သတင်း

ရွှေဘိုနယ်တွင် စစ်တပ်က အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၈ ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်းတွင် စစ်ကြောင်းထိုးနေသည့်တပ်က ခေါ်ဆောင်လာသော ဓားစာခံများ၊ ဒေသခံများကို ပစ်သတ်ခဲ့သည်၊ တပ်ပြန်ဆုတ်စဉ် ဖမ်းခေါ်သွားသော ရွာသားတစ်ဦး ဆက်လက် ပျောက်ဆုံးနေသည်။

(အတိပေးချက် − သတင်းတွင် စိတ်မချမ်းမြေ့ဖွယ် အခြေအနေများ ပါဝင်ပါသည်။)

စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် စစ်တပ်က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကျေးရွာတစ်ရွာကို   ဝင်ရောက်စီးနင်းခဲ့ပြီး လူရှစ်ဦးကို သတ်ဖြတ်ခဲ့သည်ဟု ဒေသအခြေစိုက် တော်လှန်ရေး အင်အားစုများနှင့် ဒေသခံများက ပြောသည်။

ရွှေဘိုမြို့ အမှတ် (၄၂) ခြေလျင်တပ်ရင်းမှ အင်အား ၈၀ ကျော်ပါ စစ်ကြောင်းသည် မြို့မြောက်ဘက် နှစ်မိုင်ခွဲခန့်အကွာရှိ ထနောင်းဝန်းရွာကို စီးနင်းခဲ့ခြင်းဖြစ်သည်။ 

ရွာသို့ဝင်ရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်စဉ် ရွာမှရှောင်တိမ်းရန် ပြင်ဆင်နေသည့် အသက် ၂၄ နှစ်အရွယ် မရီရီခင် လက်နက်ကြီးကျည်ထိမှန်၊  အသက် ၆၀ ဝန်းကျင် အရွယ် ဦးမောင်ငွေ လက်နက်ငယ် ထိမှန်ပြီး သေဆုံးသွားကြသည်ဟု ဒေသခံများက ပြောသည်။

ထိုစစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်လာသည့် အသက် ၃၀ ဝန်းကျင် အမျိုးသား လေးဦးနှင့် အမျိုးသမီး နှစ်ဦးကိုလည်း ရွာထဲတပ်စွဲထားချိန်တွင် သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

ဓားစာခံများသည် ရွှေဘိုမြို့မှ စစ်ကြောင်းထွက်လာစဉ် ခေါ်ဆောင်လာသူများ ဖြစ်သည့်အတွက် ၎င်းတို့၏ နာမည်နှင့် အချက်အလက်များကို မသိရသေးဟု သတင်းရင်းမြစ်များက ဆိုသည်။ 

ဓားစာခံ ခြောက်ဦးအနက် အမျိုးသားနှစ်ဦးကို လက်ပြန်ကြိုးတုတ်ကာ စစ်ကြောင်းရှေ့မှ ခေါ်ဆောင်လာပြီး ကျန်လေးဦးကို စစ်ကြောင်းအတွင်း ကြားညှပ်ကာ ခေါ်ဆောင်လာသည်ဟု ရွှေဘိုမြို့နယ် တိုက်နယ် (၅) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကပြောသည်။ 

“စစ်ကြောင်းစထွက်လာတည်းက ရွှေဘိုမြို့ ခမရ ၄၂ ထွက်လာကတည်းက ပါလာတာ။ ဓားစာခံတွေ ဆိုတော့ ဒီဘက်ကထောင်ထားတဲ့မိုင်းတွေ မိမှာစိုးလို့ ရှေ့တိုးတိုးလာခိုင်းတဲ့သဘောမျိုး။ စစ်ကြောင်း စထွက်လာတည်းက မြင်နေရတာ”ဟု ၎င်းကပြောသည်။ 

အရပ်သားများကို ဓားစာခံများအဖြစ် စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်ထားခြင်းကို ဒေသအများအပြားတွင် မကြာခဏ တွေ့ရတတ်သည်၊ ခြုံခိုတိုက်ခိုက်ခံရခြင်း မရှိစေရန် အကာအကွယ် ယူခြင်း ဖြစ်သည်ဟု သိရသည်။

ထနောင်းဝန်းရွာအတွင်း စစ်တပ်က သုံးရက်တပ်စွဲထားချိန်တွင် ဓားစာခံများကို သတ်ဖြတ်ခဲ့ပြီး စစ်ကြောင်းထွက်သွားပြီးနောက် စက်တင်ဘာ ၁၆ ရက်နှင့် ၁၇ ရက်နေ့တွင်မှ ရုပ်အလောင်းများကို ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများက ကောက်ယူခဲ့သည်ဟု သိရသည်။

အားကစားဘောင်းဘီနှင့် အင်္ကျီအနက်ရောင်များ ဝတ်ထားသည့် ဓားစာခံများ၏ ရုပ်အလောင်းများကို နှစ်ဦးတစ်တွဲစီဖြင့် ရွာအနီးဝန်းကျင် သုံးနေရာတွင် တွေ့ရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

