ရွေးကောက်ပွဲအတွေးအမြင်

စစ်ကျွန်ဇာတ်သွင်းရေး အစီအစဉ်နှင့် အရှုံးသမားပါတီများ၏ ပူးပေါင်းမှု

အာဏာသိမ်းမှုနှင့်အတူ အသက်ဝိညာဉ်ကင်းမဲ့သွားပြီဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မင်းအောင်လှိုင်နှင့် စစ်အုပ်စုက ၎င်းတို့အာဏာတည်မြဲရေးအတွက် လိုသလို အသုံးချနေရာ ယခုနောက်ဆုံး ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် ကြိုးပမ်းမှုတွင်လည်း ထပ်မံတွေ့မြင်လာရသည်။ 

မကြာသေးခင်က စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်သည် နေပြည်တော် လွှတ်တော်အဆောက်အအုံပုံ၊ အစိမ်းရောင်မျက်နှာဖုံးနှင့် စာအုပ်တစ်အုပ်ကို ထုတ်ဝေခဲ့သည်။  

စာမျက်နှာ ၁၆၅ မျက်နှာရှိပြီး “မြန်မာနိုင်ငံတွင် ပြောင်းလဲကျင့်သုံးမည့် အချိုးကျကိုယ်စားပြုစနစ်” ဟု ခေါင်းစဉ်တပ်ထားသည့် ထိုစာအုပ်တွင် ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System – PR) ပြောင်းလဲရန် အာဏာသိမ်းစစ်ကောင်စီခန့် တရားမဝင်ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဆွေးနွေးသဘောတူညီခဲ့မှု မှတ်တမ်းများ စုစည်းဖော်ပြထားသည်။ 

စာအုပ်စိမ်းပါ အချက်အလက်များအရ စစ်ကောင်စီသည် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးလွှတ်တော် ရွေးကောက်ပွဲများကို PR စနစ် ပြောင်းလဲကျင့်သုံးပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများနှင့် တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ပွဲတွင် မူလကျင့်သုံးခဲ့သော FPTP စနစ် (မဲအများဆုံးရသူ အနိုင်ရသည့်စနစ်) ကိုသာ ဆက်လက်ကျင့်သုံးမည်ဟု ဆိုထားသည်။

ထိုအချင်းအရာကို ကြည့်လျှင် အာဏာသိမ်းမှုကို ဆန့်ကျင်သော နိုင်ငံအနှံ့ လက်နက်ကိုင်တော်လှန်မှုများကြောင့် တိုင်းပြည်၏ နယ်မြေတစ်ဝက်ခန့်တွင်သာ အုပ်ချုပ်နိုင်သည့် မင်းအောင်လှိုင်သည် ၎င်း၏သမ္မတအိမ်မက်နှင့် ရွေးကောက်ပွဲစနစ်ကို အသုံးချကာ စစ်တပ်၏ လွှတ်တော်တွင်း ၂၅ ရာခိုင်နှုန်း အသာစီးဖြင့် နိုင်ငံအာဏာကို ရေရှည်ချုပ်ကိုင်နိုင်ရေး ရွေးကောက်ပွဲအသစ် ကျင်းပရန် ပြင်ဆင်နေမှုများကို ဆက်တိုက်ပြုလုပ်နေသည်ဟု ယေဘုယျ ရှုမြင်နိုင်ပါသည်။ 

သို့သော် လက်ရှိအခြေအနေအရ တိုင်းပြည်တွင် ရွေးကောက်ပွဲအသစ် ကျင်းပရန် မည်သို့မျှ မဖြစ်နိုင်ပါ။ သို့သော် ၂၀၀၈ ခြေ/ဥအရ “အာဏာထိန်း” ရပါသည်ဟု ပြောထားသည့်စကားအတိုင်း မင်းအောင်လှိုင်သည် ခြေ/ဥ၏ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်များအတိုင်း ရွေးကောက်ပွဲ မဖြစ်မနေလုပ်ပေးရမည် ဖြစ်သည်။ 

ရွေးကောက်ပွဲ မလုပ်နိုင်လျှင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်ကြီးများသည် ထိုခြေ/ဥကို ဖျက်သိမ်းပြီး အာဏာကို ရေရှည်ချုပ်ကိုင်သွားနိုင်ပါသည်။ မင်းအောင်လှိုင်က သူမလုပ်ရဲတာ ဘာမှမရှိဘူးဟုလည်း ပြောဆိုထားဖူးသည်။

အမှန်စင်စစ် အာဏာသိမ်းမှုနှင့်အတူ အသက်ဝိညာဉ်ကင်းမဲ့သွားပြီး ဖြစ်သော ခြေ/ဥပါ  ပြဋ္ဌာန်းချက်များကို ၎င်း၏အာဏာတည်မြဲရေးအတွက် မင်းအောင်လှိုင် လိုသလို အသုံးချနေပုံကို ယခုနောက်ဆုံး ထုတ်ဝေခဲ့သည့် စစ်ကောင်စီခန့် တရားမဝင်ကော်မရှင်၏ စာအုပ်စိမ်းတွင် ထပ်မံတွေ့မြင်လာရသည်။

၂၀၂၀ နိုဝင်ဘာ ၈တွင် ရန်ကုန်မြို့၌ မဲပေးနေသည့် ပြည်သူများ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ထပ်နိုင်သည့် ထိုရွေးကောက်ပွဲရလဒ်ကို စစ်တပ်က ဖျက်ပစ်သည်။ ဓာတ်ပုံ- Myanmar Now

