အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရွှေဘိုတွင် စာသင်ကျောင်း  ဗုံးကြဲခံရ

စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးလက်စာသင်ကျောင်းနှင့် ကစားကွင်းကို အာဏာသိမ်းတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ပိုင်း၊ ညောင်ပင်သာကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်၏ ဂျိုင်ရိုကော်ပတာ (Gyrocopter) တစ်စီးက ယနေ့ နံနက်တွင်  ဗုံးနှစ်လုံး ကြဲချခဲ့ပြီး စာသင်ဆောင် နှစ်ခု ပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

 အောက်တိုဘာ ၂၅ ရက်နေ့  နံနက် ၁၀ နာရီခွဲခန့်အချိန်တွင် မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ တက်လာသည့် ဂျွိုင်ရိုကော်ပတာတစ်စီးက ၄၅ မိုင်အကွာတွင် တည်ရှိသည့် ညောင်ပင်သာကျေးရွာ စာသင်ကျောင်းအတွင်း ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ရွှေဘိုမြို့နယ် ဝန်းကျင်ဒေသများတွင် လေယာဉ်မဟုတ်သော ဂျိုင်ရိုကော်ပတာဖြင့် ပထမဆုံးအကြိမ် လေကြောင်းတိုက်ခိုက်မှုလည်းဖြစ်သည်။

“အမြင့်ကြီးက ပျံပြီး ချသွားတာပါ။ စာသင်ကျောင်းရဲ့ နှစ်ထပ်ကျောင်းဆောင်ရှေ့မှာနဲ့ ကလေး ကစားကွင်းထဲကို ကျကွဲတယ်။ စာသင်ကျောင်းက အသုံးမပြုတာကြာပြီဆိုတော့ ကျောင်းထဲမှာတော့ လူ မရှိပါဘူး။ ကျောင်းဆောင် နှစ်ဆောင်ကတော့ ထိခိုက်တယ်”ဟု ညောင်ပင်သာကျေးရွာသားတစ်ဦးက ပြောသည်။

ညောင်ပင်သာကျေးရွာ၏ စာသင်ကျောင်းကို ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းကတည်းက  ပိတ်ထား ခြင်းဖြစ်ကြောင်း သိရသည်။

ဗုံးနှစ်လုံး ကြဲချခဲ့သည့် ညောင်ပင်သာကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမျိုးမရှိဘဲ ညောင်ပင်သာကျေးရွာတောင်ဘက် ရွှေဘို စိုက်ပျိုးရေးသိပ္ပံကျောင်းအတွင်းမှ စစ်ကော်မရှင်တပ်စခန်း ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေခြင်းလည်းမရှိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်များသည် ရွှေဘိုမြို့ဝန်းကျင်နှင့် ရွှေဘိုမြို့အနောက်ဘက် ရွှေဘို-ရေဦးကားလမ်း တစ်လျှောက် ညောင်ပင်သာကျေးရွာ စိုက်ပျိုးရေးသိပ္ပံကျောင်းအထိ နယ်မြေစိုးမိုးထားသည်။ 

“ဒီဒေသမှာက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတာမျိုးပဲ အရင်က ရှိခဲ့ဖူးတာ။ ပါရာမော်တာတို့၊ ဂျိုင်ရိုကော်ပတာ တို့နဲ့ မကြုံဖူးဘူး။ မုံရွာအနီးတွေမှာ ဗုံးကြဲတာတွေ လုပ်တယ်လို့ ကြားပဲ ကြားဖူးတာ၊ အခုတော့ ရောက်လာပြီ ဆိုတော့ ဂရုတော့စိုက်ရတော့မှာပေါ့” ဟု ရွှေဘိုဒေသမှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

စစ်ကိုင်း၊ မကွေးနှင့်ချင်းပြည်နယ် စစ်ဆင်ရေးများကိုကွပ်ကဲရာ နမခအတွင်း ယခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင် ဂျိုင်ရိုကော်ပတာ သုံးစီးရောက်ရှိလာပြီး ကင်းထောက်နှင့် တိုက်ခိုက်ရေးတို့မှာ စတင်အသုံးပြုနေခြင်းဖြစ်သည်။

