အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်က ရေကြောင်းမှ အင်အားဖြည့်ရန်ကြိုးစားနေသည့် ရွှေကူမြို့တွင် တိုက်ပွဲများ ပြင်းထန်နေ

ကချင်ပြည်နယ် ရွှေကူနှင့် ဗန်းမော်မြို့တို့ကို စစ်အင်အား၊ ခဲယမ်းနှင့် ရိက္ခာများပို့ရန် စစ်တပ်က မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဩဂုတ်လ ၂၁ ရက်မှစတင်၍ ဆန်တက်လာသည့် သင်္ဘော ၁၄ စီးကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်နေသလို ရွှေကူမြို့အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်။

ကချင်ပြည်နယ် ရွှေကူနှင့် ဗန်းမော်မြို့တို့ကို စစ်အင်အား၊ ခဲယမ်းနှင့် ရိက္ခာများပို့ရန် စစ်တပ်က မန္တလေးမြို့မှ ဧရာဝတီမြစ်ကြောင်းအတိုင်း ဩဂုတ်လ ၂၁ ရက်မှစတင်၍ ဆန်တက်လာသည့် သင်္ဘော ၁၄ စီးကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်နေသလို ရွှေကူမြို့အနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်ဟု ကချင်လွတ်လပ်ရေးတပ် KIA သတင်းရင်းမြစ်နှင့် ဒေသခံများထံက သိရသည်။

ဩဂုတ်လ ၂၁ ရက်က မန္တလေးမြို့မှတဆင့် တိုက်ခိုက်ရေး စစ်သင်္ဘော နှစ်စီး၊  ကမ်းထိုးသင်္ဘော လေးစီး၊ တွဲတွန်း သင်္ဘော ရှစ်စီးသည် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့်အတွက် တော်လှန်ရေးတပ်ဖွဲ့ဝင်များက မြစ်ကြောင်းတလျှောက် ကြားဖြတ်တိုက်ခိုက်နေကြသည်။

အဆိုပါ စစ်သင်္ဘောများကို ကာကွယ်ရန် စစ်တပ်ကလည်း မြစ်ကမ်းတလျှောက် ကျေးရွာတို့ကို ဗုံးကြဲတိုက်ခိုက်နေရာ ဩဂုတ်လ ၂၂ ရက်တွင် ဝက်လက်မြို့နယ် အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းအနီးရှိ ကမ်းဖြူရွာကို ဗုံးကြဲခဲ့သဖြင့် ဒေသခံ အမျိုးသားတစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရခဲ့သည်။

အဆိုပါ စစ်သင်္ဘောအုပ်စုကို ကာကွယ်ရန်အတွက် စစ်တပ်က ကသာ၊​ ထီးချိုင့်နှင့် ရွှေကူ သုံးမြို့နယ် ဒေသအချို့ကို ယနေ့ နံနက်ပိုင်း ဂျက်ဖိုက်တာငါးစီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရပြီး အသေးစိတ် အခြေအနေများကိုမူ အတည်မပြုနိုင်သေးကြောင်း ကသာအခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဩဂုတ်လ ၂၄ ရက်က ထီးချိုင့်မြို့ မြတောင်ဆိပ်ကမ်းတွင် ညအိပ်ရပ်နားခဲ့သည့် အဆိုပါ စစ်သင်္ဘောများသည် ယမန်နေ့ နံနက် ၇ နာရီတွင် ဆက်လက်ထွက်ခွာလာရာ ကသာမြို့သို့ ရောက်ရှိရပ်နားနေသည့်အတွက် မြစ်ကမ်းအနီးပြည်သူများ သတိထားနေထိုင်ကြရန် ကသာမြို့နယ်(ပကဖ)အဖွဲ့က သတိပေးထားသည်။

စစ်သင်္ဘောများ ဦးတည်နေသည့် ရွှေကူမြို့တွင်လည်း စစ်တပ်ခြေလျင်စစ်ကြောင်းများကို ကချင်လွတ်လပ်ရေးတပ်(KIA)နှင့် ပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်နေရာ ငဘတ်ဝရွာအနီးနှင့် ကျွန်းတော်ရွာအနီးတွင်လည်း တိုက်ပွဲများ ပြင်းထန်နေသည်ဟု KIA သတင်းရင်းမြစ်ထံက သိရသည်။

“အခု ရွှေကူမှာ ရန်သူအင်အား ၂၀၀ ကျော် စုပုံပြီး စစ်ကြောင်းခွဲလှုပ်ရှားလာလို့ မြေပြင်တိုက်ပွဲဖြစ်တယ်။ သင်္ဘောတွေလည်း ရောက်ခါနီးပြီ။ ရောက်ပြီးနောက်လည်း တိုက်ပွဲက ပိုပြင်းထန်လာနိုင်တယ်” ဟု အဆိုပါ KIA သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ပြီး ပိတ်ဆို့ထားနိုင်သည့်အတွက် စစ်တပ်က တိုက်ပွဲဖြစ်ပွားရာ ငဘတ်ဝရွာအနီးဝန်းကျင်ကို ဗုံးကြဲတိုက်ခိုက်နေသည်ဟု သိရသည်။