FPTP စနစ်ဖျက်သိမ်းမှ စစ်ဗိုလ်ချုပ်များ ရွေးကောက်ပွဲမှတစ်ဆင့် အာဏာပြန်ရနိုင်  

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် စစ်အုပ်စု အာဏာလက်လွှတ်ခဲ့ရခြင်းသည် မဲများသူအနိုင်ရ (First Past the Post – FPTP) ရွေးကောက်ပွဲစနစ်ကြောင့်ဟု မင်းအောင်လှိုင် သိမြင်ခဲ့ပုံရသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်လက်ထဲ အာဏာရှိနေသရွေ့ကို ထိုစနစ်ကို ပြင်ဆင်ရန် မဖြစ်နိုင်သလို၊ စစ်ဗိုလ်ချုပ်ကြီးများ အာဏာပြန်ရရန် မလွယ်ကူမှန်း မင်းအောင်လှိုင် သိနေသည်။  

အဘယ်ကြောင့် အာဏာသိမ်းပြီး ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ရန် မင်းအောင်လှိုင် အသည်းအသန် ကြိုးပမ်းနေရသည်ကို နားလည်နိုင်ရန် သမိုင်းကို လေ့လာရန်လိုသည်။ 

မြန်မာ့သမိုင်းတွင် လွတ်လပ်ရေးရပြီးချိန်ကတည်းက နှစ်ပေါင်း ၇၀ ကျော်အတွင်း ကျင်းပသော ရွေးကောက်ပွဲများသည် FPTP စနစ်ကိုသာ ကျင့်သုံးခဲ့သည်။ ၁၉၈၈ ခုနှစ် တစ်ပါတီအာဏာရှင်စနစ် ပြုတ်ကျပြီး ပါတီစုံဒီမိုကရေစီစနစ် ပြောင်းလဲကျင့်သုံးကတည်းက အထွေထွေရွေးကောက်ပွဲများကို ၁၉၉၀၊ ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ ခုနှစ်တို့တွင် FPTP စနစ်အရ ၄ ကြိမ် ကျင်းပခဲ့သည်။ 

အဆိုပါ ၄ ကြိမ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝင်ရောက် ယှဉ်ပြိုင်ခြင်းမရှိသော ၂၀၁၀ ရွေးကောက်ပွဲတွင်သာ စစ်တပ်ပါတီ ကြံ့ခိုင်ရေး အနိုင်ရခဲ့သည်။ 

၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင် ဦးသန်းရွှေသည် နှစ်ပေါင်း ၂၀ ကျော်လာသည့် စစ်အုပ်ချုပ်ရေးမှ နိုင်ငံတကာက လက်ခံသော ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ခံအစိုးရ အသွင်ပြောင်းလဲပြီး စစ်တပ်က အာဏာဆက်လက်ထိန်းချုပ်ထားရန် ၂၀၀၈ ခြေ/ဥကို စိတ်တိုင်းကျ ရေးဆွဲခဲ့သည်။

သို့သော် ဦးသန်းရွှေ၏ အာဏာညီမျှခြင်း တွက်ချက်မှုတွင် လွှတ်တော်ကို ထိန်းချုပ်နိုင်ရေးသာ စဉ်းစားခဲ့ပြီး ရွေးကောက်ပွဲစနစ်ကို အလေးထားစဉ်းစားခဲ့ပုံမရပါ။ ထို့ကြောင့် လွှတ်တော်အသီးသီးတွင် စစ်တပ်က ၂၅ ရာခိုင်နှုန်း ရယူထားလျှင် စစ်တပ်ပါတီ ကြံ့ခိုင်ရေးက ၂၆ ရာခိုင်နှုန်း အနည်းဆုံး  သေချာပေါက်နိုင်ရမည်ဟု တွက်ဆကာ လုံလောက်ပြီဟု တွက်ချက်ခဲ့ဟန် တူသည်။ 

ဦးသန်းရွှေကို ဆက်ခံသူ မင်းအောင်လှိုင်က တွက်ချက်မှုအမှားကို နောင် ၅ နှစ်တွင် လက်တွေ့ မျက်တွေ့ ခံစားခဲ့ရသည်။ ဆယ်စုနှစ်များစွာ နည်းလမ်းမျိုးစုံဖြင့် ထိန်းချုပ်ထားသော အာဏာကို ၂၀၁၅ ခုနှစ်တွင် စစ်တပ် လက်လွှတ်ဆုံးရှုံးလိုက်ရသည်။ 

ပို၍ဆိုးသည်က စစ်ခေါင်းဆောင်များလက်ထဲက အာဏာကို ရယူသွားသူမှာ တစ်ချိန်က ၎င်းတို့ လုပ်ကြံသတ်ဖြတ်ရန် ကြိုးစားခဲ့သော၊ ၁၅ နှစ်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့သော ဒေါ်အောင်ဆန်းစုကြည် ဖြစ်နေခြင်းပင်။

၂၀၂၀ ရွေးကောက်ပွဲအပြီးတွင် ဒေါ်အောင်ဆန်းစုကြည်ထံမှ အာဏာကို အလွယ်တကူ ပြန်မရနိုင်မှန်း မင်းအောင်လှိုင်အတွက် သေချာသွားခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲနေ့တွင် နေပြည်တော်၌ မဲပေးပြီးနောက် ပြည်သူ့ဆန္ဒကို လက်ခံမည်ဟု ပြောနေသည့် မင်းအောင်လှိုင်။ ထိုသို့ပြောပြီး သုံးလကျော်အကြာတွင် အာဏာသိမ်းသည်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now

