သတင်း

စစ်ကောင်စီဖမ်းသွားပြီး ၂၄ နာရီပင်မပြည့်မီ ကဗျာဆရာ ကိုခက်သီ သေဆုံး

မုံရွာအခြေစိုက် ကဗျာဆရာ ကိုခက်သီမှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်းခံရပြီး ၂၄ နာရီမပြည့်ခင် သေဆုံးသွားကြောင်း မိသားစုဝင်များက အတည်ပြုသည်။

အသက် ၄၄ နှစ်အရွယ် ကိုခက်သီ (အမည်ရင်း − ကိုဇော်ထွန်း) နှင့် ၎င်း၏ ဇနီးဖြစ်သူ မချောစုတို့ကို ယမန်နေ့ (မေ ၈) ည ၉ နာရီခန့်တွင် ရွှေဘိုမြို့နေအိမ်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်သည်။ 

စစ်ကောင်စီက ကိုခက်သီ၏ ဇနီးကို ရွှေဘိုရဲစခန်းတွင် ချုပ်နှောင်ထားရှိသော်လည်း ကိုခက်သီမှာမူ အတည်မပြုနိုင်သေးသည့် အခြားတစ်နေရာသို့ ခေါ်ဆောင်သွားခြင်းခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောရေးလုပ်နေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

ကိုခက်သီသေဆုံးကြောင်းကို ယနေ့ (မေ ၉) နံနက်ပိုင်းတွင်မှ ရဲတပ်ဖွဲ့ထံမှ သိရခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။

“စစ်ကြောရေးမှာ ရိုက်နှက်စစ်တော့ သူ(ခက်သီ)က ဘာမှမပြောဘူးနဲ့တူပါတယ်။ သေအောင်လုပ်ပစ်လိုက်တယ်။ ၉ နာရီလောက်က ဖမ်းပြီး ညက စစ်ကြောရေးမှာထားတယ်။ မနက်ကျတော့ မုံရွာဆေးရုံပို့တာ။ လမ်းမှာ ဆုံးသွားတယ်လို့ ပြောတယ်” ဟု ကိုခက်သီ၏ ညီဖြစ်သူက Myanmar Now ကို ပြောသည်။

ကိုခက်သီ၏ ရုပ်အလောင်းတွင် ရင်ဘတ်၊ လက်ဆစ်နှင့် နံကြားတစ်လျှောက် ညိုမည်းဒဏ်ရာများ တွေ့ရ‌ကြောင်း မိသားစုဝင်များက အတည်ပြုသည်။ 

ဇနီးဖြစ်သူ မချောစုကိုမူ ရွှေဘိုရဲတပ်ဖွဲ့က ကိုခက်သီသေဆုံးသွားကြောင်းမပြောဘဲ မုံရွာဆေးရုံသို့ လိုက်သွားရန် ညွှန်ကြားပြီးနောက် မုံရွာရဲစခန်းမှတစ်ဆင့် ယနေ့ (မေ ၉) မွန်းလွဲပိုင်းတွင် ပြန်လွှတ်ပေးခဲ့ကြောင်း မိသားစုက ပြောသည်။

“ကိုဇော်ထွန်း(ကိုခက်သီ) မုံရွာဆေးရုံမှာ။ ညီမလိုက်သွားလိုက်ဆိုတော့ ညီမထင်တာက ဆေးကုလို့ရဦးမယ်လို့ ထင်ထားတာ။ ကုလို့ရသေးလား၊ ကုလို့ရရင် ကျွန်မကုချင်ပါတယ်လို့ပြောတော့ သူထိုက်နဲ့သူ့ကံပဲ။ သူလုပ်လို့ သူခံရတာလို့ ပြောကတည်းက အသေသတ်လိုက်ပြီဆိုတာ ကျွန်မသိတယ်။ ကိုကြီးကို အသေသတ်လိုက်ကြတာ၊ ညက ခေါ်သွားတုန်းကအကောင်း၊ ဘာရောဂါမှမရှိဘူးရယ်” ဟု မချောစုက ငိုကြွေးနေရင်း Myanmar Now ကို ပြောသည်။

ကိုခက်သီသည် ၂၀၀၄ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ကလေး၊ ရွှေဘိုနှင့် မုံရွာမြို့နယ်များရှိ စည်ပင်သာယာရေးကော်မတီတွင် အငယ်တန်းအင်ဂျင်နီယာ (S.A.E)ရာထူးဖြင့် အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်သည်။ 

ထို့နောက် အလုပ်ထွက်ခဲ့ပြီး ကိတ်မုန့်နှင့် ရေခဲမုန့်ပြုလုပ်ရောင်းချ၍ အသက်မွှေးဝမ်းကျောင်းပြုနေသူတစ်ဦးဖြစ်ကာ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်း ပုလဲမြို့၌ ပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ရှေ့တန်းမှ တက်ကြွစွာပါဝင်၍ လူထုဟောပြောမှုများ ဦးဆောင်ပြုလုပ်သူတစ်ဦးဖြစ်သည်။ 

အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများအတွင်း ကိုခက်သီရေးသည့် ကဗျာများမှာ အများသူငါကြား ထင်ရှားစွာပျံ့နှံ့လေ့ရှိပြီး “သူတို့က ခေါင်းကိုပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာရှိတာ သူတို့ မသိကြဘူး” ဟူသည့် စာသားပါ ကဗျာတစ်ပုဒ်မှာ ထင်ရှားသည်။

ကိုခက်သီကို မည်သည့်အကြောင်းဖြင့် ဖမ်းဆီးသည်၊ မည်သို့သေဆုံးသွားခဲ့သည်ကိုမူ ရဲတပ်ဖွဲ့ထံမှ အတိအကျမသိရသေးသော်လည်း ၎င်း၏ ရုပ်အလောင်းကို ပုလဲမြို့သို့ မိသားစုက ပြန်လည်သယ်ဆောင်သွားပြီဖြစ်သည်။

“တအား လူသားမဆန်အောင် ရက်စက်လွန်းတယ်ဗျာ။ ပုဒ်မတွေအများကြီးတပ်၊ ထောင်ချမယ်လောက်ပဲ မျှော်လင့်ထားတာ။ အခုက တော်တော်ကို ဆိုးလွန်းတယ်။ သူတို့ (စစ်တပ်) တိရစ္ဆာန်စိတ်ပေါက်ကို ပေါက်နေပြီ” ဟု ကိုခက်သီ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

ကိုခက်သီမှာ ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များလက်ချက်ဖြင့် သေဆုံးရသည့် ဒုတိယမြောက် ကဗျာဆရာဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ် ၃ တွင် မုံရွာမြို့ ဘုရားနီအနီး သပိတ်စစ်ကြောင်းကို အကြမ်းဖက်ပစ်ခတ်စဉ် သေနတ်ဒဏ်ရာဖြင့် လဲကျခဲ့ပြီးနောက် လမ်းမပေါ်၌ တရွတ်တိုက်ဆွဲ၍ ဖမ်းခေါ်ခံရသူ ကဗျာဆရာ ကိုကေဇဝင်းမှာလည်း သေဆုံးခဲ့ရသည်။ 

ဖေဖော်ဝါရီ ၁ စစ်အာဏာသိမ်းပြီးနောက် မေ ၇ ရက်အထိ အရပ်သားပြည်သူ ၇၇၄ ဦး သေဆုံးခဲ့ရပြီးဖြစ်ကာ ဖမ်းဆီးခံရသူ ၃၇၇၈ ဦးရှိသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ထားသည်။ 

Show More

Related Articles

Back to top button