ဆောင်းပါး

ကမ္ဘာ့ဖလားပြိုင်ပွဲရောက် ဂျာစီများနှင့် အထည်ချုပ်အလုပ်သမားများဘဝ

ကာတာနိုင်ငံတွင် ၂၂ ကြိမ်မြောက် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီး ကျင်းပလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းမှ သန်းပေါင်းများစွာသော ပရိတ်သတ်များ စိတ်ဝင်တစားအားပေးနေသည့် အားကစားပြိုင်ပွဲကြီးဖြစ်သည်။ လူသောင်းနှင့်ချီဆန့်သည့် ဘောလုံးကွင်းကြီးများအတွင်း၌လည်း ပရိတ်သတ်များက အရောင်စုံအသွေးစုံပင်။

ကိုယ်စားပြုရာ နိုင်ငံအလိုက် ကမ္ဘာ့တစ်ဝန်းက ဘောလုံးပရိတ်သတ်များ ဝတ်ဆင်နေကြသည့် အရောင်အသွေးစုံ ဂျာစီအင်္ကျီ (ဘောလုံးအင်္ကျီ) များမှာ အားကစားပစ္စည်းနှင့် အဝတ်အထည်ဘက်တွင် ကမ္ဘာကျော်ကုမ္ပဏီများဖြစ်သည့် Nike နှင့် Adidas တို့က ထုတ်လုပ်ထားခြင်းဖြစ်သည်။​

ထိုကုမ္ပဏီများထုတ် ဂျာစီအင်္ကျီတစ်ထည်အမှာ အမေရိကန်ဒေါ်လာ ၉၀ မှ ၁၅၀ အထိ တန်ပြီး ကစားသမားများ ဝတ်ဆင်သည့် ဝတ်စုံနှင့် ဖိနပ်များမှာ ဒေါ်လာ ၂၀၀ ကျော် တန်ကြေးရှိသည်။​

ကမ္ဘာကျော် နာမည်ကြီးအမှတ်တံဆိပ်နှစ်ခုဖြစ်သော Nike  နှင့် Adidas ကုမ္ပဏီတို့မှာ ယခုနှစ် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် တရားဝင် ဝတ်စုံရောင်းချခွင့် ရရှိထားသည်။​ 

ကာလပေါက်ဈေးအရ မြန်မာကျပ်ငွေအားဖြင့် နှစ်သိန်းကျော်မှ သုံးသိန်းအထိ တန်ကြေးရှိသော ထိုအားကစားအင်္ကျီများကို ချုပ်လုပ်ပေးသူများမှာ ဘယ်လောက်ရကြပါလိမ့်။ 

နာမည်ကျော် Adidas အမှတ်တံဆိပ်ဖိနပ်များ ချုပ်လုပ်ပေးနေသည့် ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် သာဓုကန်စက်မှုဇုန်ရှိ မြန်မာပေါင်ချိန်စက်ရုံတွင် အလုပ်သမားများ ၇၈၀၀ ကျော်ရှိပြီး ၎င်းတို့၏ တစ်နေ့လုပ်ခမှာ ကျပ် ၄၈၀၀ ဖြစ်သည်။ ၂ ဒေါ်လာကျော်ကျော်မျှသာပင်။

မြန်မာနိုင်ငံရှိ ထိုစက်ရုံသည် တောင်အာရှဒေသရှိ သန်း ၄၀ ခန့်သော အထည်ချုပ်အလုပ်သမားများ၏ ဆိုးရွားသော လုပ်ငန်းခွင်အခြေအနေ၊ လုပ်ခလစာနှင့် ကပ်ရောဂါကာလအတွင်း ပို၍ဆိုးရွားသော အခြေအနေဆိုးများနှင့် ရင်ဆိုင်ရုန်းကန်နေရသည်ကို မြင်သာစေသည်။​

ကမ္ဘာ့အကြီးအကျယ်ဆုံးသော အားကစားပြိုင်ပွဲကြီး ကျင်းပနေချိန် အားပေးသူပရိတ်သတ်တို့ အကြိုက် ဂျာစီလှလှလေးများကို ချုပ်လုပ်ပေးနေသူများမှာ လုပ်ငန်းခွင်တွင်း ဖိအားပေးခံရမှုများအပြင် အလုပ်ထုတ်ခံရသည်များပင် ရှိနေသည်။​