အာဏာသိမ်းပြီး ရွေးကောက်ပွဲစနစ်ပြောင်းရန် မင်းအောင်လှိုင် ချက်ချင်းဆောင်ရွက်

၂၀၀၈ ခြေ/ဥကို ချိုးဖောက်၍ အာဏာသိမ်းထားသော မင်းအောင်လှိုင်သည် အရပ်သားအစိုးရ သမ္မတ ဦးထင်ကျော် ဖွဲ့စည်းခန့်အပ်ခဲ့သော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို အာဏာသိမ်းသည့်နေ့မှာပင် ဖမ်းဆီးလိုက်သည်၊ ကော်မရှင်ကို ဖျက်သိမ်းသည်ဟုလည်း ကြေညာခဲ့သည်။  

ထို့အပြင် ကော်မရှင်အသစ်ကို ဖွဲ့စည်းပြီး၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲရန် ချက်ချင်း ကြိုးပမ်းခဲ့သည်။ အစိမ်းရောင် PR စာအုပ်ပါ အချက်အလက်များအရ တရားမဝင် ကော်မရှင်အသစ်သည် အာဏာသိမ်းပြီး တစ်လမပြည့်မီ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပါတီတချို့ကို ခေါ်ယူတွေ့ဆုံ၍ ရွေးကောက်ပွဲစနစ်ကို PR စနစ်သို့ ပြောင်းလဲရန် ဆွေးနွေးခဲ့သည်ဟု တွေ့ရှိရသည်။  

အမှန်စင်စစ် ထိုကိစ္စသည် မင်းအောင်လှိုင် အာဏာသိမ်းရသည့် အဓိကအကြောင်းရင်း ဖြစ်နိုင်ပြီး၊ မဲစာရင်းမှားယွင်းမှုသည် အကြောင်းပြချက်သက်သက် ဖြစ်သည်။ 

တရားမဝင်ကော်မရှင်၏ စာအုပ်စိမ်းထဲတွင် သမိုင်းတစ်လျှောက် ကျင်းသုံးလာခဲ့သော FPTP စနစ် မကောင်းကြောင်းနှင့် ပြောင်းလဲကျင့်သုံးမည့် PR စနစ် ကောင်းကြောင်းများကို အမွှမ်းတင်ရေးသားထားသည်။ 

FPTP  နိုင်သူအကုန်ယူ စနစ်ကြောင့် လွှတ်တော်အတွင်း အနိုင်ရပါတီကြီးတစ်ခုတည်းကသာ လွှမ်းမိုးနေခြင်း၊ ရှုံးသွားသော ပြိုင်ဘက်ကိုယ်စားလှယ်ကို ထည့်ခဲ့သည့် မဲများ အလဟဿဖြစ်သွားခြင်းတို့ကို စာအုပ်စိမ်းတွင် ဝါဒဖြန့်ထားသည်။

PR စနစ် ကျင့်သုံးမှသာ “တိုင်းရင်းသားအစုံအလင်ပါဝင်သော သက်တန့်ရောင်လွှတ်တော်” ကို ဖော်ဆောင်နိုင်ပြီး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ရာရောက်သည်၊ တိုင်းရင်းသားများ လိုလားသော ဖက်ဒရယ်ဆိုင်ရာ အခွင့်အရေးများကို လွှတ်တော်လမ်းကြောင်းမှ ဖော်ဆောင်နိုင်မည်ဟုပင် ဝါဒဖြန့်ထားသည်။

ရွေးကောက်ပွဲစနစ်ကိုသာ လက်ညှိုးထိုးပြနေပြီး လွှတ်တော်တွင်း မဲအများစုစနစ်ဖြင့် ဥပဒေများကို အတည်ပြုသည့်အခါ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းသည် PR စနစ်ကြောင့် လွှတ်တော်နေရာ ပိုမိုရရှိလာမည့် စစ်တပ်ပါတီ ကြံ့ခိုင်ရေးနှင့်ပေါင်းပြီး လွှတ်တော်ကို ထိန်းချုပ်ရန် သေချာသွားသည့် အချက်ကို ဖုံးကွယ်ထားသည်။

စစ်ကောင်စီပြောင်းလဲကျင့်သုံးရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲပုံစံ။

၂၀၀၈ ခြေ/ဥအရ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲကို PR စနစ် ကျင့်သုံးခွင့်မရှိ

၂၀၀၈ ခြေ/ဥတွင် FPTP ရွေးကောက်ပွဲစနစ်ကျင့်သုံးရန် ရည်ရွယ်သော ပြဋ္ဌာန်းချက်များ ပါဝင်သည်။ အဓိကပြဋ္ဌာန်းချက်မှာ ရွေးကောက်ပွဲစနစ်၏ ပင်မကြောရိုးဖြစ်သော မဲဆန္ဒနယ်များ သတ်မှတ်ခြင်း ဖြစ်ပြီး၊ ခြေ/ဥ၏ အခန်း (၁) အခြေခံမူများ အပိုင်းနှင့် အခန်း (၄) ဥပဒေပြုရေး အပိုင်းတို့တွင် အတိအကျ သတ်မှတ်ထားသည်။ 

ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲလိုလျှင် ၂၀၀၈ ခြေ/ဥကို ပထမဆုံး ပြင်ဆင်မှရမည်။ မင်းအောင်လှိုင်၏ လက်ရှိအာဏာဖြင့် ခြေ/ဥကို ပြင်၍မရပါ။ သို့သော် မင်းအောင်လှိုင်ခန့် တရားမဝင်ကော်မရှင် ဥက္ကဋ္ဌ သိန်းစိုးက PR စနစ်ကို ခြေ/ဥနှင့်အညီ ပြောင်းလဲ၍ရသည်ဟု စာအုပ်စိမ်းထဲတွင် ဖော်ပြလာသည်။ 

ထို့ကြောင့် ပထမဆုံးအနေဖြင့် FPTP စနစ်ကျင့်သုံးရန် ရည်ရွယ် ပြဋ္ဌာန်းထားသော ခြေ/ဥ၏ မဲဆန္ဒနယ်သတ်မှတ်ချက်များကို တင်ပြပြီး၊ တရားမဝင်ကော်မရှင်က ၎င်းတို့လိုချင်သော ခြေ/ဥထဲက ပုဒ်မတချို့၏ စကားရပ်များကို လိုသလို ဖြတ်တောက် ဖော်ပြပြီး ခြေ/ဥက PR စနစ်ကို ကျင့်သုံးခွင့်ပြုထားသယောင် လှည့်စားထားပုံကို တင်ပြမည်။

အခန်း (၁) “နိုင်ငံတော်အခြေခံမူများ” အခန်းသည် ခြေ/ဥ၏ အသက်သွေးကြောဖြစ်ပြီး၊ ပုဒ်မ ၁၂ (ခ) တွင် “ပြည်ထောင်စုလွှတ်တော်တွင် မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သော လွှတ်တော်တစ်ရပ်…ပါရှိသည်” ဟု  ပြဋ္ဌာန်းထားသည်။ ထိုအချက်ကို တရားမဝင်ကော်မရှင်၏ စာအုပ်စိမ်းက ဖော်ပြထားခြင်း မရှိပါ။ 

ထို့အပြင် ဥပဒေပြုရေးအခန်းတွင် ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်းခေါင်းစဉ်အောက်၌ ပုဒ်မ ၁၀၉ (က) တွင် အောက်ပါအတိုင်း အတိအကျ ပြဋ္ဌာန်းထားသည်။

ပုဒ်မ ၁၀၉ (က) “မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း မြို့နယ် ၃၃၀ ထက် ပိုမိုလာပါက အသစ်ဖွဲ့စည်းသည့်မြို့နယ်ကို တစ်ဆက်တစ်စပ်တည်းဖြစ်သော သင့်လျော်သည့် မြို့နယ်တစ်ခုခုနှင့် ပူးပေါင်း၍ လည်းကောင်း ဥပဒေနှင့်အညီ မဲဆန္ဒနယ် သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ”

အထက်ပါ  ပြဋ္ဌာန်းချက်များအရ မဲဆန္ဒနယ်သတ်မှတ်ခြင်းကို “မြို့နယ်” သို့မဟုတ် “လူဦးရေ” အပေါ် အခြေခံရမည်မှာ ထင်ရှားသည်။ မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိပြီး၊ မြို့နယ်အသစ်တိုးလာလျှင်တောင်မှ ပုဒ်မ ၁၀၉ (က) အရ မဲဆန္ဒနယ်ကို ၃၃၀ ထက်ပို၍ သတ်မှတ်ရန် ခွင့်ပြုမထားသဖြင့် ထိုမြို့နယ်အသစ်ကို နီးစပ်ရာ မဲဆန္ဒနယ်တစ်ခုခုတွင် ပေါင်းထည့်ခိုင်းသည်။ 

မြန်မာနိုင်ငံ ရွေးကောက်ပွဲသမိုင်းအစဉ်အလာအရလည်း မဲဆန္ဒနယ်မြေသတ်မှတ်ခြင်းကို အမြဲတမ်း ပြောင်းလဲရွေ့လျားနေသော “လူဦးရေ” အပေါ် အခြေမခံဘဲ “မြို့နယ်” အပေါ် အခြေခံသည်။ ထို့ကြောင့် မြို့နယ်အပေါ် အခြေခံသော FPTP စနစ်နှင့် ကိုက်ညီစေရန် ပြဋ္ဌာန်းထားခြင်း ဖြစ်သည်။

သို့သော် စာအုပ်စိမ်းတွင်မူ PR စနစ်ကို ကျင့်သုံးမှုသည် ၂၀၀၈ ခြေ/ဥ နှင့် ဆန့်ကျင်မှုမရှိဘဲ ဆောင်ရွက်နိုင်သည်ဟု တရားမဝင်ကော်မရှင်က အောက်ပါအတိုင်း ဖော်ပြထားသည်။

