
ခေတ်ပေါ်ကဗျာမျိုးဆက်တွင် ထင်ရှားသည့် ကဗျာဆရာ ကြည်ဇော်အေး၏ နာရေး အခမ်းအနားကို ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်၊ ရေဝေး သုဿန်တွင် ယနေ့ (အောက်တိုဘာ ၅) နံနက်ပိုင်းက ကျင်းပခဲ့သည်။
ကဗျာဆရာ ကြည်ဇော်အေးသည် အောက်တိုဘာ ၃ နံနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ဦးနှောက်သွေးကြောပေါက်သည့် ဝေဒနာကို ကုသမှု ခံယူနေစဉ် ကွယ်လွန်ခြင်းဖြစ်သည်။
ခေတ်ပေါ်ကဗျာဆရာ လူငယ်မျိုးဆက်များကြားတွင် တော်လှန်စိတ် ပြင်းထန်သည့် ကဗျာဆရာ တစ်ဦးအဖြစ် ကိုကြည်ဇော်အေးမှာ လူသိများပြီး သိဒ္ဓိတ မင်းသား တောထွက်သည့် အကြောင်းကို ကဗျာဖွဲ့ဆိုထားသည့် “ တော်လှန်ရေးသမားတစ်ယောက်ရဲ့ အတ္တုပ္ပတ္တိ ” မှာ ထင်ရှားသည့် ကဗျာတစ်ပုဒ်ဖြစ်သည်။
ကဗျာဆရာကြည်ဇော်အေးမှာ အာဏာရှင် စနစ်ကို ဆန့်ကျင်သည့် သူပုန်စိတ်ပြင်းထန်သည့် ကဗျာဆရာ တစ်ဦးဖြစ်ပြီး ကြည်ဇော်အေးကို ဆုံးရှုံးရခြင်းမှာ စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်တော်လှန်သည့် ကဗျာဆရာ မျိုးဆက်အတွက်လည်း ဆုံးရှုံးမှုဖြစ်သည်ဟု ကဗျာဆရာ လွှမ်းရုံက ပြောသည်။
“ကြည်ဇော်အေးဆိုတာ ကျွန်တော်တို့ မျိုးဆက်ရဲ့ သူပုန်စိတ်ပြင်းတဲ့ ကဗျာဆရာ တစ်ယောက်ပါ။ Rock သီချင်းတွေကို ကြွေတယ်။ စစ်အာဏာရှင်တွေကို နောက်ဘဝအထိအောင် ပြတ်ပြတ်သားသား ငြင်းခဲ့တယ်။ သူဟာ ဟောဒီခေတ်ကြီးကို သူ့နှလုံးသားနဲ့ ကုတ်ခြစ်ပြီး ကျလာတဲ့ သွေးစိမ်းရှင်ရှင်တွေနဲ့ ကဗျာရေးခဲ့တာပါ” ဟု ၎င်းက ပြောသည်။
၁၉၇၇ ခုနှစ်ဖွား စစ်ကိုင်းတိုင်း၊မုံရွာဇာတိ ကဗျာဆရာ ကြည်ဇော်အေး၏ ခေတ်ပေါ်ကဗျာများကို ၂၀၀၀ ပြည့်နှစ်မှ စတင်ပြီး မဂ္ဂဇင်းစာမျက်နှာများတွင် တွေ့ခဲ့ကြရသည်။
၂၀၀၃ ခုနှစ်တွင် ပထမဆုံး လုံးချင်း ကဗျာစာအုပ် “ရိုးရိုးသားသား သစ်သီး” ကို ထုတ်ဝေပြီး မောင်ချောနွယ် ကဗျာဆု၊ ရသကမ်းခြေ ကဗျာဆု၊ အလယ်ရိုးမ ကဗျာဆု၊ ကဗျာချစ်သူ လူငယ်များ ကဗျာဆုတို့ကို ရရှိသည်။