တိုက်ပွဲထပ်မံဖြစ်ပွားနေသည့် ကျွန်းတော်ရွာအနီးတွင်လည်း လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ  လေးဦးသေဆုံးခဲ့သည်ဟု သိရပြီး အသေးစိတ်ကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဩဂုတ်လ ၂၅ ရက်က စစ်သင်္ဘောများတက်လာလျှင် လုံခြုံရေးပေးရန် ရွှေကူမြို့နှင့် ဧရာဝတီမြစ်တစ်ဖက်ကမ်းကို စစ်တပ်က စက်လှေဖြင့် ကူးစဉ် KIA နှင့် ပူးပေါင်းတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်တစ်ခု ထွက်ပေါ်ခဲ့သည်။

ကမ်းကပ်ရန် ကြိုးစားနေသည့် စက်လှေကို ဒရုန်းက တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ရုပ်သံဖိုင်အချို့တွင်တွေ့ရပြီး အဆိုပါ ဖြစ်စဉ်တွင် စစ်တပ်မှ ထိခိုက် သေဆုံးမှုများကြောင်း ရွှေကူအခြေစိုက် KIA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

“ဆန်တက်လာတဲ့ သင်္ဘောတွေကို အကာအကွယ်ပေးဖို့ ရွှေကူဘက်ကနေ စက်လှေနဲ့တက်လာတဲ့ စစ်ကြောင်းကို တိုက်တာ။ ဒီကောင်တွေက ရွှေကူဘက်ခြမ်းရော မြစ်ဟိုဘက်ခြမ်းကိုရော မြစ်ကမ်းရိုးတလျှောက်ကို စစ်ကြောင်းထိုးဖို့ တက်လာတာ၊ စက်လှေနဲ့ ဟိုဘက်အကူးမှာ ကိုယ့်ကောင်တွေက ချလိုက်တာ။ ဒီကောင်တွေ အများကြီးထိတယ်။ သေတာလည်း အများကြီးသေတယ်” ဟု အဆိုပါ KIA သတင်းရင်းမြစ်က ပြောသည်။

ရွှေကူမြို့အနီးတိုက်ပွဲများတွင် စစ်တပ်မှ စစ်သုံ့ပန်းအများအပြားကို KIA နှင့် ပူးပေါင်းတပ်များက ဖမ်းမိထားသည်ဆိုသည့် သတင်းများထွက်ပေါ်နေသော်လည်း အသေးစိတ်ကို ပြောဆိုရန် တော်လှန်ရေးသတင်းရင်းမြစ်များက ငြင်းဆိုသည်။

KIA ပြန်ကြားရေးတာဝန်ခံ​ ဗိုလ်မှူးကြီးနော်ဘူက KIA နှင့် တော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ရွှေကူဒေသတွင် စစ်ကောင်စီက ကုန်းကြောင်းမှ အင်အားများ တင်ပို့လျှင် အကျအဆုံးများနိုင်သည့်အတွက် ရေကြောင်းကို ပိုမိုအားထားနေခြင်းဖြစ်ကြောင်း၊ လေကြောင်းမှ ဗုံးကြဲ၍ မြစ်ကမ်းတလျှောက်ကို ရှင်းလင်းပြီး ယခုလိုပို့ဆောင်နေခြင်းဖြစ်ကြောင်း ပြောသည်။

မြစ်ကြောင်းမှ ဆန်တက်သည့် သင်္ဘောများကိုလည်း လုံခြုံရေးဘက်ပေါင်းစုံမှ ပေးနေသည့်အတွက် တိုက်ခိုက်ရ ခက်ခဲနိုင်ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“သင်္ဘောတွေကလည်း လုံခြုံရေးအတွက် စက်လက်နက်တွေဘာတွေနဲ့ ရမ်းသန်းပစ်ပြီးမှ တက်လာတာ၊ မြစ်အနီးအနားမှာရှိတဲ့ ရွာတွေကိုလည် သူတို့(စစ်တပ်)က ဘာမှနားလည်တာမဟုတ်ဘူး အကုန်လုံး လေကြောင်းနဲ့ ပစ်ပြီးမှ ရှင်းလိုက်တာပဲ၊​ ဆိုတော့ အနီးကပ် ပစ်လို့မှ အဆင်မပြေတာ”​ဟု ၎င်းက ပြောသည်။

အထက်ပါ စစ်ရေးအခြေအနေများအတွက် KIA ပြန်ကြားရေးတာဝန်ခံ​ ဗိုလ်မှူးကြီးနော်ဘူက ဆန်တက်လာသည့် စစ်သင်္ဘောများနှင့် ထိတွေ့တိုက်ခိုက်မှုမရှိသေးသော်လည်း ရွှေကူမြို့အနီးတွင် စစ်သင်္ဘောများလုံခြုံရေးအတွက် ပြင်ဆင်နေသည့် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သည်ဟု ဆိုသည်။