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းက တစ်နေ့စာလုပ်အားခ ကျပ် ၈၀၀၀ တိုးပေးရန် တောင်းဆိုခဲ့သော အလုပ်သမားများကို ပေါင်ချိန်စက်ရုံ တာဝန်ရှိသူများက ခြိမ်းခြောက်ကာ ဦးဆောင်သူများကို အလုပ်ထုတ်ပစ်ခဲ့သည်။ စုစုပေါင်း အလုပ်ထုတ်ခံရသူ  ၂၉ ဦးအထိရှိပြီး ၁၆ ဦးမှာ အလုပ်သမား ၂၀၀၀ ကျော်ကို ဦးဆောင်ဆန္ဒပြခဲ့သည်ဟု စက်ရုံဘက်က စွပ်စွဲခဲ့သည့် အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များဖြစ်ကြသည်။

အာဏာသိမ်းစစ်တပ်က တိုင်းပြည်၏ ဒီမိုကရေစီစံနှုန်းများကို ဖျက်ဆီးရန် ကြိုးပမ်းနေချိန် စက်ရုံပိုင်ရှင်များကလည်း ဆန္ဒပြုမှုကို အကြောင်းပြု၍ အလုပ်သမားသမဂ္ဂများကို အရေးယူနိုင်ရေး အခွင့်အရေးအဖြစ် အသုံးချနေသည်ဟု ဖိနှိပ်ခံအလုပ်သမားများက ယုံကြည်ကြသည်။​

တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံတွင် ငွေကြေးဖောင်းပွလာခြင်းနှင့် မြန်မာငွေတန်ဖိုးကျဆင်းလာခြင်းများက ပြည်သူများ၏ စားဝတ်နေရေးအတွက် ဖိအားထပ်တိုးစေသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ဒေါ်လာနှင့် နှိုင်းယှဉ်ပါက ကျပ်ငွေတန်ဖိုးမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်။ အခြေခံစားသောက်ကုန်၊ သယ်ယူပို့ဆောင်ရေးစရိတ်နှင့် နေထိုင်စရိတ် တဟုန်ထိုးကြီးမြင့်လာခဲ့သည်။ 

ကျန်းမာရေးမကောင်းသည့် အမျိုးသမီးစက်ရုံ အလုပ်သမားတစ်ဦးက သုံးရက်စာ စားစရာမရှိကြောင်း၊ လုပ်ဖော်ကိုင်ဖက်များ လာပို့မှ စားရကြောင်း ဆိုသည်။

အလုပ်ဖြုတ်ခံထားရသည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီး အလုပ်သမားတစ်ဦးကမူ အလုပ် ပြန်လိုချင်သည်ဟု ပြောသည်။

“အခန်းငှားစရိတ်ပေးဖို့၊ မိသားစုကို ပိုက်ဆံပို့နိုင်ဖို့ကို  စိတ်ပူနေရတယ်။ ကျွန်မပို့ပေးမှ သူတို့ ရပ်တည်လို့ရမှာ” 

“ကျပ်တည်းတာကတော့ အရင်ကတည်းကပဲ။ အဲဒါကြောင့် လခတိုးပေးဖို့ တောင်းဆိုတာ။ အခုတော့ အလုပ်လည်းမရှိတော့ ပိုကျပ်သွားပြီ။ စားဖို့တောင်အနိုင်နိုင်” ဟု ထိုအမျိုးသမီးငယ်က ဆက်ပြောသည်။

ထိုင်ဝမ်ရှိ ပေါင်ချိန်စက်ရုံရုံးချုပ်ကို နယူးယောက်တိုင်းမ်သတင်းစာက ဆက်သွယ်မေးမြန်းရာတွင် အလုပ်သမားများ၏ လစာငွေကိစ္စနှင့် ကိုယ်ရေးကိုယ်တာကိစ္စများကို မြန်မာနိုင်ငံ၏ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများအရ ဆောင်ရွက်ပေးနေကြောင်း၊ အလုပ်သမားများ၏ စုပေါင်းတောင်းဆိုမှုအပေါ် လေးစားကြောင်း ဆိုသည်။ 

ထုတ်ပယ်ခံ အလုပ်သမားများကိစ္စနှင့် ပတ်သက်၍ “မြန်မာနိုင်ငံရဲ့ ဥပဒေကြောင်းအတိုင်း ခုံသမာဓိကောင်စီလုပ်ထုံးလုပ်နည်းအတိုင်း ဆက်သွားနေပါတယ်” ဟု တုံ့ပြန်သည်။