“ကဗျာ့ အသံ” ကဗျာ မဂ္ဂဇင်း ဦးဆောင်ထုတ်ဝေသူ တစ်ဦးလည်း ဖြစ်သူ ကြည်ဇော်အေးသည် လုံးချင်း ကဗျာစာအုပ် ၁၂ အုပ်၊ အက်ဆေး ၂ အုပ် ထုတ်ဝေခဲ့သည်။ နှစ်ငါးဆယ်၊ ငါ့နာမည် ဂုဏ်သရေရှိ၊ တော်လှန်ရေးသမားတစ်ယောက်ရဲ့ အတ္ထုပ္ပတ္တိ ကဗျာများမှာ ထင်ရှားသည့် ကဗျာများဖြစ်သည်။
၂၀၁၃ ခုနှစ်တွင် “ နှစ်ငါးဆယ်” ကဗျာစာအုပ်ဖြင့် အလယ်ရိုးမ ကဗျာဆုကို ရရှိခဲ့ပြီး “ကော်ဖီခံစားမှုများ” အက်ဆေးစာအုပ်မှာ ၎င်းနောက်ဆုံး ထုတ်ဝေခဲ့သည့် ကဗျာစာအုပ်ဖြစ်သည်။
သူ မွေးဖွားကြီးပြင်းရာ စစ်ကိုင်းတိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်အာဏာရှင်စနစ်၏ ဆိုးသွမ်းယုတ်မာမှုများနှင့် ပတ်သက်ပြီး မကွယ်လွန်မီ တစ်ရက်အလိုက ကဗျာ တစ်ပုဒ် ရေးသားခဲ့သည်။ ခေါင်းစဉ်မှာ “လာမယ့် ဆောင်းရာသီ” ဖြစ်သည်။
“မလုံခြုံမှုမီးခိုးများဟာ
အူနေတယ်
လေထု ပွန်းပဲ့
ရဟတ်များလည်ပတ်လျက်
ခြောက်ကပ်လယ်ယာမြေပေါ်
စိုစွတ်နေတဲ့သွေးစ
အသားစ
အရိုးစ” ဟု
ထိုကဗျာတွင် ထည့်သွင်း ရေးဖွဲ့ထားသည်။
ထို့အပြင် သူကိုယ်တိုင် နားထောင်ခံစားခဲ့ရသော စစ်ဒဏ်သင့်စစ်ကိုင်းတိုင်းဒေသခံတို့၏ အသံများကိုလည်း ထိုကဗျာတွင် ထည့်သွင်းရေးသားထားသည်။
“စစ်ဖြစ်နေမှတော့
အချစ်စစ်နဲ့လည်းဘယ်တွေ့နိုင်ပါ့မလဲ”
လူငယ်တယောက်က အံကြိတ်ပြီးပြောတယ်
“ခွေးမသားတွေ
ခွေးကျွေးတောင်မစားဘူး” တဲ့
အဖိုးအိုတယောက်က
တောက်ခေါက်တယ်” ဟု ကြည်ဇော်အေးက ထိုကဗျာတွင်ထည့်သွင်းဖွဲ့ဆိုထားသည်။
သို့သော် စစ်အာဏာရှင် စနစ်ကို အောင်နိုင်ရန် တော်လှန်ရေး၏ များပြားလှသော လိုအပ်ချက် များကိုမူ ၎င်းက အားမလို၊ အားမရ ဖြစ်ဟန်ရှိသည်။ ထိုအဇ္စျိတ္တဖြင့် ကိုကြည်ဇော်အေးက “လာမယ့် ဆောင်းရာသီ” ကဗျာကို အဆုံးသတ်ထားသည်။
“ဆေးမရှိတဲ့ရောဂါနဲ့တူတဲ့
လမ်းကမှားနေတယ်
ဆောင်းဝင်တော့မယ်
အချစ်ထက်ပိုပြီး
ဘယ်မီးဖိုက နွေးပါ့မလဲ
နာကျင်မှုကိုသာ
လှုံကြ ။”
ကဗျာဆရာ ကြည်ဇော်အေးသည် သူ၏ အသက် ၄၄ နှစ်မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် ကွယ်လွန်ခြင်း ဖြစ်သည်။