ကိုခန့်မင်းထက်မသေဆုံးခင် ရက်ပိုင်းအလိုက အောက်စီဂျင်ရှားပါးသည့်အကြောင်း Facebook တွင် ကဗျာတစ်ပိုဒ် ရေးသားခဲ့သည်။
“အောက်ဆီဂျင်ကျတော့ လုံလောက်အောင် မပေးနိုင်ဘူး….။
ကျည်ဆန်တွေကျတော့ လုံလောက်တယ်ဆိုတဲ့ ခေတ်ကြီးထဲ…”
၄၁ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်း ကိုခန့်မင်းထက်သည် အပြာရဲ့အနီ သံချပ်အဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ နိုင်ငံရေးခံစားချက်ပြင်းထန်သည့် သံချပ်များ၊ ကဗျာများရေးသားခြင်းကို မွေ့လျော်သည်။ အဓိက ဝင်ငွေရသည့် ဒီဇိုင်းဆွဲသည့် အလုပ်ကို ၂၀၂၀ နှစ်ဦးပိုင်းတွင် ရပ်နားခဲ့ပြီးနောက် အထီးကျန်မှုဖြင့် အဖော်ပြုလာရသည်။
ထို့ထက် ပိုမိုဆိုးရွားသည်မှာ စစ်ကောင်စီ၏ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှု၊ ကိုဗစ်နိုင်တင်းတတိယလှိုင်းကာလ အောက်စီဂျင်ပြတ်လပ်မှုတို့ကြောင့် မိတ်ဆွေအရင်းအချာတချို့အပါအဝင် လူအများအပြားသေဆုံးရခြင်းကို ကြုံတွေ့ရခြင်းဖြစ်သည်ဟု သူ၏ သားဖြစ်သူ ကိုလင်းထက်တာရာက ပြောသည်။
“စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ သူ့ရဲ့ Depression ပိုပြီးတော့ များလာတဲ့အပြင်ကိုမှ အဓိကက သူ့ကိုယ်သူ အားမလိုအားမရဖြစ်တာပေါ့။ သူများတွေလုပ်တာကို မြင်ရတဲ့အခါမှာ သူမလုပ်နိုင်တဲ့အခါမှာ စိတ်ဓာတ်ပိုကျလာတာ” ဟု ကိုလင်းထက်တာရာက ပြောသည်။
လူတစ်ယောက် စိတ်ဓာတ်ကျရသည့် အကြောင်းရင်းများစွာရှိနိုင်သည်။ ယနေ့ကာလ နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး ချွတ်ခြုံကျနေသည့် မြန်မာပြည်သူများအတွက် စိတ်ကျရောဂါနှင့် Trauma ဟုခေါ်သည့် စိတ်ဒဏ်ရာရရှိရန် ပို၍ လွယ်ကူသည်။
စစ်အာဏာသိမ်းမှု ၆ လကြာမြင့်လာချိန်တွင် စစ်ကောင်စီတပ်၏ ရက်စက်သည့် အကြမ်းဖက်သတ်ဖြတ်မှုများ၊ မတရားဖမ်းဆီးမှုများ၊ စီမံအုပ်ချုပ်မှုအမှားအယွင်းတို့ကြောင့် ကိုဗစ်နိုင်တင်းတတိယလှိုင်းတွင် မိသားစုဝင်များ၊ မိတ်ဆွေများ နေ့စဉ်သေဆုံးနေကြသည်။
စိတ်ဒဏ်ရာများကို ကုစားခြင်း
မြန်မာပြည်သူတို့ ရင်ဆိုင်နေရသည့် စိတ်ရောဂါအခြေအနေကို စိုးရိမ်သူများထဲတွင် အမေရိကန်ပြည်ထောင်စုတွင် ပါရဂူဘွဲ့ကျမ်းပြုနေသူ စိတ်ရောဂါကုပညာရှင် ဒေါ်ဖြူပန်းနုခင်လည်း ပါဝင်သည်။