“ပြောင်းလဲကျင့်သုံးလိုသည့် ရွေးကောက်ပွဲစနစ်ဖြစ်သော အချိုးကျကိုယ်စားပြုစနစ် (PRs) သည် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ဆန့်ကျင်မှုရှိမရှိ စိစစ်သုံးသပ်ရန် လိုအပ်လာပါသည်။ ပြည်သူ့လွှတ်တော်ဖွဲ့စည်းခြင်းအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပုဒ်မ ၁၀၉ (က) တွင် ‘ဥပဒေနှင့်အညီ မဲဆန္ဒနယ်သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် (၃၃၀) ဦး ထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ’ ဟူ၍  ပြဋ္ဌာန်းထားခြင်းအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ဧရိယာကျယ်ပြန့်စွာဖြင့် မဲဆန္ဒနယ်မြေများ သတ်မှတ်ပေး၍လည်းကောင်း…” (စာ ၈၄-၈၅)

အထက်ပါ စာပုဒ်တွင် ပုဒ်မ ၁၀၉ (က) ၏ ပြဋ္ဌာန်းချက်အား ဖော်ပြထားပုံကို သေချာလေ့လာသင့်သည်။ အကြောင်းမှာ ခြေ/ဥ၏ ပုဒ်မ ၁၀၉ (က) ၏ အဓိကကျသော “မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း” ဆိုသည့် ရှေ့ပိုင်းစကားရပ်ကို ဖော်ပြမထားဘဲ၊ ပြဋ္ဌာန်းချက်၏ နောက်ပိုင်းစကားရပ်ကိုသာ လိုသလို ဖြတ်တောက် သုံးစွဲဖော်ပြထားသည်။ 

ထိုသို့ ဖော်ပြထားချက်သည် အမှတ်တမဲ့မဟုတ်ပါ။ ပုဒ်မ ၁၀၉ (က) တွင် အရေးကြီးသော ပြဋ္ဌာန်းချက် ၂ ခု ပါဝင်သည်။ (၁) မဲဆန္ဒနယ်မြေကို “မြိုနယ်” အခြေခံ၍ သတ်မှတ်ရန်နှင့် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် “၃၃၀ ဦး” ထက်မပိုရ” တို့ဖြစ်သည်။ 

PR စနစ်တွင် မဲဆန္ဒနယ်မြေများကို ဧရိယာကျဉ်းမြောင်းသော “မြို့နယ်” ကို အခြေခံသတ်မှတ်၍ မရဘဲ၊ ကျယ်ပြန့်သော ဧရိယာသတ်မှတ်ရန် လိုအပ်သည်ကို အထက်ပါစာပုဒ်အဆုံးပိုင်းတွင် ဖော်ပြထားသည်။ ကိုယ်စားလှယ်ဦးရေ သတ်မှတ်ချက်ကို အပြောင်းအလဲလုပ်၍ မရသဖြင့် မလုပ်ပေ။

မကြာသေးခင်က စစ်ကောင်စီသည် တစ်နိုင်ငံလုံးတွင် “ခရိုင်” များ တိုးချဲ့ဖွဲ့စည်းခဲ့ခြင်းအကြောင်းမှာ PR စနစ်အရ မဲဆန္ဒနယ်မြေကို “ခရိုင်” အခြေခံ၍ သတ်မှတ်သွားရန် ရှိသည်။ ခြေ/ဥ ၏ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေသတ်မှတ်ချက် စံနှုန်းသည် PR စနစ်ကျင့်သုံးရန် မည်သို့မျှ မကိုက်ညီသဖြင့် ပုဒ်မ ၁၀၉ (က) ၏ “မြို့နယ်ကို အခြေခံ၍လည်းကောင်း” ဆိုသည့် စကားရပ်ကို တမင် ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ခဲ့ခြင်း ဖြစ်သည်။

 အာဏာသိမ်းပြီး ရက်ပိုင်းအကြာ ၂၀၂၁ ဖေဖော်ဝါရီ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီအချို့ တွေ့ဆုံပွဲ။ (ဓာတ်ပုံ – UEC)

PR စနစ်ဖြင့် စစ်ကျွန်ဘဝပြောင်းရေး မင်းအောင်လှိုင် အလိုကျ အသုံးတော်ခံ နိုင်ငံရေးပါတီများ

တစ်ဖန် အာဏာသိမ်း စစ်ဗိုလ်ချုပ်များက ရွေးကောက်ပွဲစနစ်ကို အတင်းအကျပ် အာဏာသုံး အပြောင်းအလဲလုပ်သည့်ပုံစံထက် နိုင်ငံရေးပါတီအများစု၏ တောင်းဆိုချက်အရ လုပ်ရပါသည်ဟု မင်းအောင်လှိုင်ခန့် တရားမဝင်ကော်မရှင်ဥက္ကဋ္ဌ သိန်းစိုးက ဇာတ်လမ်းဆင်ပြန်ချင်သည်။ 

နိုင်ငံတော်အာဏာ၏ မူလပိုင်ရှင် လူဦးရေ ၅၄ သန်းကျော်၏ ကိုယ်စားပြုမှုကို အပြောင်းအလဲလုပ်ပြီး စစ်တပ်က အာဏာကို ရေရှည်ထိန်းချုပ်ခွင့်ရရေး နိုင်ငံရေးပါတီများနှင့် ၄ ကြိမ် တွေ့ဆုံဆွေးနွေးကာ၊ ပါတီ (၅၃) ပါတီ (နောက်ဆုံးအကြိမ် ဆွေးနွေးပွဲတွင် ၆၂ ပါတီ) ၏ ဆွေးနွေးတင်ပြ တောင်းဆိုချက်များအရ လုပ်ဆောင်ရပါသည်ဟု စာအုပ်စိမ်းထဲ ဖော်ပြထားသည်။  

