သတင်း

မြန်မာသည် မူးယစ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်နေ

 ရန်ကုန် – မြန်မာနိုင်ငံသည် မူးယစ်ဆေးဝါးများ ဖြတ်သန်းစီးဆင်းရာ လမ်းကြောင်းဖြစ်နေသည်မှာ ငြင်းပယ်၍ မရနိုင်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံး ရဲမှူးလှဝေက ရန်ကုန်မြို့မူးယစ် ဆေးဝါးပြတိုက်တွင် ယနေ့ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအထိမ်းအမှတ်နေ့တွင် ပြောသည်။

“မူးယစ်ဆေးဝါး လမ်းကြောင်းသည် ကျွန်တော်တို့နဲ့ ဝေးလံခေါင်ပါးတဲ့ ဒေသ၊ (လုံခြုံရေးမရှိတဲ့) ဒေသတွေမှာ မူးယစ်ဆေးဝါးတွေ ချက်လုပ်ပြီးတော့ ဒီလိုပဲ လမ်းကြောင်းတွေ အသွယ် သွယ်နဲ့ ဖြတ်သန်းစီးဆင်းနေတယ် ဆိုတာ ငြင်းပယ်လို့ မရပါဘူး” ဟု ၎င်းကပြောသည်။

မေလ နှောင်းပိုင်းက မလေးရှားနိုင်ငံမှာ စံချိန်တင်ဖမ်းဆီးရမိသော အမေရိကန်ဒေါ်လာ ၁၈ သန်း တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများလည်း မြန်မာနိုင်ငံမှ စီးဆင်းသွားသည်ကို ငြင်းပယ်၍ မရနိုင်ကြောင်း ထိုအကြောင်းအရာကိုလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က တရားဝင်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဒီအပေါ်မှာလည်း ကျွန်တော်တို့ ဘယ်လို ထိန်းချုပ်ရမလဲဆိုတာ မီဒီယာတွေရော အားလုံး ပူးပေါင်းပြီးတော့ မြန်မာနိုင်ငံရဲ့ပုံရိပ်ကို မထိခိုက်ရအောင် ကျွန်တော်တို့ အနေနဲ့ ပူးပေါင်းပြီး တော့ တိုက်ဖျက်သွားဖို့ပဲ အရေးကြီးပါတယ်”ဟု ၎င်းကပြောသည်။

နယ်သာလန်နိုင်ငံအခြေစိုက် ထရန်နေရှင်နယ်အင်စတီကျု (Transnational Institute) ဟု ခေါ်သည့် သုတေသနနှင့် မူဝါဒရေးရာ အကြံပေးအဖွဲ့က ၂၀၁၅ ခုနှစ် အတွင်း ထုတ်ပြန်သည့် တစ်ကျော့ပြန်ရွှေတြိဂံဒေသ အစီရင်ခံစာတွင် “United Nations Office On Drugs and Crime (UNODC) ၏ အချက်အလက်များအရ မက်အမ်ဖီတမင်း (မက်သမ်ဖက်တမင်း) မူးယစ်ဆေးဝါးများကို မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်နယ်တွင် အဓိကထုတ်လုပ်နေပြီး မှောင်ခိုလမ်းကြောင်းများမှ တစ်ဆင့် တရုတ်၊ လာအိုနှင့်ထိုင်းနိုင်ငံတို့ ကို တင်ပို့လျက်ရှိသည်” ဟု ဖော်ပြထားသည်။

မှောင်ခိုကုန်ကူးသည့် လမ်းကြောင်းတစ်ခုမှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် မြစ်ဖျားခံပြီး မြန်မာ-လာအို၊ လာအို-ထိုင်း နိုင်ငံတို့အကြား နယ်နိမိတ်စည်းအဖြစ် တောင်ဘက်သို့ စီးဆင်း လာသည့် မဲခေါင်မြစ် ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။

အဆိုပါ မက်သမ်ဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးများသည် မြန်မာနိုင်ငံအနောက်ပိုင်းမှတစ်ဆင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့်နိုင်ငံများသို့ ပျံ့နှံ့ရောက်ရှိခဲ့သည်ဟုလည်း အစီရင်ခံစာက ရေးသားသည်။

“ဒေသတွင်းဈေးကွက်များကိုသာ တင်ပို့လျက်ရှိသော်လည်း လတ်တလောအစီရင်ခံစာများအရ အရှေ့တောင်အာရှဒေသအတွင်းထုတ်လုပ်ဖြန်ဖြူးမှုသည် ကမ္ဘာ့ဈေးကွက်ထိ ရောက်ရှိလာ ကြောင်း တွေ့ရှိရသည်” ဟုထိုအစီရင်ခံစာတွင် ပါရှိသည်။

တစ်ချိန်တည်းတွင် သမ္မတဦးဝင်းမြင့်ကလည်း ၎င်း၏လက်ထက်တွင် ကတိပေးထားခဲ့သည့်အတိုင်း မူးယစ်ဆေးဝါးနှိမ်နင်းရေးကို ပိုမိုအာရုံစိုက်မည်ဟု နေပြည်တော်၌ ယနေ့ကျင်းပခဲ့ သည့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားသည်။

မူးယစ်ဆေးဝါးကို ပိုမို နှိမ်နင်းနိုင်ဖို့အတွက် လက်ကြီးသမားထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချ သူများနှင့် လက်ကြီးသမားများကို လျစ်လျူရှုထားသည့် အဓိကတာဝန်ရှိသူများကို ပစ်မှတ်ထား နှိမ်နင်းရန်လည်း သမ္မတဦးဝင်းမြင့်က သမ္မတ၏ မြန်မာနှစ်သစ်ကူးမိန့်ခွန်းကို  ထပ်မံကိုးကား ကတိပြုခဲ့သည်။

မူးယစ်မှုများတွင်လည်း ကွင်းဆက်ပျောက်သွားသည့် ပိုင်ရှင်မဲ့ ဖမ်းဆီးရရှိမှုများအား တင်းတင်းကျပ်ကျပ် ကိုင်တွယ်ရန် မူးယစ်နှိမ်နင်းရေးအရာရှိများအား သတိပေးထားကြောင်းလည်း သမ္မတက အဆိုပါမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့တိုင်း ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအထိမ်းအမှတ်နေ့တွင် ယခုနှစ်အတွင်း နိုင်ငံအနှံ့ ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည့် အမေရိကန် ဒေါ်လာ ၆၆ သန်း ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ရန်ကုန် လှိုင်သာယာမြို့နယ် ဒဂုံဧရာအဝေးပြေးယာဉ်ရပ်နားစခန်းဝင်းအတွင်း မီးရှို့ဖျက်ဆီးခဲ့သည်။

Show More

Related Articles

Back to top button