ဒေါ်ဖြူပန်းနုခင်သည် စိတ်ကျရောဂါနှင့် စိတ်ဒဏ်ရာခံစားချက်များကို ထိန်းသိမ်းနိုင်ရန်၊ အဆုံးစီရင်မှုကာကွယ်ရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် အစီအစဉ်များ ချမှတ်နိုင်ရန် ကြိုးပမ်းနေသည်။
“တကယ်လို့ တစ်ယောက်ယောက်ဟာ အခုလက်ရှိမှာ စိတ်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ရုန်းကန်နေရတယ် ဆိုပါစို့။ အဲဒါဟာ အားနည်းမှုလက္ခဏာ လုံးဝမဟုတ်ပါဘူး။ အဲဒါဟာ နားလည်ပေးနိုင်စရာပါ။ အဲ့ဒါဟာ လုံးဝပုံမှန်မဟုတ်တဲ့ အခြေအနေတွေကို ပုံမှန်တုံ့ပြန်နေခြင်းပဲဖြစ်ပါတယ်” ဟု ဒေါ်ဖြူပန်းနုခင်က ပြောသည်။
ကဗျာဆရာ ကိုနေမျိုးဆက်လူသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဝင်ငွေရနိုင်သည့် လုပ်ငန်းများ ရပ်တန့်သွားပြီး စစ်အာဏာရှင်တော်လှန်ရေးနှင့် အနုပညာဖန်တီးရေး နှစ်ခုကြားတွင် စိတ်ဒွိဟဖြစ်စရာ အခြေအနေကို ရင်ဆိုင်ခဲ့ရသည်။
“အဓိကကတော့ အသက်ရှင်နေရတာ ထူးရောထူးနေသေးရဲ့လားပေါ့။ အကြောင်းကောထူးနေသေးရဲ့လားဆိုပြီးတော့ မေးခွန်းထုတ်စရာတော့ ကိုယ့်ကိုယ်ကိုတော့ ပြန်ဖြစ်လာတာပေါ့နော်။ ကူကယ်ရာမဲ့ အဲ့လိုမျိုးပေါ့” ဟု ကိုနေမျိုးဆက်လူက ပြောသည်။
ထို စိတ်ဓာတ်ကျသည့် အခြေအနေကို လွန်မြောက်နိုင်ရန် သူရေးထားသည့် ဝတ္ထုတိုများကို စုစည်းပြီး စာအုပ်ထုတ်ဝေရန် ဆုံးဖြတ်လိုက်သည်ဟု သူက ပြောသည်။
“အဲ့ဒီမှာ စိတ်ထည့်လိုက်တာပေါ့နော်။ စိတ်တွေ ကယောက်ကယက်တွေဖြစ်နေတဲ့အခါမှာ တစ်ခုခုတော့ လုပ်မှ ရတော့မယ်ဆိုပြီးတော့ပေါ့” ဟု သူက ပြောသည်။
ရန်ကုန်မှ ၆၃ နှစ်အရွယ် ကဗျာဆရာ ဦးခိုင်မျိုးသည် ပုံမှန်ဝင်ငွေရနေသည့် ရသစာပေအသားပေးစာအုပ်ဖြန့်ချိရေးလုပ်ငန်းမှာ စစ်အာဏာသိမ်းပြီးနောက်တွင် ရပ်တန့်သွားခဲ့သည်။
ပိုမိုဆိုးရွားသည်မှာ သူတို့ ဇနီးမောင်နှံ ၂ ဦးလုံး ဇူလိုင်လဆန်းတွင် ကိုဗစ်နိုင်တင်းရောဂါရခဲ့ခြင်းဖြစ်သည်။ ဇနီးဖြစ်သူသည် ဇူလိုင်ဒုတိယအပတ်တွင် သေဆုံးခဲ့သည်။
စစ်အာဏာသိမ်းမှုကို ၃ ကြိမ်တိုင်အောင် ကြုံခဲ့ရသူ ဦးခိုင်မျိုးအတွက် ယခုတစ်ကြိမ်မှာ အဆိုးရွားဆုံးခံစားရခြင်းဖြစ်ပြီး ၄၅ နှစ်ကြာအောင် ပေါင်းသင်းနေထိုင်လာသည့် ဇနီးဖြစ်သူကိုပါ ဆုံးရှုံးလိုက်ရသည်။
“နိုင်ငံရေးအခြေအနေက မတည်ငြိမ်ဘူး။ ဘဝတွေကလည်း မတည်ငြိမ်ဘူး။ မတည်ငြိမ်ခြင်းက မမြဲခြင်းပဲ။ အဲဒီအပေါ်မှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ရင်ဆိုင်ပြီးတော့ သွားတာပေါ့” ဟု ဦးခိုင်မျိုးက ပြောသည်။