တိုင်းပြည်တစ်ခု၏ နိုင်ငံရေးတည်ငြိမ်မှုအတွက် အလွန်အရေးကြီးလှသော ရွေးကောက်ပွဲစနစ်သစ်ကို ပြဋ္ဌာန်းနိုင်ရေး တရားမဝင်ကော်မရှင်က ကသုတ်ကရက် ဆောင်ရွက်လျက်ရှိသည်။ ၎င်းတို့နှင့် ပူးပေါင်းသော နိုင်ငံရေးပါတီ (၅၃) ပါတီစာရင်းကို ဖော်ပြထားရာ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်တစ်ခုတွင်ပင် အနိုင်ရမထားသော ပါတီအများစု ဖြစ်နေသည်ကို တွေ့ရှိရသည်။

ပြည်သူကို ကိုယ်စားပြုခြင်းမရှိသော နိုင်ငံရေးပါတီအများစုပါဝင်သည့် (၅၃) ပါတီ က လူပုဂ္ဂိုလ် (၉၃) ဦးနှင့် မည်သူမည်ဝါမှန်းမသိသော လူပုဂ္ဂိုလ် (၂၀)၊ စုစုပေါင်း (၁၁၃) ဦးက ၅၄ သန်းကျော် ပြည်သူဆန္ဒမပါဘဲ တရားမဝင်ကော်မရှင်နှင့် ပူးပေါင်း ဆုံးဖြတ်ဆောင်ရွက်နေကြခြင်း ဖြစ်သည်။

ထိုပါတီများအနက် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ၁၃ ပါတီထဲမှ လွှတ်တော် နှစ်ရပ်ပေါင်း ၃၃ နေရာ အနိုင်ရထားသော ကြံ့ခိုင်ရေးပါတီ၊ ၈ နေရာ အနိုင်ရရှိထားသော ရခိုင်အမျိုးသားပါတီ (ANP)၊ ၅ နေရာ အနိုင်ရရှိထားသော မွန်ညီညွတ်ရေးပါတီ (MUP)၊ ၄ နေရာ အနိုင်ရရှိထားသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊ ၁ နေရာစီ အနိုင်ရရှိထားသော ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)နှင့် ဒီမိုကရေစီပါတီသစ် (ကချင်) (NDP-K) တို့ပါဝင်သည်။ 

လွှတ်တော်နှစ်ရပ်ပေါင်း ၃၉၆ နေရာနှင့် ၁၅ နေရာ အသီးသီးအနိုင်ရရှိထားပြီး ပြည်သူကို ကိုယ်စားပြု မှု ၉၀.၁ ရာခိုင်နှုန်းရရှိထားသော အဓိကပါတီကြီးနှစ်ခုဖြစ်သည့် NLD နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ ပါဝင်ခြင်း မရှိပါ။

တစ်နည်းဆိုရလျှင် စစ်ကောင်စီခန့် တရားမဝင်ကော်မရှင်နှင့် ပြည်သူကို ကိုယ်စားပြုမှု ၁၀ ရာခိုင်နှုန်း မပြည့်သော ပါတီတစ်စုက မြန်မာပြည်သူလူထု၏ အနာဂတ်ကံကြမ္မာကို ဖန်တီးနေကြခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ အချိုးကျကိုယ်စားပြုစနစ်ပြောင်းလဲမည့် နမူနာပုံစံ။

ပြည်သူများ နိုင်ငံရေးယဉ်ကျေးမှုရေချိန်နိမ့်၍ Closed List PR စနစ် ကျင့်သုံးရန် လုပ်ဆောင်နေ  

စာအုပ်စိမ်းထဲ ဖော်ပြထားသော ပြောင်းလဲရန် စီစဉ်နေသည့် PR စနစ်မှာ “စာရင်းပိတ်စနစ်” (Closed List PR) ဖြစ်သည်။ ထိုစနစ်အရ ပါတီများသည် ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ကော်မရှင်ထံ ကိုယ်စားလှယ်စာရင်းကို ဦးစားပေးအစီအစဉ်သတ်မှတ်ကာ တင်သွင်းထားရပြီး၊ ရွေးကောက်ပွဲတွင် ရရှိသော မဲအရေအတွက်အချိုးအစားအလိုက် ကိုယ်စားလှယ်ဦးရေသတ်မှတ်ကာ ပါတီများက တင်သွင်းထားသည့် ဦးစားပေးအစဉ်အတိုင်း ကိုယ်စားလှယ်ဖြစ်ခွင့်ရရှိကြမည် ဖြစ်သည်။

ထိုစနစ်ကို “ပါတီအဓိကကြည့် ရွေးချယ်သောစနစ်” ဟု ခေါ်ကြသည်။ ကိုယ်စားလှယ်ကိုပါ ရွေးချယ်ခွင့်ရှိသော Open List PR စနစ်ကို ကျင့်သုံးရန် မသင့်လျော်သေးပါဟု စာအုပ်စိမ်းတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

“မဲဆန္ဒရှင်ပြည်သူများ၏ ပညာတတ်မြောက်မှု၊ ရွေးကောက်ပွဲအတွေ့အကြုံနှင့် နိုင်ငံရေးယဉ်ကျေးမှု ရေချိန် မြင့်တက်လာချိန်တွင် Open List PR သို့မဟုတ် အခြား PR စနစ် တစ်မျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးရန်။”

