
၂၀၂၀ ရွေးကောက်ပွဲကို ပြည်နယ်အတွင်း နေရာစုံ မကျင်းပခဲ့သည့် ကိစ္စဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သို့မဟုတ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးလှသိန်းကို တရားစွဲရန် လေ့လာနေကြောင်း ထင်ရှားသည့် ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်က ပြောသည်။
ထိုကိစ္စမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အစိုးရနှင့် ထိုအစိုးရ ခန့်ထားခဲ့သည့် ဥက္ကဋ္ဌ ဦးလှသိန်း ဦးဆောင်သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) တို့၏ နိုင်ငံရေးရည်ရွယ်ချက်ပါသည့် လုပ်ဆောင်မှုပင် ဖြစ်ကြောင်း ၎င်းက စွပ်စွဲသည်။
“(သမ္မတ) ဦးဝင်းမြင့်မှာပဲ တာဝန်ရှိလား၊ ဦးလှသိန်းမှာပဲ တာဝန်ရှိလား မပြောတတ်ဘူး”ဟု ရခိုင့်ဦးဆောင်ပါတီ (AFP) ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က ဆိုသည်။
၂၀၂၀ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး စသည့် ၉ မြို့နယ်နှင့် ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ်ရှိ အချို့နေရာများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ချန်လှပ်ခဲ့သည်။
တရားစွဲမည့်အစီအစဉ်ကို စစ်တပ်၏ ခိုင်းစေချက်အရ ၎င်းနှင့် AFP ပါတီတို့က ဦးစီးဆောင်ရွက်နေသည်၊ တရားစွဲရန် ပါတီဝင်တစ်ဦးဦးကို တာဝန်ပေးမည် စသော သတင်းများကိုမူ ဒေါက်တာအေးမောင်က ငြင်းသည်။
“ကျွန်တော်တို့ ပါတီအနေနဲ့ လုပ်တာမဟုတ်ဘူးဆိုတာတော့ မှတ်ပေးပါ။ ခင်ဗျားမေးတာနဲ့ ပတ်သက်ပြီး ခြေခြေမြစ်မြစ် ပြန်မပြောနိုင်သေးဘူး။ ကျွန်တော်လည်း လေ့လာနေဆဲပဲ”ဟု ၎င်းက ပြောသည်။
ဒေါက်တာအေးမောင်မှာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်တွင် နိုင်ငံတော်ပုန်ကန်မှု၊ နိုင်ငံတော်တည်ငြိမ်မှုပျက်စေမှုတို့ဖြင့် ထောင်အနှစ် ၂၀ ချမှတ်ခံရဖူးသူဖြစ်သည်။
စတင်ဖမ်းဆီးခံရချိန် ၂၀၁၈ ဇန်နဝါရီတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရှိနေသော ဦးဝင်းမြင့်က အမ်းမြို့နယ်အမတ်ဖြစ်သည့် ၎င်းအပေါ် မည်သို့မျှ ကာကွယ်မပေးခဲ့ဟု ဒေါက်တာအေးမောင်က ပြောသည်။
ထိုသို့ နှစ်ရှည်ပြစ်ဒဏ်ချမှတ်ခံရသည့် ဒေါက်တာအေးမောင်ကို ဦးလှသိန်း ဦးဆောင်သည့် UEC က ၂၀၂၀ မေတွင် လွှတ်တော်အမတ်အဖြစ်မှ ရုပ်သိမ်းသည်။
ဖေဖော်ဝါရီ ၁ တွင် NLD အစိုးရကို ဖြုတ်ချ၍ အာဏာသိမ်းပြီး ရက်ပိုင်းအကြာတွင် စစ်တပ်က သူ့ကို ပြန်လွှတ်ပေးခဲ့ပြီးနောက် ၁၀ လခန့်အတွင်း ဦးဝင်းမြင့်နှင့် ဦးလှသိန်းတို့ကို တရားစွဲရန် စဉ်းစားနေသည့် အစီအစဉ်ကို အသေးစိတ်ပြောရန် ဒေါက်တာအေးမောင်က အသင့်မဖြစ်သေးပေ။