ရွှေပြည်သာမြို့နယ်ရှိ မြန်မာပေါင်ချိန်စက်ရုံ၏ လုပ်ရပ်မှာ အလုပ်သမားများ၏ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ချိုးဖောက်နေကြောင်း၊ ၎င်းတို့ကုမ္ပဏီက အစဉ်အမြဲအလေးထားသည့် လုပ်ငန်းခွင်စံနှုန်းများ ချိုးဖောက်ပြီး အလုပ်ထုတ်ပယ်ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း Adidas က ထုတ်ပြန်ထားသည်။

အဆိုပါကိစ္စရပ်ကို စုံစမ်းစစ်ဆေးနေပြီး ထုတ်ပယ်ခံ အလုပ်သမားများကို ချက်ချင်းအလုပ်ပြန်ခန့်ရန်လည်း Adidas ကုမ္ပဏီက တောင်းဆိုထားသည်။​

အနောက်နိုင်ငံများရှိ နာမည်ကျော် ဖက်ရှင်နှင့် အားကစားဝတ်စုံ အမှတ်တံဆိပ်ပိုင်ရှင် ကုမ္ပဏီများသည် ကိုယ်ပိုင်ထုတ်လုပ်ရေးစက်ရုံ မရှိဘဲ ကမ္ဘာ့တောင်ဘက်ခြမ်းရှိ နိုင်ငံများမှ စက်ရုံများကို ချုပ်လုပ်တင်သွင်းစေခြင်းဖြစ်သည်။

ပြောရကြေးဆိုလျှင် ထိုကမ္ဘာကျော်ကုမ္ပဏီကြီးများသည် အလုပ်သမားများ၏ တိုက်ရိုက်အလုပ်ရှင် ဖြစ်မနေခြင်းကြောင့် အလုပ်သမားအခွင့်အရေး၊ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများတွင် တာဝန်မရှိသည့်နှယ်ဖြစ်နေသည်။

နာမည်ကျော်အမှတ်တံဆိပ်များဖြစ်သည့် H&M, Adidas နှင့် Nike တို့သည် ၎င်းတို့ထံ အဝတ်အထည်ချုပ်လုပ်တင်သွင်းစာရင်းကို ထုတ်ပြန်ထားသော်လည်း အမေရိကန်၊ အင်္ဂလန်နှင့် ဘရာဇီးတို့ အပါအဝင် ကမ္ဘာ့ဖလားပြိုင်ပွဲ ဘောလုံးအသင်း ၁၃ သင်းအတွက် ယူနီဖောင်းများထုတ်လုပ်ပေးနေသည့် Nike ကုမ္ပဏီက ထုတ်ပြန်မထားသဖြင့် မည်သည့်နေရာတွင် ချုပ်လုပ်သည်ကို ခြေရာခံမရပေ။​

ကမ္ဘာကျော် အင်္ဂလန်ပရီးမီးယားကလပ်အသင်း မန်ချက်စတာယူနိုက်တက်နှင့် Adidas အတွက် အားကစားအင်္ကျီများ ချုပ်လုပ်ပေးနေသည့် ကမ္ဘောဒီယားနိုင်ငံမှ အလုပ်သမား ၂၈၀၀ ကျော်ရှိ Trax Apparel စက်ရုံသည် မကြာမီက အလုပ်သမား ၈ ဦးကို အလုပ်ထုတ်ခဲ့ဖူးသည်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို လက်ခံကျင်းပနေသော ကာတာနိုင်ငံအာဏာပိုင်များနှင့် ပတ်သက်၍လည်း ဂယက်များစွာရှိနေသည်။​ အထူးသဖြင့် ရွှေ့ပြောင်းအလုပ်သမားများ ခေါင်းပုံဖြတ်ခံရသည့် အရေးကို နိုင်ငံတကာက ပြစ်တင်ဝေဖန်ထားသည်။ အစဉ်အလာအကြီးဆုံး ဘောလုံးပြိုင်ပွဲကြီး လက်ခံကျင်းပနိုင်ရေး အားကစားကွင်းများ အလျင်အမြန်တည်ဆောက်စေခဲ့ရာ နိုင်ငံစုံမှ ရွှေ့ပြောင်းလုပ်သား ၆၀၀၀ သေဆုံးခဲ့ရသည့်အတွက်ဖြစ်သည်။

(မှတ်ချက် – နယူးယောက်သတင်းစာက ရေးသားထားသည့် “Who Made Your World Cup Jersey? ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ထားခြင်းဖြစ်ပါသည်။)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button