ထိုအချက်သည် အလွန်ဆိုးရွားလှပြီး တရားမဝင်ကော်မရှင်နှင့် နိုင်ငံရေးပါတီတစ်သိုက်မှ လူ ၁၀၀ ကျော်ခန့်က မြန်မာပြည်သူတစ်ရပ်လုံးကို စော်ကားလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့က မြန်မာပြည်သူများသည် ပညာတတ်မြောက်မှုနိမ့်ပါးနေပြီး၊ ရွေးကောက်ပွဲအတွေ့အကြုံလည်းမရှိ၊ နိုင်ငံရေးယဉ်ကျေးမှုရေချိန် နိမ့်နေသည်ဟု သုံးသပ်ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။  

အမှန်စင်စစ် ပြည်သူများက ရွေးကောက်ပွဲများတွင် စစ်တပ်ကိုယ်စားလှယ်များကို နိုင်ငံရေးလောကမှ အကြိမ်ကြိမ်မောင်းထုတ်ခဲ့မှုကြောင့်  ဗိုလ်ချုပ်ကြီးများက PR စနစ်ပြောင်းလဲကျင့်သုံးရန် ကြံစည်နေသော်လည်း ပြည်သူက ထပ်မံဒဏ်ခတ်မည်ကို ကြောက်ရွံ့နေခြင်း ဖြစ်သည်။ 

စစ်ကောင်စီ ကြိုးပမ်းလျက်ရှိသော Closed List PR စနစ်နှင့် ဆိုလျှင် မြန်မာပြည်သူများအနေဖြင့် နောက်နောင်တွင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို တိုက်ရိုက်ရွေးချယ်ခွင့်ရမည့် ရွေးကောက်ပွဲများ မရှိနိုင်တော့ပေ။

ယင်းအချက်သည် ၂၀၀၈ ခြေ/ဥ ၏ အခန်း (၁) ၊ ပုဒ်မ (၄) တွင် ပြဋ္ဌာန်းထားသော “နိုင်ငံတော်၏ အချုပ်အခြာအာဏာသည် နိုင်ငံသားများထံမှ ဆင်းသက်ပြီး နိုင်ငံတော်တစ်ဝန်းလုံး၌ တည်သည်” ဆိုသည့်အချက်နှင့် လုံးဝဆန့်ကျင်လျက်ရှိသည်။

၂၀၂၀ မေလအတွင်း ပြည်ထောင်စုလွှတ်တော်၌ အခြေခံဥပဒေပြင်ဆင်ရေးမဲပေးနေသည့် အမတ်များ။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း/Myanmar Now

ပြည်သူထောက်ခံမှုမရသော နိုင်ငံရေးပါတီများ၏ Closed List PR စနစ်အပေါ် တိမ်းညွတ်မှု

သို့သော် ယခုကျင့်သုံးမည့် Closed List PR စနစ်ကို လိုလားထောက်ခံသည့် တိမ်းညွတ်မှုကို ရွေးကောက်ပွဲတိုင်း မဲဆန္ဒနယ်တစ်ခုမှာမှ အနိုင်ရရှိခြင်းမရှိဘဲ လွှတ်တော်ထဲ မရောက်ကြသော ပါတီများတွင် တွေ့ရှိရပါသည်။ 

အဓိက တိမ်းညွတ်မှု နှစ်ခုမှာ (၁) ရရှိမည့် မဲအရေအတွက်က ကိုယ်စားလှယ်တစ်ဦးအတွက် သတ်မှတ်ထားသော မဲအရေအတွက်ကို ပြည့်မှီပါက ကိုယ်စားလှယ်အနည်းဆုံး တစ်ဦး ဖြစ်ခွင့်ရမည်ဖြစ်၍ လွှတ်တော်တွင် ခုံနေရာရရှိရန် FPTP စနစ်ထက် ပို၍နီးစပ်သည်။ (၂) ကိုယ်စားလှယ်စာရင်းတွင် ဖော်ပြထားသော ဦးစားပေးအစဉ်အလိုက် လွှတ်တော်နေရာရရှိမည် ဖြစ်သဖြင့် ထိုပါတီများ၏ ထိပ်ပိုင်းခေါင်းဆောင်ဆိုသူများ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရန် သေချာသည်။ 

ထို့ကြောင့် အနိမ့်ဆုံး ကိုယ်စားလှယ်တစ်ဦးစာ မဲအလုံအလောက်ရရှိလျှင်ပင် ပါတီဥက္ကဋ္ဌလုပ်သူသည် လွှတ်တော်အတွင်း‌ နေရာတစ်နေရာ ရရှိရန် သေချာသည်။ ထိုနိုင်ငံရေးပါတီများသည် ပြည်သူ့ဆန္ဒကို အလေးထားရေးထက် စစ်ကောင်စီနှင့်ပူးပေါင်းကာ အာဏာရရှိရေး လုံးပန်းနေကြခြင်း ဖြစ်သည်။ 

စစ်တပ် နိုင်ငံအာဏာကို ရေရှည်ထိန်းချုပ်သွားနိုင်ရေးအတွက် စစ်ကျွန်ဇာတ်သွင်းမည့် PR စနစ် ပြောင်းလဲရန်အစီစဉ်တွင် တက်ကြွစွာပူးပေါင်းနေကြသော၊ လွှတ်တော်အမတ်နေရာရရေးအတွက် အာဏာငမ်းဖမ်းနေသော ထိုနိုင်ငံရေးပါတီများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်နေသူများဖြစ်၍ ပြည်သူ၏ ပြင်းပြင်းထန်ထန် ဒဏ်ခတ်ခြင်းခံရမည်ကို သတိပြုသင့်သည်။

ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် စစ်တပ်ကိုယ်စားလှယ်များကို ၂၀၂၀ ခုနှစ်အတွင်း တွေ့ရစဉ်။ ဓာတ်ပုံ-ဉာဏ်လှိုင်လင်း

စစ်တပ်က လွှတ်တော်ကို ထိန်းချုပ်နိုင်မည့် PR စနစ်

PR စနစ်အရ နိုင်ငံရေးပါတီအများအပြား လွှတ်တော်အတွင်း နေရာအနည်းငယ်စီ အသီးသီးရရှိလာပြီး၊ စာအုပ်စိမ်းထဲ ဝါဒဖြန့်ထားသလို သက်တန့်ရောင်လွှတ်တော်ကြီး ဖြစ်လာမည်။ သို့သော် စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းနှင့် စစ်တပ်ပါတီ ကြံ့ခိုင်ရေးတို့ ပူးပေါင်းလိုက်ပါက စစ်ဗိုလ်ကြီးများ လွှတ်တော်အာဏာကို စိတ်ချလက်ချ ထိန်းချုပ်နိုင်သည့် လူများစု ဖြစ်လာမည်။ 

တစ်နည်းအားဖြင့် FPTP စနစ်ကြောင့် မဲအများဆုံးရသည့် NLD က လွှတ်တော်အာဏာကို ထိန်းချုပ်နိုင်သကဲ့သို့၊ PR စနစ် ကျင့်သုံးလျှင် စစ်တပ်ကလည်း လွှတ်တော်အာဏာကို ထိန်းချုပ်နိုင်မည်။ 

ထိုအခါ စစ်တပ်က တင်မြှောက်သောသူသာ သမ္မတဖြစ်ခွင့်၊ အစိုးရဖွဲ့နိုင်ခွင့်ရှိသော PR စနစ် ကစားပွဲစည်းမျဉ်းကြောင့် မင်းအောင်လှိုင် သမ္မတဖြစ်ရန် သေချာသွားပြီ ဖြစ်သည်။ ၎င်း၏သမ္မတအိမ်မက်အတွက် ဦးသိန်းစိန်ကဲ့သို့ စစ်ဗိုလ်ချုပ်ကြီးဘဝမှ အရပ်သားဘဝပြောင်းပြီး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌရာထူး ယူစရာ မလိုအပ်တော့ဘဲ စစ်တပ်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေးနှင့် စစ်တပ်လိုလားသူတို့က သူ့ကို သမ္မတအဖြစ် တင်မြှောက်ကြစေရန် စီစဉ်နေခြင်းဖြစ်သည်။

သို့မှသာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၆-စ) တွင် ပြဋ္ဌာန်းထားသည့်အတိုင်း “နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး” ဆိုသည့် စစ်တပ်၏ မူလရည်ရွယ်ချက်မှာ လက်တွေ့သက်ဝင်လှုပ်ရှားလာမည် ဖြစ်သည်။ 

NLD အစိုးရလက်ထက်တွင် ထိုပုဒ်မသည် လုံးဝ အသက်နုတ်ခံလိုက်ရဘိသကဲ့သို့ ဖြစ်ခဲ့သည်၊ ဒေါ်အောင်ဆန်းစုကြည်လက်အောက်တွင် ခါးသီးစွာ နေခဲ့ရသော မင်းအောင်လှိုင်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၎င်းရရှိထားသော အခွင့်အာဏာများက မည်သို့မျှ အသုံးမဝင်ဘဲ အမျိုးသားနိုင်ငံရေး၏ နောက်ဆုံးတန်းသို့ ပို့ခံလိုက်ရခြင်းကို လက်တွေ့ကြုံတွေ့ခဲ့ရသည်။  

ထို့ကြောင့် မဖြစ်မနေ အာဏာသိမ်းခဲ့ပြီး၊ ရွေးကောက်ပွဲစနစ်ကို ပြင်ဆင်ရန် လုံးပန်းနေခြင်း ဖြစ်သည်။ 

စစ်ကောင်စီစိတ်ကြိုက် ရွေးကောက်ပွဲနှင့် လွှတ်တော်တို့ ဖြစ်မြောက်လာလျှင်လည်း တရားမဝင်ကော်မရှင်နှင့် ပူးပေါင်းနေကြသော နိုင်ငံရေးပါတီများသည် မင်းအောင်လှိုင်၏ သမ္မတအိပ်မက်ကို ဝိုင်းဝန်းအကောင်အထည်ဖော်ပေးခဲ့ကြသူများ ဖြစ်ကြောင်း တွေ့မြင်ရပေလိမ့်မည်။ 

ထိုအခါ PR စနစ်ကြောင့် လွှတ်တော်ထဲရောက်သွားသော သက်တန့်ရောင်ကိုယ်စားလှယ်ကြီးများ ခေါင်းပေါင်းစတလူလူဖြင့် ထိုင်ပြီးဟန်ရေးပြနေရုံမှအပ အခြားမရှိပြီ။ ထိုအချိန်ရောက်သွားလျှင် မြန်မာနိုင်ငံသည် စစ်ကျွန်ဘဝ လုံးလုံးကျရောက်သွားပေလိမ့်မည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button