သတင်း

ကျားတက်ရွာရဲစခန်းကို ဝင်ရောက်စီးနင်းစဉ် နှစ်ဖက်အကျအဆုံးရှိ

စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းနယ်စပ်ရှိ မဟာဗျူဟာကျသည့် ဆားလင်းကြီးမြို့နယ်၊ ကျားတက်ရွာ ရဲစခန်းကို ယမန်နေ့ (အောက်တိုဘာ ၂) နံနက်က ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ဝင်ရောက် စီးနင်းစဉ် တိုက်ပွဲ အပြင်းအထန်ဖြစ်ပြီး ကာကွယ်ရေးအဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့သည်။ 

ဆားလင်းကြီးမြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာ ရဲနှင့် စစ်သား ၄၀ ခန့် တပ်စွဲထားရာ ထိုစခန်းကို နံနက် ၆ နာရီဝန်းကျင်က အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်စီးနင်းရာ ၅ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့သည်။ 

ဒေသခံကာကွယ်ရေးအဖွဲ့များ၏ အဆိုအရ စစ်ကောင်စီဘက်မှ ၄ ဦး ထက်မနည်း သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ များပြားသည်ဟု သိရသည်။ 

ထိုတိုက်ခိုက်မှုတွင် ဆားလင်းကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (SSTF)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -မြိုင်မြို့နယ်၊ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တို့လည်း ပါဝင်သည်ဟု သိရသည်။

ဆားလင်းကြီး STF တာဝန်ခံက ၎င်းတို့အဖွဲ့မှ ကျည်ထိသော ရဲဘော်တစ်ဦး၊ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဦးခေါင်းတွင် လက်နက်ကြီးကျည်စ ထိမှန်သည့် ရဲဘော်တစ်ဦးတို့၏ ရုပ်အလောင်းများကို ယနေ့ (အောက်တိုဘာ ၃) တွင် သင်္ဂြိုဟ်ကြောင်း ပြောသည်။ 

တော်လှန်ရေးစတင်ချိန်တည်းက ပါဝင်လာသော အဆိုပါ အသက် ၂၀ ဝန်းကျင် ရဲဘော်နှစ်ဦးမှာ အားကိုးရသူများဖြစ်၍ ဆုံးရှုံးမှုကြီးမားကြောင်း ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးရဲဘော် ၅ ဦး ဒဏ်ရာ အနည်းငယ် ရသွားသည်၊ စစ်ကောင်စီတပ်ထံမှ သေနတ်တစ်လက် ရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအရေအတွက်နှင့် ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေး တာဝန်ရှိသူထံ ဆက်သွယ်မေးမြန်း၍ မရသေးသောကြောင့် Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ။

တိုက်ခိုက်ခံနေရသော ရဲစခန်းအနီးဝန်းကျင်တစ်ဝိုက်ကို ယမန်နေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်တွင် လေတပ်က ၁၅ မိနစ်ခန့် လာရောက်ပစ်ကူခဲ့သော်လည်း ထိခိုက်မှု မရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“လေကြောင်းတက်လာတယ် သတင်းရတာနဲ့ အဖွဲ့ကို နောက်ပြန်ဆုတ်ခိုင်းလိုက်တယ်။ လေကြောင်းက ဂျက်ဖိုက်တာနှစ်စီးနဲ့ လာပစ်တယ်။ ကျားတက်ရွာထဲရော၊ ရဲစခန်းပတ်ပတ်လည်ရော၊ တော၊ ချုံတွေရော ပစ်ခတ်ခံရတယ်။ ကျွန်တော်တို့ ရအောင်ပဲ တိမ်းရှောင်ခဲ့တယ်။ ရွာထဲကလူတွေလည်း တိမ်းရှောင်ချိန် ရလိုက်တယ်” ဟု အထက်ပါတာဝန်ခံက ပြောသည်။

စစ်ကိုင်းတိုင်း ပုလဲ၊ မကွေးတိုင်း ရေစကြို၊ မြိုင်တို့သို့ ဆက်သွယ်ရာလမ်းကြောပေါ်တွင်ရှိပြီး အချက်အချာကျသည့် ကျားတက်ရဲစခန်းကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းတွင် ဒေသခံကာကွယ်ရေး မဟာမိတ်ပူးပေါင်းအဖွဲ့များက စီးနင်းခဲ့ပြီး ငါးလခန့်အကြာတွင် ထပ်မံ ဝင်ရောက်စီးနင်းခြင်း ဖြစ်သည်။ 

တိုက်ခိုက်ခံထားရဖူးသည့် ထိုစခန်းတွင်း ကတုတ်ကျင်းများတူးကာ အခိုင်အမာခုခံနေသည့်အတွက် ယခုတစ်ကြိမ်တွင်လည်း စခန်းသိမ်းနိုင်ခဲ့ခြင်းမရှိကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များထံမှ သိရသည်။ 

“လမ်းကြောင်းအနေအထားအရလည်း မြို့နယ်ချင်းဆက်လျက် လမ်းတွေမှာ ရှိတယ်။ နောက်တစ်ခုကလည်း ပျူရွာတွေကို နောက်ကနေ စခန်းတစ်ခုအနေနဲ့ ထောက်ထားတဲ့ အနေအထားရှိတယ်။ သူက အင်မထီး(ပျူရွာ) နဲ့ လည်း မလှမ်းမကမ်း၊ ပုလဲစခန်း၊ ဆားလင်းကြီးစခန်း၊ လင်းကတော စခန်းနဲ့လည်း မလှမ်းမကမ်း ကြားထဲမှာ ရှိတယ်။ သူက လုံးဝဗျူဟာကျတယ်” ဟု ဆားလင်းကြီး SSTF တာဝန်ခံက တိုက်ခိုက်ခဲ့သည့် စခန်းအနေအထားကို ပြောသည်။

ထို့နောက် ယင်းနေ့ ညနေ ၄ နာရီဝန်းကျင် မုံရွာနမခ မှ ရဟတ်ယာဉ် ၂ စီး ထပ်ရောက်လာပြီး ထိုစခန်းအတွက် အင်အား ၅၀ နီးပါး လာချသွားကြောင်း ဒေသခံများထံမှ စုံစမ်းသိရသည်။ 

လက်ရှိအချိန်တွင် ကျားတက်ရွာနှင့် အနီးအနားရှိ ကျေးရွာ ၅ ရွာမှ ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်ကြာသည်အထိ ဒေသအများအပြားတွင် အုပ်ချုပ်ရေးယန္တရား ပုံမှန်လည်ပတ်နိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီသည် ပြည်နယ်များသာမက ဗမာတိုင်းရင်းသားများနေထိုင်ရာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်းအပါဝင် နိုင်ငံတစ်ဝန်း လက်နက်ကိုင်တော်လှန်မှုနှင့်ပါ ရင်ဆိုင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button