စစ်သင်္ဘောများ တက်မလာမီ ဩဂုတ်လ ၁၈ ရက်မှစတင်၍ ရွှေကူမြို့တွင် တိုက်ပွဲများ ပြင်းထန်နေသည့်အတွက် စစ်တပ်က ထိုနေ့တွင် ရွှေကူမြို့အနီးဝန်းကျင်ဒေသများကို ယနေ့အထိ အကြိမ်ရေ ၅၀ နီးပါးအထိ ဗုံးကြဲခဲ့သည်ဟု အထက်ပါ KIA သတင်းရင်းမြစ်က ပြောသည်။

တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် ရွှေကူမြို့အနီး ဧရာဝတီမြစ်ကမ်းတလျှောက်မှ ဒေသခံများကို လွန်ခဲ့သည့် နှစ်လခန့်မှစတင်၍ တိမ်းရှောင်ခိုင်းထားသည်ဟု သိရသည်။

စစ်သင်္ဘောများတိုက်ခိုက်ခံရမှု၊ ရွှေကူမြို့အနီးတိုက်ပွဲဖြစ်ပွားမှုများနှင့် ပတ်သက်၍ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ရွှေကူမြို့၏ အရှေ့ဘက် မိုင် ၆၀ ခန့်အကွာရှိ ကချင်ပြည်နယ်၏ ဒုတိယမြို့တော် ဗန်းမော်ကို KIA က သိမ်းပိုက်ဖို့ကြိုးစားနေသည်မှာ နှစ်နှစ်နီးပါးခန့်ရှိလာပြီဖြစ်သည်။

ဗန်းမော်ခံစစ်ကို စစ်ကူရန် စစ်တပ်က ရွှေကူမြို့မှတဆင့် မြေပြင်စစ်ကြောင်းများ ထိုးနေသလို စစ်သင်္ဘောများဖြင့် စစ်ကူ၊ ခဲယမ်း၊ ရိက္ခာများ မကြာခဏ ပို့ဆောင်ရန် ကြိုးစားနေပြီး KIA နှင့် တော်လှန်ရေးတပ်များကလည်း ကြားဖြတ်တိုက်ခိုက်နေကြသည်။

ရွှေကူမြို့အရှေ့ဘက် မိုင် ၃၀ ခန့်အကွာတွင် စင်းခန်းတံတားနှင့် စင်းခန်းတိုက်နယ်ရွာကြီးရှိပြီး ဗန်းမော်မြို့ကို စစ်ကူပို့ရန် စင်းခန်းမှာ ကြားခံစခန်းအဖြစ် အသုံးပြုနိုင်သလို ဗျူဟာအရ အရေးပါသည့်အတွက် အဆိုပါ ရွာကို သိမ်းပိုက်နိုင်ရန် စစ်တပ်က စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။

ကသာနှင့် ငါးအိုးမြို့မှ စစ်ကူများကို စုစည်းပြီးနောက် ရွှေကူမြို့မှတဆင့် စင်းခန်းရွာကို ဦးတည်ကာ စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို KIA နှင့် ပူးပေါင်းတပ်များက ဇွန်လနှင့် ဇူလိုင်လအတွင်း အကြိမ်ကြိမ်တိုက်ခိုက်ခဲ့သည်။ ယင်းနောက် စစ်တပ်က စစ်ကြောင်းဆက်လက်မထိုးနိုင်တော့ဘဲ စစ်ကူများ ထပ်မံဖြည့်တင်းနေကြသည်ဟု တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရသည်။

စစ်တပ်၏ စစ်ကူများ ရွှေကူမြို့သို့ အဆက်မပြတ်ရောက်ရှိလာပြီးနောက် ဇွန်လ ၈ ရက်တွင် ရွှေကူမြို့ ဒေသခံများ မြို့မှ တိမ်းရှောင်ကြရန်နှင့် မြို့အဝင်အထွက်လမ်းပိုင်းအချို့ကိုလည်း သွားလာခွင့် ပိတ်ပင်လိုက်ကြောင်း KIA က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက် ထွက်ပြီးနောက် ရွှေကူမြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာသို့တိမ်းရှောင်ကြသလို အချို့ ဒေသခံများသည်လည်း မြို့ပေါ်တွင် ဆက်လက်နေထိုင်နေကြဆဲဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်အတွင်း ရွှေကူမြို့အပြင် ဗန်းမော်မြို့နှင့် အင်းတော်ကြီးဒေသတို့တွင်လည်း တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

၂၀၂၄ ခုနှစ် မတ်လမှ စတင်သည့် KIA နှင့် ပူးပေါင်းတပ်များ၏ ထိုးစစ်အတွင်း ရှမ်းပြည်နယ်ရှိ မဘိမ်းမြို့နှင့် ကချင်ပြည်နယ်အတွင်းရှိ မြို့ပေါင်း ၁၄ မြို့ကို သိမ်းပိုက်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles