အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

မန္တလေးတရားရုံးများက ကဗျာဆရာတစ်ဦးကို “အကြမ်းဖက်မှု”ဖြင့် နှစ် ၃၀ ချ

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှ အသက် ၃၅ နှစ်အရွယ် ကဗျာဆရာကျော်ကြီး (ခေါ်) ကိုကျော်ဇင်ဦးကို စစ်ကောင်စီတရားရုံးများက အကြမ်းဖက်မှု ပုဒ်များဖြင့် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်လိုက်သည်ဟု နီးစပ်သူများက ပြောသည်။

မန္တလေးအိုးဘိုထောင်တွင်း အထူးတရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နှင့် စွဲဆိုသည့်အမှု အပါအဝင် ၃ မှု အတွက် ဒီဇင်ဘာလ နောက်ဆုံးပတ်တွင် ထောင် ၁၅ နှစ် ချခဲ့သည်။

ကျောက်ဆည်ခရိုင်တရားရုံးကလည်း အကြမ်းဖက်မှုနှင့် ပေါက်ကွဲစေမှု ပုဒ်မ ၃ ခုအတွက် ၂၀၂၂ အောက်တိုဘာလအတွင်းက ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့သည်ဟု နီးစပ်သူ တစ်ဦးက ပြောသည်။

“စုစုပေါင်း နှစ် ၃၀ ချလိုက်တာ၊ အမိန့်ချတဲ့ရက်စွဲတွေ အတိအကျတော့မမှတ်မိဘူး၊ အဆက်အသွယ်ရတယ်၊ ကျန်းမာရေးကောင်းတယ်လို့ သိရပါတယ်”ဟု သူက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ဖြစ်သူ ကိုကျော်ဇင်ဦးသည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက် ညပိုင်းက မိုးကုတ်-ပြင်ဦးလွင်လမ်းပိုင်း တစ်နေရာတွင် အဆက်အသွယ် ပြတ်တောက်သွားရာမှ ရက်ပေါင်း ၂၀ နီးပါးအကြာတွင် ပြင်ဦးလွင် စစ်ကြောရေးစခန်းသို့ ရောက်နေသည်ဟုသာ မရေမရာသတင်းရခဲ့ကြောင်း ၎င်း၏မိတ်ဆွေများထံမှ သိရသည်။

ထိုစဉ်က စစ်ကောင်စီက ကိုကျော်ကြီးအသုံးပြုနေသည့် လူမှုကွန်ရက် Facebook စာမျက်နှာကို ရယူသုံးစွဲခဲ့ပြီး သူနှင့် ဆက်စပ်သူများကို ဖမ်းရန် ကြိုးစားခဲ့သည်ဟုလည်း ဆိုသည်။

ယင်းနောက် သေသည်ရှင်သည်မသိရဘဲ ၃လအကြာ အဆက်အသွယ်ပြတ်သွားရာမှ ၂၀၂၁ ခုနှစ် မတ်လဆန်းတွင် အိုးဘိုထောင်သို့ရောက်ရှိလာကာ အမှုရင်ဆိုင်ခဲ့ရပြီးနောက် နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။

မည်သည့် လုပ်ရပ်များကြောင့် တရားရုံးများက သူ့ကို “အကြမ်းဖက်မှု” ပုဒ်မများ ကျူးလွန်ကြောင်း ဆုံးဖြတ် အမိန့်ချခဲ့သည်ကို မသိရသေးပေ။

၂၀၁၂ ခုနှစ်မှစတင်ကာ ပါတီသို့ဝင်ရောက်ခဲ့သည့် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ရပ်ကျေးဒုဥက္ကဋ္ဌတစ်ဦးဖြစ်သူ ကိုကျော်ဇင်ဦးသည် ၂၀၁၅ရွေးကောက်ပွဲတွင် NLD  လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်၏မဲဆွယ်စည်းရုံးရေးခရီးစဉ်များတွင် အားတက်သရောပါဝင်လိုက်ပါ လုပ်ကိုင်ခဲ့သည်ဟုလည်း မိတ်ဆွေများက ဆိုသည်။

အမှုရင်ဆိုင်နေစဉ်အောက်တိုဘာလဆန်းတွင် သူက  မန္တလေးရှေ့နေတချို့ကို  ၎င်းထောင်အတွင်းရေးစပ်ထားသော “အိမ်ပြန်ချင်တယ် အမေ” ကဗျာ ရွတ်ဆိုပြကာ ၎င်း၏မိတ်ဆွေများထံ ကဗျာပါးလိုက်သေးသည်ဟုသိရသည်။  

စစ်ကောင်စီသည် ယင်းကိုဆန့်ကျင်သူများကို ပစ်ခတ်၊ ဖမ်းဆီးနေရာ  ကဗျာဆရာများလည်း ပစ်မှတ်ဖြစ်နေသည်။

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းရွာမှ ကဗျာဆရာ ကေဇဝင်း ဦးခေါင်း ကျည်ထိမှန်ကာ ၂၀၂၁ ခုနှစ် မတ်လ ၃ ရက်တွင် သေဆုံးခဲ့ရသည်။ ရွှေဘိုမြို့နေ ကဗျာဆရာ ခက်သီ သည်လည်း ၂၀၂၁ ခုနှစ် မေလအတွင်းက ဖမ်းဆီးခံခဲ့ရကာ စစ်ကြောရေးစခန်းတွင် ၂၄ နာရီမပြည့်ခင် သေဆုံးသွားခဲ့သည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ၎င်းတို့ကိုဆန့်ကျင်သူ မည်သူ့ကိုမဆို ဖမ်းဆီးနေရာ  ၁၃,၅၉၀ ဦး ဆက်လက် ထိန်းသိမ်းခံထားရသည်၊ ထိုအထဲတွင် အနယ်နယ်အရပ်ရပ်ရှိ NLDပါတီဝင်များနှင့် ပါတီထောက်ခံသူများ တက်ကြွလှုပ်ရှားသူများ၊ အနုပညာရှင်များ၊ ကဗျာဆရာများ  ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button