“အတိအကျပြောလို့မရသေးဘူး။ အသေးစိတ်အချက်အလက်လေးတွေ မသိသေးဘူး။ မဖြစ်ဘူး၊ မဟုတ်ဘူးလို့လည်း မပြောနိုင်ဘူး”ဟု ဒေါက်တာအေးမောင်က ပြောသည်။

၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် နှစ်ကြိမ်ဆက် ရွေးကောက်ခံခဲ့ရသည့် ဦးဖေသန်းကလည်း ထိုသို့သော အစီအစဉ်နှင့် ပတ်သက်သည့် သတင်းစကား ရခိုင်နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ပြန့်နေကြောင်း အတည်ပြုသည်။
“ကျွန်တော်တို့ (သူ၏ ပါတီဟောင်း ANP) မဟုတ်တာတော့ သေချာတယ်။ ပါတီတစ်ခုခုရဲ့ ညွှန်ကြားမှုအောက်မှာ တစ်ယောက်ယောက်က လုပ်နေတာတော့ သေချာတယ်။ အဲဒီလောက်တော့ သိတယ်။ ဘယ်သူ၊ ဘယ်ပုဂ္ဂိုလ်ရယ်လို့ မပြောချင်ဘူး”ဟု ၎င်းက ပြောသည်။
ဦးဖေသန်းသည် မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကာလအစ ၁၉၈၈ လူထုအုံကြွမှုအပြီးတွင် နိုင်ငံရေးဩဇာကြီးမားသည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ဗဟိုကော်မတီဝင်၊ ထိုမှ ရခိုင်အမျိုးသားပါတီ (ANP) နိုင်ငံရေးမူဝါဒရေးရာ ဦးဆောင်ကော်မတီဝင်ဖြစ်ခဲ့သည်။
၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲများတွင် ANP ပါတီ၏ ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်အမတ်အဖြစ် နှစ်ကြိမ်တိုင် ရွေးကောက်ခံခဲ့ရကာ ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးနောက်တွင် စစ်ကောင်စီနှင့် ANP ခေါင်းဆောင်အချို့ ပူးပေါင်းဆောင်ရွက်မှုများရှိလာပြီးနောက်တွင် ပါတီမှ နုတ်ထွက်ထားသူဖြစ်သည်။
ထို့အတူ ANP ခေါင်းဆောင်အဖြစ်ရှိနေစဉ် ၂၀၂၀ ၌ မြေပုံမြို့နယ်မဲဆန္ဒနယ်တွင် ထပ်မံယှဉ်ပြိုင်ရန် စီစဉ်ခဲ့ဖူးသည်။ သို့သော် စစ်တပ်၏ လုံခြုံရေးဆိုင်ရာ အကြံပြုချက်များအရဟုဆိုကာ ဦးလှသိန်း၏ UEC က ထိုမဲဆန္ဒနယ်နှင့် အခြားနေရာများတွင် ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်မှုကြောင့် စိတ်ပျက်ခဲ့ရကြောင်း ၎င်းက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ဒေသအခြေစိုက်ပါတီများ အားကောင်းမှုကို ရည်ရွယ်ချက်ရှိရှိ ဟန့်တားသည့်သဘော သက်ရောက်နေ၍ ANP ပါတီနှင့် ၎င်းကိုယ်တိုင် ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြကြောင်း ဦးဖေသန်းက ပြောသည်။
သို့သော် ထိုကိစ္စကို စစ်တပ်က အာဏာသိမ်းထားချိန်တွင် အရေးယူရန် စီစဉ်မည့်ကိစ္စမှာ နိုင်ငံရေးပယောဂမကင်း၍ သဘောမတူနိုင်ကြောင်း ရခိုင်ဝါရင့်နိုင်ငံရေးသမားဖြစ်သည့် ၎င်းက မှတ်ချက်ပြုသည်။
