
ဘဏ်များက အတိုးနှုန်းအပြိုင်မြှင့်ပြီး မက်လုံးပေးဆွဲဆောင်လာသော်လည်း ငွေကြေးဖောင်းပွလွန်းခြင်း၊ ဘဏ်များကို ယုံကြည်မှု ဆက်လက်ကျဆင်းနေခြင်းကြောင့် ငွေအပ် စုဆောင်းရန် စိတ်ဝင်စားမှု နည်းနေကြကြောင်း စီးပွားရေးအသိုင်းအဝိုင်းနှင့် ဘဏ်အသုံးပြုများထံမှ သိရသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ကမောက်ကမအခြေအနေများထဲတွင် ဘဏ်လုပ်ငန်းလည်းပါဝင်ပြီး ဘဏ်များတွင် ငွေသားလျော့ပါးလာကာ အများပြည်သူ၏ ဘဏ်အပ်နှံငွေ ထုတ်ယူခွင့် အကြီးအကျယ်ကန့်သတ်ခဲ့သည်။ ဘဏ်အပ်ငွေ ထုတ်ယူလိုသူသည် ကြားပွဲစားမှတစ်ဆင့် ၅ ရာခိုင်နှုန်းဝန်းကျင် အရှုံးခံပြန်ထုတ်ရခြင်း၊ ဝန်ထမ်းတို့၏ မချေမငံဆက်ဆံခြင်းတို့ကို ရင်ဆိုင်လာရသည်။
ငွေသားလိုအပ်သူများ၊ ဘဏ်အပ်ငွေ ဆုံးရှုံးမည်ကို စိုးရိမ်သူများက ဘဏ်များနှင့် ATM ငွေထုတ်စက်များတွင် နေ့စဉ်နှင့်အမျှ တန်းစီပြီး ငွေထုတ်ရန် ကြိုးစားခဲ့ကြရသည်အထိ အခြေအနေဆိုးခဲ့သည်။
အာဏာသိမ်းမှု နှစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် ငွေသားအပြည့်အဝထုတ်ယူခွင့်နှင့် အတိုးနှုန်း အမြင့်ဆုံးပေးမည်ဟူသော ဘဏ်များ၏ အပြိုင်အဆိုင်ဆွဲဆောင်မှု စိတ်မဝင်စားတော့ကြောင်း ရှမ်းပြည်နယ်၊ မူဆယ်မြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ဆိုသည်။
“အငြိမ်းစားတွေလောက်ပဲ စိတ်ဝင်စားမယ်ဗျ။ နောက် အသင်းအဖွဲ့တို့၊ ဘုရားစေတီ အဖွဲ့အစည်းငွေတွေတော့ အဆင်ပြေမယ်။ ကျန်တဲ့ လုပ်ကိုင်စားသောက်ရသူတွေကတော့ စိတ်ကိုမဝင်စားတာ။ အလုပ်လုပ်တဲ့သူတွေက ယုံကိုမယုံတော့တာ” ဟု ၎င်းက Myanmar Now ကို ပြောသည်။
ပုဂ္ဂလိကဘဏ်ကြီးတစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်က စာရင်းသေအပ်ငွေအတိုးနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်းမှ တရိပ်ရိပ်တိုးမြှင့်ပေးလာပြီး ရက် ၉၀ စာရင်းသေအပ်ငွေကို အတိုးနှုန်း ၉ ရာခိုင်နှုန်းအထိ တိုးမြှင့်ကြောင်း စက်တင်ဘာ ၂၆ တွင် ကြေညာခဲ့သည်။
CB ဘဏ်ကလည်း ရက်တစ်ရာစာရင်းသေအပ်ငွေအတိုးနှုန်းကို ၉ ဒသမ ၁ ရာခိုင်နှုန်းပေးမည်ဖြစ်ပြီး ဘဏ်စာရင်းအဟောင်း၊ အထူးဘဏ်စာရင်းနှစ်ခုလုံးနှင့် ချိတ်ဆက်၍ ငွေအပ်နှံနိုင်ကြောင်း စက်တင်ဘာ ၂၆ က ကြေညာထားသည်။
အာဏာသိမ်းပြီးနောက် အမေရိကန်၏ ပိတ်ဆို့မှုစာရင်းတွင် ပါဝင်ခဲ့သည့် ဦးတေဇ၏ AGD ဘဏ်ကလည်း ကျပ်သိန်း ၅၀ အထက် သုံးလကြာ စားရင်းသေငွေအပ်နှံလျှင် အတိုးနှုန်း ၉ ဒသမ ၃၅ ပေးမည်ဖြစ်သည်ဟု ကြေညာထားကာ အခြားဘဏ်များကလည်း အလားတူအတိုးနှုန်းများမြှင့်တင်လျက်ရှိသည်။
ပုံမှန်အားဖြင့် နိုင်ငံရေးနှင့် စီးပွားရေးတည်ငြိမ်ပါက ဘဏ်အတိုးနှုန်းတိုးမြှင့်လျှင် ငွေအပ်နှံသူ များသော်လည်း ယခုအခါ ငွေကြေးအရင်းအနှီးရှိသူများသည် ရွှေနှင့် မြေတွင် ဝင်ရောက်ကစားနေခြင်းကြောင့် ဘဏ်အတိုးကို မမက်တော့ကြောင်း မန္တလေးမြို့မှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“အခုကတော့ ယုံကြည်မှု နည်းနေသေးတဲ့အတွက် အပြင်မှာပဲ အရောင်းဝယ်လုပ်တယ်။ ရွှေလေး ကိုင်ထားမယ်၊ မြေလေးကိုင်ထားမယ်ဆိုတဲ့သူက ခပ်များများရယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းမှုကြောင့် ကျပ်ငွေတန်ဖိုးအကြီးအကျယ်ကျဆင်းပြီး ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းကြောင့် သာမန်ပြည်သူများအနေဖြင့် စုဆောင်းရန် ငွေပိုငွေလျှံမရှိကြောင်း၊ ငွေပိုငွေလျှံရှိလျှင်လည်း ဘဏ်များတွင် ငွေအပ်ကြမည်မဟုတ်ကြောင်း မန္တလေး ဒေသခံတစ်ဦးက ဆိုသည်။