အသက် ၃၅ နှစ်အရွယ် ကိုဗစ်လုပ်အားပေး ကဗျာဆရာမတစ်ဦးသည် ဇူလိုင်လကုန်တွင် ဖျားနာ၊ အနံ့ပျောက်သွားသည်။
ကိုဗစ်လုပ်အားပေးပြန်လုပ်နိုင်ရန် အမြန်ကျန်းမာအောင် ကြိုးစားနေပြီး စိတ်တည်ငြိမ်အောင် တရားထိုင်သည်ဟု သူက ပြောသည်။ လုံခြုံရေးအရ သူ့အမည်ကို မသုံးရန် မေတ္တာရပ်ခံသည်။
“ဒီအကြောက်တရားကို ရုန်းထွက်ပြီး ဖောက်ထွက်ဖို့ နည်းတဲ့အင်အားလား။ စိတ်အင်အားက အရမ်းကြီးရှိမှ ရမယ့်ကိစ္စလေ” ဟု သူက ပြောသည်။
ကဗျာဆရာများ နာဖျားခြင်း
မြန်မာနိုင်ငံတွင် ကိုဗစ်ကြောင့် ၁၀၆၉၅ ဦး သေဆုံးခဲ့သည်ဟု စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် ၄ တွင် ထုတ်ပြန်ထားသည်။ ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင်လအတွင်း အသေအပျောက် များပြားလွန်းသဖြင့် ထိုထုတ်ပြန်ချက်မှာ မြေပြင်အခြေအနေနှင့် များစွာကွာဟနေသည်ဟု လေ့လာသူများက ဆိုသည်။
မြို့နယ်အသီးသီးတွင် စစ်ကောင်စီတပ်က အာဏာသိမ်းမှုဆန့်ကျင်သူတို့ကို ဖမ်းဆီး၊ သတ်ဖြတ်ခဲ့ရာ သေဆုံးသူ ၉၄၆ ဦး၊ ဆက်လက်ဖမ်းဆီးခံထားရသူ ၅၄၉၅ ဦး ရှိနေသည်ဟု ထိုဖြစ်ရပ်များကို နေ့စဉ် စုံစမ်း မှတ်တမ်းတင်နေသော နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ် ၄ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထိုကိန်းဂဏန်းမှာ AAPP အသင်း လက်လှမ်းမီသမျှ ဖြစ်ရပ်များကိုသာ အခြေခံထားခြင်းဖြစ်သော်လည်း စစ်ကောင်စီကမူ ချဲ့ကားထားသော ကိန်းဂဏန်းများဟု တုံ့ပြန်လေ့ရှိသည်။
စစ်ကောင်စီတပ်က အန်တုသူများကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်နေရာ မတ်လ၊ မေလတို့တွင် မုံရွာမြို့ခံ ကဗျာဆရာများဖြစ်သည့် ကိုကေဇဝင်း၊ ကိုခက်သီ၊ မကြည်လင်အေးတို့ ကျည်သင့် သေဆုံးခဲ့သည်။
အာဏာသိမ်းဗိုလ်ချုပ်ကြီးများက လာနိုင်ဖွယ်ရှိသည့် ကိုဗစ်တတိယလှိုင်းကို လျစ်လျူရှုခဲ့ရာ ပြည်သူအများအပြား သေဆုံးနေကြပြီး ထိုအထဲတွင် လူဇော်သစ်၊ မောင်သင်းခိုင်၊ မော်မင်းသန်း၊ ခန့်မင်းထက်တို့လည်း ပါဝင်သွားသည်။
