ်မှ ရပ်ကွက်နှစ်ခု၊ ဗုဗ္ဗသီရိမြို့နယ် ရွာတော်ရပ်ကွက်တို့တွင် ဧည့်စာရင်း ဝင်ရောက်စစ်ဆေးကြောင်း စုံစမ်းသိရှိရသည်။
စစ်ဆေးသည့်အဖွဲ့က အိမ်တိုင်းသို့ဝင်ရောက်ခြင်း မဟုတ်သေးကြောင်း နေပြည်တော်ရှိ အမည်မဖော်လိုသော အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
“ဒီအိမ်စစ်ထားလို့ နောက်တစ်ခါလာရင် မစစ်တော့ဘူးပေါ့၊ ဘာအတွက်စစ်လဲတော့ မပြောဘူး၊ ရွေးကောက်ပွဲရယ်၊ ပွဲတော်တွေရှိတော့ လုံခြုံရေးရယ် ဒါကြောင့်ပဲ ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင်မူ ပြည်သူတို့က မဲစာရင်းကောက်သူတို့ကို ရေလိုက်ငါးလိုက် ဆက်ဆံကြသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
“အနေအထားကတော့ အေးရာအေးကြောင်းပါပဲ။ စိတ်တောင်ဝင်စားရဲ့လား မသိဘူး ပြောရမယ်” ဟု သံတွဲမြို့ခံ အမျိုးသမီးက ဆိုသည်။
စာရင်းကောက်အဖွဲ့ကို တိုက်ခိုက်ခြင်း
ယခင်ရွေးကောက်ပွဲအတွက် အုပ်ချုပ်ရေး၊ လူဝင်မှုကြီးကြပ်ရေး၊ ရွေးကောက်ပွဲကော်မရှင် စသည့် ဌာနဆိုင်ရာဝန်ထမ်းများ လူစာရင်းကောက်ယူမှုအတွက် အင်အားလိုအပ်လျှင် ကျောင်းဆရာဆရာမ၊ ကြက်ခြေနီအဖွဲ့ဝင်ကဲ့သို့သော လုပ်အားပေးများ၏ အကူအညီ ယူခဲ့ကြသည်။
ရွေးကောက်ပွဲမတိုင်မီ ၁၅ လ အလိုကပင် စာရင်းကောက်အဖွဲ့ မြေပြင်သို့ ရောက်ရှိခဲ့သည်ကို တွေ့ရသည်။
မကွေးတိုင်း ပခုက္ကူမြို့ခံတချို့က ၎င်းတို့ဒေသတွင်း အိမ်ထောင်စုစာရင်းများလိုက်လံကောက်ယူသည့် အဖွဲ့တွင် ၄ ဦးပါဝင်ပြီး အုပ်ချုပ်ရေး၊ ပညာရေးဌာနဝန်ထမ်းများ၊ စစ်ကောင်စီလက်နက်ကိုင်များ ဖြစ်သည်ဟု ဆိုသည်။
စာရင်းလာကောက်သူတို့က သန်းခေါင်စာရင်းတွင် ပါဝင်သည့် မိသားစုဝင်အရေအတွက်နှင့် တိုက်ဆိုင် စစ်ဆေးကြသည်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) သို့ ဝင်ရောက်ခြင်း ရှိမရှိပင် မေးမြန်းခံရသည်ဟု ပခုက္ကူဒေသခံတစ်ဦးက ပြောသည်။
“သားက အိမ်မှာမရှိတော့ ဘယ်သွားလဲ၊ ဘာလုပ်နေလဲ ဆိုတာကို မေးတာ။ လက်နက်ကိုင်ထားတဲ့ စစ်သားက PDF လုပ်နေတာလားဆိုပြီး ဝင်မေးတယ်” ဟု ပခုက္ကူမြို့မှ အသက် ၅၀ အရွယ် အမည်မဖော်လိုသူ ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
“(စစ်ကောင်စီတပ်သားတွေက) သေနတ်ကိုင်ထားတော့ အိမ်ရှိ လူကြီးတွေအတွက် စိုးရိမ်တယ်” ဟုလည်း ပြောသည်။
ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ကိုကျော့ဖေက မြို့ပေါ်ရပ်ကွက် ၆ ခုကို လူဦးရေစာရင်း မကောက်ခင် ညတွင် စစ်ကောင်စီက လျှပ်စစ်မီး ဖြတ်တောက်လိုက်သည်၊ ရပ်ကွက်အတွင်း လက်နက်ကိုင်တပ်သားများ ဖြန့်ထားသည်ဟု သိရကြောင်း ပြောသည်။
စာရင်းကောက်ရာတွင်လည်း တချို့ကို သန်းခေါင်စာရင်းပါ လူဦးရေအတိုင်း နေအိမ်တွင် ရှိနေကြောင်း လက်မှတ်ထိုးခိုင်းသည်ဟု သူက ဆက်ပြောသည်။
ရန်ကုန်တိုင်းတွင် တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူသလို အချို့သောမြို့နယ်များတွင်မူ ရပ်ကွက်ရုံးများသို့ သွားရောက်၍ စာရင်းပေးကြရသည်၊ အိမ်ထောင်စုစာရင်းပါ မိသားစုဝင်များ နေအိမ်တွင်မရှိပါက အသေးစိတ် စစ်ဆေးသည်ဟုလည်း မြို့ခံတို့က ဆိုကြသည်။
စစ်ကောင်စီကလည်း လက်နက်ကိုင်ခုခံသူတို့ လှုပ်ရှားနိုင်သည့် ရပ်ကွက်ကျေးရွာဆိုလျှင် စာရင်းကောက်ယူခြင်း မရှိသေးပေ။
သို့သော်လည်း ဇန်နဝါရီ ၉ ရက်နေ့က တနင်္သာရီတိုင်းတွင် လောင်းလုံးမြို့နယ်မှ စာရင်းကောက်အဖွဲ့တစ်ဖွဲ့ကို ဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးသမားတို့က ပစ်ခတ်ရာ ရဲတစ်ဦး သေဆုံးသွားသည်။
“မဲစာရင်းလိုက်ကောက်နေတဲ့အချိန်မှာ ကျွန်တော်တို့ သွားပစ်တာ။ ကျန်တဲ့စာရေးတွေကို မပစ်ဘူး။ လက်နက်ကိုင်ထားတဲ့ နှစ်ယောက်ကိုပဲ ပစ်တာ” ဟု လောင်းလုံး PDF တာဝန်ခံက ပြောသည်။
“စစ်ကောင်စီကလုပ်မဲ့ ရွေးကောက်ပွဲကို ပြည်သူလူထုတစ်ရပ်လုံးက လက်မခံဘဲ ဆန့်ကျင်နေတဲ့အချိန်မှာ စစ်ကောင်စီအလိုကျ ရွေးကောက်ပွဲဖြစ်မြောက်အောင် ပြည်သူကို ဆန့်ကျင်ပြီး လုပ်နေကြတာဆိုတော့ သွားရောက်ရှင်းလင်းလိုက်တာဗျ”
မဲစာရင်း ဆက်လက်ကောက်ယူပါက နောက်ဆက်တွဲဖြစ်စဉ်များကို တာဝန်ယူမည်မဟုတ်ကြောင်း လောင်းလုံး PDF က သတိပေးထားသည်။
မဲစာရင်း မှန်ကန်ရေး အလားအလာ၊ စာရင်းကောက်အဖွဲ့ တိုက်ခိုက်ခံရပုံအကြောင်းများကိုမူ စစ်ကောင်စီက သတင်းအမှောင်ချထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)