မုံရွာမြို့နှင့် ကပ်လျက်ရှိ အရာတော်မြို့နယ်တွင် စက်တင်ဘာလ ၂၈ ရက်နေ့က နမခမှတက်လာသည့် ဂျိုင်ရိုကော်ပတာ သုံးစီးဖြင့် တိုက်ခိုက်ခဲ့သလို  စက်တင်ဘာလ ၂၉ ရက်နေ့တွင် မုံရွာမြို့နှင့် မိုင် ၆၀ ကျော် ကွာဝေးသည့် ရေဦးမြို့နယ်အတွင်း   ဂျိုင်ရိုကော်ပတာ က ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ 

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးရွာကိုလည်း အောက်တိုဘာလ ၁၃ ရက်နေ့မှစ၍ သုံးရက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့စဉ် လေယာဉ်များ၊  ဂျိုင်ရိုကော်ပတာများ အသုံးပြုတိုက်ခိုက်မှုကြောင့် သက်ကြီးရွယ်အို အပါအဝင် နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။  

နိုင်ငံအနှံ့စစ်မျက်နှာဖွင့်ပြီး လေကြောင်း အားပြုတိုက်ခိုက်နေသောစစ်တပ်သည် ကုန်ကျစရိတ် သက်သာပြီး လွယ်ကူမြန်ဆန်စွာပျံသန်းနိုင်သည့် အင်ဂျင်တပ်လေထီး (ပါရာမော်တာ)များကို မန္တလေးတိုင်း မြင်းခြံ၊ တောင်သာဘက်တွင် ယမန်နှစ်နှစ်ကုန်ပိုင်းက စတင်အသုံးပြုခဲ့သည်၊ ထို့နောက် စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတိုင်းတို့တွင် ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲခဲ့သည်။ 

ထို့ပြင် ယခုနှစ် နှစ်လယ်ပိုင်းကစပြီး ဂျိုင်ရိုကော်ပတာများကို မန္တလေးတိုင်း၊ မြင်းခြံဒေသတွင် စတင် အသုံးပြုကာ လက်ရှိတွင် စစ်ကိုင်းတိုင်းအထိပါ တိုးချဲ့သုံးစွဲလာခြင်းဖြစ်ကြောင်း သိရသည်။ 

ဂျိုင်ရိုကော်ပတာသည် မောင်းနှင်သူတစ်ဦးအပါအဝင် နောက်ထပ်တစ်ဦး လိုက်ပါစီးနင်းနိုင်ပြီး တစ်နာရီလျှင် ၉၅ မိုင်နှုန်း ပျံသန်းနိုင်သည်၊ လေပေါ်တွင် သုံးနာရီမှ လေးနာရီကြား ပျံသန်းနိုင်သည်ဟု လေကြောင်းကင်းထောက်အဖွဲ့များက ထုတ်ပြန်ထားကြသည်။ 

ဂျိုင်ရိုကော်ပတာကို လေယာဉ်ပစ် လက်နက်ကြီးများဖြင့် ပစ်ခတ်တုံ့ပြန်နိုင်သဖြင့် စစ်ကော်မရှင်တပ် ကလည်း တိုင်းရင်းသားလက်နက်ကိုင်များ စိုးမိုးထိန်းချုပ်ထားသည့်နေရာများ၊ တောင်ကုန်းတောင်တန်း ထူထပ်ရာဒေသများထက် မြေပြန့်ဒေသတွင်သာ အသုံးပြုနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားသည်။ 

“ရတနာသိင်္ဃ” ဟု အမည်တွင်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တောင်ဘက် မြို့အနီးဝန်းကျင်ကျေးရွာများအနီး ယခုလဆန်းမှစတင်ကာ တိုက်ပွဲများဖြစ်နေသလို စစ်တပ်ကလည်း ကျေးရွာများကို စစ်ကြောင်းထိုးစီးနင်းနေသည်။ 

နှစ်ဖက်အကျအဆုံးရှိသလို ရွှေဘိုမြို့အခြေစိုက်တပ်များက လက်နက်ကြီးပစ်ခတ်မှုကြောင့် ကိုရင်ငယ် လေးပါး ယခုလဆန်းက ပျံလွန်တော်မူခဲ့သည်။ 

Related Articles

Back to top button