“အဝတ်အစားတွေကတော့ လဲပေးထားတာထင်တယ် ဆင်တူတွေ။ အောက်က အားကစား ဘောင်းဘီနဲ့ အပေါ်က အင်္ကျီအမဲနဲ့။ PDF ပုံစံသဘောမျိုး ဝတ်ပေးထားတာ သတ်တဲ့အချိန်မှာ ခြောက်ယောက်လုံးက အဲ့လိုပုံစံမျိုးချည်းပဲဝတ်ပြီး သတ်ထားခဲ့တာ”ဟု ထနောင်းဝန်းရွာ ဒေသခံ တစ်ဦးကပြောသည်။

မိန်းကလေးတစ်ဦး ရုပ်အလောင်းတွင် လည်ပင်းညှစ်သတ်ထားသည့် ဒဏ်ရာဒဏ်ချက်တွေ့ရပြီး နောက်တစ်ဦးမှာ မျက်နှာများဖူးယောင်နေသည်ကို တွေ့ရှိရသည်ဟုလည်း အထက်ပါ ဒေသခံက ပြောသည်။

“တစ်ယောက်က လည်ပင်းကို ညှစ်ထားတဲ့ပုံစံ လည်ပင်းမှာ အစာပြန်ထွက်တဲ့ ပုံစံမျိုးတွေ့တာ။ တစ်ယောက်ကကျတော့ သွားမရှိတော့ဘူး မျက်နှာကလည်း ဖူးယောင်လို့” ဟု ၎င်းကဆိုသည်။ 

အမျိုးသားများအနက် နှစ်ဦးမှာ ဒူးထောက်နေရစဉ် ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း၊ အခြားအမျိုးသား ရုပ်အလောင်း နှစ်ခုတွင် ဓားနှင့်မွှန်းထားသည့် ဒဏ်ရာများ၊ မျက်လုံးတစ်ဘက် ကျွတ်ထွက်သည်အထိ ညှဉ်းပန်းနှိပ်စက်ထားသည့် ဒဏ်ရာများကို တွေ့ရကြောင်း ဒေသခံတို့က ဆိုသည်။

စစ်ကောင်စီစစ်ကြောင်း ထနောင်းဝန်းရွာသို့ စီးနင်းစဉ် ရွာထဲပိတ်မိနေသည့် သက်ကြီးရွယ်အိုများ၊ အချိန်မီမရှောင်တိမ်းနိုင်သဖြင့် အိမ်ထဲတွင် ပုန်းနေသူများ အပါအဝင် ဒေသခံ ၈၀ နီးပါးကို ဘုန်းကြီးကျောင်းအတွင်း  ဖမ်းဆီးထားပြီး လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်းထားခဲ့ကြောင်းသိရသည်။ 

စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက စစ်ကြောင်း ပြန်ထွက်သွားခဲ့ပြီး အသက် ၄၀ အရွယ်ဝန်းကျင် ထနောင်းဝန်းရွာခံ အမျိုးသားတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။ ထိုသူနှင့် ယနေ့အထိ အဆက်အသွယ်မရဟုလည်းဒေသခံများကဆိုသည်။

ရွာသားများကို သတ်ဖြတ်မှု၊ ဓားစာခံအဖြစ် ဖမ်းဆီးမှု၊ နှိပ်စက်မှုများ ကျူးလွန်သည်ဟူသော ပြောဆိုချက်များနှင့် ပတ်သက်ပြီး စစ်ကောင်စီ၏ တုံ့ပြန်ချက် ရယူနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီ၏ ပြီးခဲ့သည့် ရက်ပိုင်း ထုတ်ပြန်ချက်များတွင်လည်း ထိုရွာနှင့် ပတ်သက်ပြီး ဖော်ပြထားခြင်း မရှိပေ။

ထနောင်းဝန်းရွာမှ အနောက်ဘက်သို့ ထွက်သွားသည့် ထိုစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ကြရာ စက်တင်ဘာ ၁၆ ရက်နေ့တွင် ရွှေဘိုမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း တော်လှန်ရေး အင်အားစုက ပြောသည်။ 

စစ်ကြောင်း ပြန်ဆုတ်သွားသော်လည်း စစ်ကောင်စီဝင်ခဲ့သည့် ကျေးရွာများတွင် မြေမြှုပ်မိုင်းအန္တရာယ် ရှိတတ်သောကြောင့် ဒေသခံများ နေရပ်မပြန်သေးဟု သိရသည်။

ဇွန်လကုန်ပိုင်းက ဧရာဝတီမြစ် အရှေ့ဘက်ကမ်း မန္တလေးတိုင်း စဉ့်ကူးမြို့နယ်ကို MDY PDFနှင့် မဟာမိတ်တပ်များက သိမ်းပိုက်ထားပြီးနောက် နယ်နိမိတ်ချင်းထိစပ်နေသည့် မြစ်အနောက်ဘက်ခြမ်းရှိ ရွှေဘိုမြို့နယ်တွင် စစ်တပ်က အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေရှိသည်။

မူးမြစ်နှင့် ဧရာတီမြစ်ကြားရှိ ရွှေဘိုမြို့နယ်သည် ဒီပဲယင်း၊ အရာတော်၊ ဝက်လက်၊ ခင်ဦး၊ ရေဦးတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ မြို့နယ်လည်း ဖြစ်သည်။

Show More

Related Articles

Back to top button