“စစ်တပ်ကိုယ်၌က သဘောတူလက်ခံခဲ့တယ်။ ဒီကနေ့ကျမှ (ရခိုင်) ပါတီခေါင်းဆောင် (တစ်ဦးဦး) က ဖြစ်ဖြစ် ကမကထလုပ်ပြီးတော့၊ အသုံးချခံပြီးတော့ တရားစွဲတယ်ဆိုတာ မဖြစ်သင့်ဘူးလို့ ထင်တယ်”ဟု ဦးဖေသန်းက ပြောသည်။
ဦးဖေသန်းမှတ်ချက်ပြုသကဲ့သို့ပင် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ရေးပဋိပက္ခများ ရှိခဲ့သည့် ရခိုင်ပြည်နယ်အတွင်း မဲဆန္ဒနယ်ချန်လှပ်မည့်ကိစ္စများကို စစ်တပ်က ထူးထူးခြားခြား ပြောဆိုမှု မရှိပေ။
သို့သော် အာဏာသိမ်းခါနီး ရက်ပိုင်းအလို ဇန်နဝါရီ ၇ တွင် ရခိုင်ပြည်နယ်အတွင်း ချန်လှပ်ခဲ့သည့် မဲဆန္ဒနယ်များ၌ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးရန် စစ်တပ်က တောင်းဆိုခဲ့ပြီး သမ္မတ ဦးဝင်းမြင့်၏ ပြောခွင့်ရပုဂ္ဂိုလ်က ထိုကာလအတွင်း နေပြည်တော်၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပယ်ချခဲ့ဖူးသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၂၀ ရွေးကောက်ပွဲ မကျင်းပဖြစ်သည့် နေရာများမှာ စစ်တပ်၏ လုံခြုံရေးအကြောင်းပြချက်ကြောင့်သာ ဖြစ်သည်ဟု NLD ပါတီဗဟိုအလုပ်အမှုဆောင် ဦးအောင်ကြည်ညွန့်က ပြောသည်။
“အဲဒီတုန်းက မလုပ်ဖြစ်ခဲ့နိုင်တာက စစ်ရေးအခြေအနေနဲ့ လုံခြုံရေးအခြေအနေတွေက မရှိတဲ့အတွက် ဆိုပြီး နားလည်ထားတာလေ။ အဲဒီတုန်းက တကယ်တော့ လုံခြုံရေးအခြေအနေအရ မရလို့ မလုပ်ခဲ့တာပဲ။ မလုပ်ချင်လို့ မလုပ်ခဲ့တဲ့ အနေအထားမျိုးမှမဟုတ်တာ”ဟု ၎င်းက ပြောသည်။
၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ANP ကသာ အများစု အနိုင်ရခဲ့သည်။ ထို့အတူ ရလဒ်ကို ငြင်းပယ်ကာ အာဏာသိမ်းခဲ့သည့် စစ်တပ်က ဖမ်းဆီးထားသည့် နိုင်ငံ့အကြီးအကဲများကို ရွေးကောက်ပွဲကို အကြောင်းပြ တရားစွဲသည့် အစီအစဉ် အကောင်အထည်ဖော်ပြီးဖြစ်သည်။
၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှု၊ တရားမဲ့ပြုကျင့်မှုများ ကျူးလွန်သည်ဟု ဆိုကာ NLD ခေါင်းဆောင်များဖြစ်ကြသည့် သမ္မတ ဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ UEC ဥက္ကဠ ဦးလှသိန်း အပါအဝင် ၁၆ ဦးကို တရားစွဲထားကြောင်း စစ်ကောင်စီ ထိန်းချုပ်ထားသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက နိုဝင်ဘာ ၁၆ တွင် ကြေညာသည်။
ထိုအမှုများနှင့် ပတ်သက်သည့် စစ်ကောင်စီ၏ အသေးစိတ်အစီအမံများကို မသိရသေးပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)