သတင်း

မြင်းခြံသား ၆ ဦး အဖမ်းခံရပြီး တစ်ပတ်အကြာတွင် အလောင်းသာပြန်တွေ့

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၌ လွန်ခဲ့သည့်တစ်ပတ်ခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား ၆ ဦး၏ ရုပ်အလောင်းများကို စစ်တပ်က လမ်းဘေးတွင် လာရောက်စွန့်ပစ်ခဲ့သည်။

ယမန်နေ့ (ဒီဇင်ဘာ ၁၄) နေရာသုံးခု၌ တကွဲတပြားစီတွေ့ခဲ့ရသော ရုပ်အလောင်းများမှာ မြင်းခြံမြို့နယ် ရွာသစ်ရွာမှဖြစ်ပြီး ယခုလ ၆ ရက်က ဖမ်းဆီးခံရသူများဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ 

စစ်တပ်က အင်အား ၆၀ ခန့်ဖြင့် ရွာသစ်ကို ရောက်လာပြီးနောက် ၎င်းတို့အလိုရှိသူ လူငယ်တစ်ဦးနှင့်အတူ အခြားသူ ၅ ဦးကိုပါ ဖမ်းဆီးသွားကာ တစ်ပတ်အကြာတွင် လမ်းဘေး၌ အလောင်းစွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးသတ်ဖြတ်ခံရသူများမှာ အသက် ၂၀ အရွယ် ကိုအောင်ဇေယျာဖြိုး၊ ကိုအောင်သန်းကျော် (ခ) ချစ်တီး၊ ကိုမင်းသူ၊ ကိုကောင်းကောင်း၊ ၄၅ နှစ်ရွယ် ဦးဇော်နိုင်ဝင်းနှင့် ၄၇ နှစ်အရွယ် ဦးအောင်နိုင်ဝင်း တို့ဖြစ်သည်ဟု စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဦးဆောင်နေသည့် မြို့ခံလူထုကော်မတီထံမှ သိရသည်။

ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် ရုပ်အလောင်းများကို ရွာသစ်ရွာနှင့် မလှမ်းမကမ်းနေရာများ၌ သုံးနေ ရာခွဲကာ စွန့်ပစ်ထားခြင်းဖြစ်ကြောင်း ထိုကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။​

“မနေ့ညက လူတွေပြောတာ ကားနှစ်စီးတွေ့တယ်။ (အလောင်း) ပစ်ပြီး ပြန်လှည့်သွားတာ ဖြစ်လောက်တယ်”

ရွာကြီးရွာအနောက်တွင် တွေ့ရှိသည့် ဦးအောင်နိုင်ဝင်းနှင့် ဦးဇော်နိုင်ဝင်းတို့၏ ရုပ်အလောင်းများကို နွားထိုးကြီးမြို့ ပရဟိတအဖွဲ့ကလည်းကောင်း၊ ကျန်လေးဦး၏ရုပ်အလောင်းများကို မြင်းခြံနာရေးကူညီမှုအသင်းကလည်းကောင်း သယ်ယူကာ မြင်းခြံဆေးရုံသို့ ပို့ဆောင်ထားသည်ဟု သိရသည်။

စစ်တပ်က အမည်စာရင်းနှင့် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ စာရင်းတွင်ပါရှိသည့် ကိုအောင်ဇေယျာဖြိုးကို ရိုက်နှက်စစ်ဆေးရာမှ ကျန်ရွာသား ငါးဦးကို ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သီရသည်။

“အောင်ဇေယျာဖြိုးကို ခေါ်စစ်တာ၊ သေလုမြောပါး ရိုက်နှက်စစ်တော့ ကြောက်လန့်ပြီး လျှောက်ဖြေတဲ့လူ ငါးဦးကို ဖမ်းခေါ်သွားတာ။ အခု ဖမ်းသွားတဲ့လူတွေထဲက ငါးဦးက စစ်တပ်က လိုချင်တဲ့ စာရင်းထဲလည်း မပါဘူး” ဟု မြင်းခြံလူထုလှုပ်ရှားမှုကော်မတီ တာဝန်ခံက ပြောသည်။

သတ်ဖြတ်အလောင်းစွန့်ပစ်ခံရသော ရုပ်အလောင်း ၂ ခုအား တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်တပ်က ရွာသားခြောက်ဦးကို ဖမ်းဆီးသွားသည့်အပြင် ၎င်းတို့စာရင်းမှ ရှာမတွေ့သူ လေးဦး၏ နေအိမ်များကို မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

“သူတို့ဆီမှာ စာရင်းပါလာတယ်။ စာသင်ကျောင်းထဲကို အိမ်ထောင်စုဇယားတွေ ယူပြီးလာခဲ့ဆိုပြီး တစ်အိမ်တစ်ယောက် ယူလာခိုင်းတယ်။ သူတို့လိုချင်တဲ့နာမည်တွေ လူမတွေ့တဲ့အိမ်တွေကို မီးရှို့ပစ်တယ်” ဟု အထက်ပါ ကော်မတီတာဝန်ရှိသူက ပြောသည်။

ရွာသစ်ရွာသား ခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားသည့် စစ်သားများ၏ လက်မောင်းတံဆိပ်အရ မကွေးမြို့အခြေစိုက် တပ်မ ၈၈ မှဖြစ်ကြောင်း သိရသည်။ 

နေအာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူမှန်သမျှကို နည်းလမ်းမျိုးစုံဖြင့် ဖမ်းဆီး သတ်ဖြတ်နေရာ သက်ဆိုင်ရာ မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း အလျှင်းမရှိဘဲ လမ်းဘေး၌ အလောင်းစွန့်ပစ်သည်များလည်းရှိသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button