စစ်တပ်နှင့် ကိုဗစ်ကြောင့် သေဆုံးခဲ့သည့် ကဗျာဆရာအရေအတွက်အတိအကျကို မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂက ပြုစုနေဆဲဖြစ်သည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲများတွင် ပါဝင်၍ ဖမ်းဆီးခံထားရသည့် ကဗျာဆရာများ၊ ကိုဗစ်နိုင်တင်းဒဏ်သင့် ကဗျာဆရာများနှင့် မိသားစုဝင်များကို မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂက ကူညီပေးနေသည်။
ကဗျာဆရာအများအပြားမှာ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေး ထိခိုက်နေရုံသာမက စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်နေကြပြီး အသက်ရှင်သန်လိုစိတ်နည်းပါးနေသည့် အခြေအနေမှာ စိုးရိမ်စရာကောင်းသည်ဟု ကဗျာဆရာသမဂ္ဂဥက္ကဋ္ဌ ကိုမိုးကျော်သူက ပြောသည်။
ဇူလိုင်လက ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ရသူ ကဗျာဆရာများထဲမှ တစ်ဦးမှာ စိတ်ဓာတ်အလွန်အမင်းကျဆင်းနေသည်ဟု သူက ပြောသည်။
“နေရတာလည်း မပျော်တော့ဘူးကွာ။ ပျော်တယ်လည်း မဟုတ်တော့ပါဘူး။ မပျော်တယ်လည်း မဟုတ်တော့ပါဘူးဆိုပြီးတော့ သူက ပြောတယ်။ စိတ်ညစ်စရာတွေက တစ်ခုမှ မကတော့တာဗျာ။ ထောင်နဲ့ သောင်းနဲ့ ချီပြီး ရောက်လာတော့ နေလည်းမနေချင်တော့တဲ့ ပုံစံမျိုး၊ အဲ့ဒီလိုမျိုးဖြစ်နေတာ” ဟု သူက ဆက်ပြောသည်။
ထိုခံစားချက်ကို သူက ဓာတ်လှေကားပျက်ကျပုံနှင့် ဥပမာပေးသည်။ ကူကယ်ရာမဲ့ဖြစ်နေပြီး အရှိန်နှင့် ပြုတ်ကျနေသည့် နေရာတွင် မျက်လုံးမှိတ်၊ စိတ်လျှော့ထားရသည်ဟု သူက ဆိုသည်။
“ ဒီအရှိန်နဲ့ ပြုတ်ကျနေတာကြီးက သူ့ဟာသူ ရပ်ရင်ပဲ ရပ်သွားမလား၊ ပေါက်ကွဲပဲ ပေါက်ကွဲသွားမလားပေါ့” ဟု သူက ဆက်ပြောသည်။
ကြေကွဲဖွယ် ခေတ်ဆိုး
နိုင်ငံရေးအကြမ်းဖက်မှုများ၊ ချစ်ခင်ရသူများ ရုတ်တရက် စွန့်ခွာသွားခြင်းများကို ရင်ဆိုင်နေရချိန်တွင် စိတ်ဒဏ်ရာဒဏ်ချက်များကို ထိန်းသိမ်းနိုင်ရန်အတွက် အချက် ၃ ချက်ကို ကျင့်သုံးသင့်သည်ဟု စိတ်ပညာရပ်ပါရဂူဘွဲ့အတွက် ပြင်ဆင်နေသူ ဒေါ်ဖြူပန်းနုခင်က ဝေမျှထားသည်။
စိတ်ဒဏ်ရာခံစားချက်များ သက်သာစေရန်အတွက် ခံစားချက်များကို မထိန်းချုပ်ဘဲ ရင်ဖွင့်ရန်၊ အာရုံ ၅ ပါးကို သုံးစွဲခံစားပြီး စိတ်ဖြေဖျောက်ရန်နှင့် စိတ်တည်ငြိမ်အောင် ခပ်ဖြည်းဖြည်း အသက်ရှူသွင်း၊ ထုတ်သည့် လေ့ကျင့်ခန်းလုပ်ရန် လိုအပ်သည်ဟု ထိုဝေမျှချက်တွင် ပါရှိသည်။
