
၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင်ကျင်းပသည့် အထွေထွေရွေးကောက်ပွဲရလဒ်များကို ပယ်ဖျက်ကြောင်း စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ယနေ့(ဇူလိုင်၂၆) ညပိုင်းတွင် ကြေညာခဲ့မှုသည် မဲဆန္ဒရှင်ပြည်သူများကို စော်ကားခြင်းပင်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က တုံ့ပြန်လိုက်သည်။
“အခု ရွေးကောက်ပွဲကော်မရှင်ဆိုတဲ့ စစ်ကောင်စီရဲ့ အမိန့်အတိုင်း ခန့်ထားတဲ့သူတွေဟာ ပြည်သူရဲ့ဆန္ဒကိုရော၊ ဥပဒေပါအချက်အလက်တွေကိုကော အလေးအနက်မထားဘဲနဲ့ ပြည်သူကို အပြင်းထန်ဆုံး စော်ကားလိုက်တာပဲ”ဟု NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က Myanmar Now ကို ပြောသည်။
မဲစာရင်းမှားယွင်းမှု ၁၁ သန်းကျော်ရှိနေခြင်း၊ NLD က အုပ်ချုပ်ရေးအာဏာနှင့် ကိုဗစ်နိုင်တင်းကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို အလွဲသုံး၍ နိုင်ငံတော်အာဏာကို မတရားရယူရန် ကြိုတင်ကြံစည်ခဲ့ခြင်း၊ လွတ်လပ်၍ တရားမျှတမှုမရှိခြင်းတို့ကြောင့် ရွေးကောက်ပွဲရလဒ်ပယ်ဖျက်ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ UEC က ဆိုထားသည်။
အထက်ပါ ရွေးကောက်ပွဲရလဒ်ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌလည်းဖြစ်သူ ဦးအောင်ကြည်ညွန့်က နိုင်ငံတကာနှင့် လေ့လာစောင့်ကြည့်သည့်အဖွဲ့အစည်းများ၊ တစ်ခဲနက်မဲပေးခဲ့ကြသည့် မဲဆန္ဒရှင်ပြည်သူများ သက်သေရှိပြီးဖြစ်၍ လက်ရှိ UEC ၏ လုပ်ဆောင်မှုမှာ ရေပေါ်အရုပ်ရေးသကဲ့သို့ပင်ဖြစ်ကြောင်း ပြောသည်။
“ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ပြည်တွင်းပြည်ပမှာ ဆောင်ရွက်ခဲ့ကြတဲ့ ပြည်တွင်းပြည်ပက လေ့လာရေးအဖွဲ့တွေကလည်း ဒါနဲ့ပတ်သက်ပြီးတော့ ရွေးကောက်ပွဲဟာ တရားမျှတမှုကို ထိခိုက်စေနိုင်လောက်တဲ့ ချွတ်ယွင်းချက်တွေမရှိဘူးဆိုတာလည်း အတိအလင်းရှိခဲ့ပြီး ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ရွေးကောက်ပွဲရလဒ်ကို စစ်ကောင်စီက ပယ်ဖျက်သည့် လုပ်ရပ်မှာ ဥပဒေနှင့်မညီ၊ ခိုင်လုံမှုမရှိသည်ကို ကမ္ဘာနှင့် မြန်မာသိစေရန် ရသမျှနည်းလမ်းပေါင်းစုံဖြင့် NLD နှင့် CRPH တို့က ဆောင်ရွက်သွားမည်ဟု ဦးအောင်ကြည်ညွန့်က ပြောသော်လည်း အသေးစိတ်ကို မသိရသေးပေ။
၁၉၉၀၊ ၂၀၁၅ တို့ကဲ့သို့ ဝင်ပြိုင်ခဲ့သည့် အထွေထွေရွေးကောက်ပွဲများနည်းတူ ၂၀၂၀ တွင်လည်း တစ်ပါတီတည်း အစိုးရဖွဲ့နိုင်သည်အထိ NLD က အပြတ်အသတ်အနိုင်ရပြီးချိန်တွင် ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ၌ စစ်တပ်က အာဏာသိမ်းခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲမှာ မသမာမှုလုပ်တယ်ဆိုတာက မနိုင်မှန်းသိတဲ့၊ မနိုင်ဘူးလို့ မျှော်လင့်တဲ့သူတွေကသာ ညစ်ကြရတဲ့ကိစ္စ ဖြစ်ပါတယ်”ဟုလည်း ဦးအောင်ကြည်ညွန့်က မှတ်ချက်ပြုသည်။

အာဏာသိမ်းပြီး များမကြာမီတွင်ပင် NLD ဝင်မပြိင်ခဲ့ဘဲ မဲမသမာမှုများစွာဖြင့် နာမည်ကျော်သည့် ၂၀၁၀ ရွေးကောက်ပွဲကို ဦးစီးကျင်းပဖူးသူ ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိုးကို စစ်ကောင်စီက UEC ဥက္ကဋ္ဌအဖြစ် ပြန်လည်ခန့်အပ်ခဲ့သည်။
UEC ဥက္ကဋ္ဌ ဖြစ်လာပြီးနောက်တွင် ဦးသိန်းစိုးက ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ရန်၊ NLD ပါတီကို ဖျက်သိမ်းရန် တောက်လျှောက်လေသံပစ်ထားသည်။