ချို့တဲ့သည့် ကဗျာဆရာများကို ကျန်းမာရေးစောင့်ရှောက်မှုနှင့် စားဝတ်နေရေးအကူအညီပေးနေသည့် အမည်မဖော်လိုသည့် ရန်ကုန်မှ ကဗျာဆရာတစ်ဦးက နိုင်ငံ၏ လက်ရှိအခြေအနေက ကဗျာဆရာများကို စိတ်နှလုံးကြေကွဲစေသည်ဟု ဆိုသည်။
“အဓိကကတော့ သူတို့က သူတို့အတွက် သူတို့ ကြွေကွဲတယ်ဆိုတာထက် ကျွန်တော်တို့ ကဗျာဆရာအများစုက တိုင်းပြည်အတွက် ကြေကွဲတာ။ ကျွန်တော်တို့က ကိုယ့်ကိုယ်တိုင် အဆင်မပြေတာကို ကြွေကွဲတာထက် ကျွန်တော်တို့ တိုင်းပြည်ကြီးဗျာ အဲ့လိုမျိုးကြီး ဖြစ်နေတာ” ဟု သူက ပြောသည်။
သတ်မသေရုံ အခြေအနေမျိုးဖြစ်နေပြီး ကိုယ့်ကိုယ်ကိုယ် ဂရုမစိုက်တော့ဘဲ ဖြစ်ချင်ရာဖြစ် လွှတ်ချလိုက်သည့် ပုံစံမျိုးဖြစ်သည်ဟု သူက ဥပမာပေးသည်။
“သေမထူး၊ နေမထူးဆိုတာက ရှိတယ်။ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် လည်ပင်းကို ကြိုးကွင်းစွပ်လိုက်တာထက်စာရင် ဟိုမှာ (သေနတ်နဲ့) ပစ်နေတယ်ကွာဆိုတာကို ပစ်ပါစေကွာ၊ သွားမယ်ဆိုတာက အမှန်က သိပ်မကွာဘူးဗျ” ဟု သူက ပြောသည်။
ကိုခန့်မင်းထက်သေဆုံးရခြင်းမှာ ရုပ်ခန္ဓာမကျန်းမာမှု တစ်ခုတည်းသာမကဘဲ စစ်အာဏာသိမ်းမှုကြောင့် စိတ်နှလုံးကြွေကွဲရခြင်း၊ နိုင်ငံရေးသမားများမညီညွတ်မှု၊ စစ်အာဏာရှင်စနစ်ကို မတော်လှန်နိုင်မှုများဖြင့် ရောပြွမ်းနေသည်ဟု သူ့မိတ်ဆွေများက သုံးသပ်ကြသည်။
“ကျွန်တော်တို့ လက်ရှိတိုင်းပြည်ရဲ့ နိုင်ငံရေးအရွေ့တွေကို မကြိုက်ဘူး၊ အားမရဘူး။ အဓိက မညီညွတ်ဘူး။ အဲ့ဒီအပေါ်မှာ စိတ်ကုန်တယ်။ စိတ်ပျက်တာပေါ့” ဟု အမည်မဖော်လိုသည့် ကဗျာဆရာက ဆက်ပြောသည်။
ဩဂုတ် ၁ တွင် သေဆုံးခဲ့သူ ကဗျာဆရာ ကိုခန့်မင်းထက်၏ “အမှန်တရားက ကျည်မတိုးဘူး” ကဗျာတွင် သူ့ နာကြည်း၊ မုန်းတီးစိတ်နှင့် ပုန်ကန်လိုစိတ်ကို အထင်းသားမြင်တွေ့နေရသည်။
“အမှန်ကို အမှန်ချင်း၊ ရန်ကို ရန်ချင်း၊ လှံကိုလှံချင်း တုံ့နှင်းမှ ရမယ်ဆိုလည်း စိန်ခေါ်လိုက် အမှန်တရားဟာ ဘယ်တော့မှ ကျည်မတိုးဘူး…..”
သို့သော်လည်း ထိုကဗျာ၏ အခြားတစ်ဖက်တွင်တော့ အောင်ပွဲမခံနိုင်သေးသည့် လောကဓမ္မအပေါ် အားမလိုအားမရစွာ စိတ်နှလုံးကြွေကွဲနေရခြင်းကို သူ့အစ္ဇတ္တက ဖွင့်ဟပြနေသည်။
“ဘုရားဟောတွေ မှားခဲ့ပြီလား၊ တရားသဘောတွေ ကောခဲ့ပြီလား၊ မမျှတမှုမှာ နေ့ညမကွဲတော့တဲ့ ပြည်သူတွေ ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်တွေဟာ သွေးစွန်းနေတဲ့ အမှန်တရားလား …. ”