“အာဏာသိမ်းပြီးကတည်းက ဘဏ်တွေဘက်က တာဝန်ယူမှု မရှိတာတွေ အများကြီးဖြစ်လာတော့ မယုံကြတော့ဘူး။ အတိုးတွေ အများကြီးပေးလည်း အပ်မဲ့လူထက် မအပ်မဲ့လူက ပိုများတယ်။ လက်ထဲမှာ ငွေရှိနေတာက ပိုစိတ်ချရတယ်” ဟု မန္တလေးမြို့မှ အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသမီးက ဆိုသည်။
ဘဏ်လုပ်ငန်းကို ဖောက်သည်များက ဆက်လက်စိတ်ပျက်နေကြသည့် အကြောင်းရင်းများထဲတွင် အကောင့်များ ကန့်သတ်ဖျက်သိမ်းခံရခြင်းလည်း ပါဝင်သည်။ အာဏာဖီဆန်သူတို့ကို ထောက်ပံ့ခြင်း၊ လက်နက်ကိုင်ခုခံမှုနှင့် ဆက်စပ်သည်ဟု ယူဆရသူတို့ကို ထောက်ပံ့ခြင်း သံသယဖြင့် အကောင့်များ အပိတ်ခံနေရသည်မှာ လအတန်ကြာပြီ ဖြစ်သည်။
စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ခိုင်းစေသည့်အတိုင်း ဘဏ်များက ငွေသားထုတ်ယူမှုကန့်သတ်ခြင်း၊ ဘဏ်အကောင့်များပိတ်သိမ်းခြင်း၊ မိုဘိုင်းငွေကြေးအကောင့်များပိတ်ခြင်းတို့ကြောင့်လည်း ငွေကြေးဆုံးရှုံးမှုရှိကြောင်း အထက်ပါကုမ္ပဏီဝန်ထမ်းက ဆက်ပြောသည်။ အပ်နှံထားပြီးသား ဘဏ်အပ်ငွေများသည်ပင် ထုတ်ယူရန် အခက်အခဲရှိနေဆဲဖြစ်သည်။
”အရင်က ဘဏ်ကတ်ထဲက ပိုက်ဆံလေးတွေကြည့်ရတာ ပမာဏများလေ ပျော်စရာကောင်းလေ ဆိုပေမဲ့ ခုချိန်ကာလကတော့ ပမာဏများလေ၊ မျက်ခုံးလှုပ်လေ၊ အိမ်မပျော်လေပဲ” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက် ငွေအပ်နှံသူနည်းပါးလာသလို ရနိုင်သမျှ ငွေများထုတ်ယူခြင်းကြောင့် ဘဏ်များတွင် ငွေမရှိတော့၍ အတိုးနှုန်းဖြင့် မက်လုံးပေးခြင်းဖြစ်နိုင်ကြောင်း ငွေရေးကြေးရေးနှင့် စီးပွားရေးလုပ်ငန်းများကို လေ့လာစောင်ကြည့်သူတစ်ဦးက ဆိုသည်။
သို့သော် ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၁၇ ရာခိုင်နှုန်း ရှိနေပြီး ဘဏ်အတိုးနှုန်းမှ ၉ ရာခိုင်နှုန်းသာရှိကာ ရမည့်အတိုးပမာဏထက် ငွေတန်ဖိုးကျဆင်းမှုက ပိုများနေကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသူ အထက်ပါအမျိုးသားက ဆိုသည်။
“လူတွေက ကျပ်ငွေကို ဒေါ်လာတို့ ဘတ်တို့နဲ့ ယှဉ်ပြီးတွက်ချက်ကြတော့ အတိုးနှုန်းက ဘယ်လိုမှ မကိုက်ဘူး။ ဒီနှစ် ဘဏ်အတိုး ၁၀ ရာခိုင်နှုန်းပဲထားပါတော့။ တစ်နှစ်မှ ရမှာမဟုတ်လား။ အခု ဒေါ်လာဈေးက ၃၂၀၀ ကနေ ၄၂၀၀ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါကြောင့် လူတွေက မာတဲ့ဟာတွေကို ဝယ်ဖို့လုပ်နေတာ” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းပြီးနောက် ပြည်တွင်းဘဏ်များ၏ အပ်နှံငွေ ၇၀ ရာခိုင်နှုန်းအထိ ပြန်ထွက်သွားကြောင်း ယခုနှစ် ဇူလိုင်တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ ငွေရေးကြေးရေးကဏ္ဍ ပြုပြင် ပြောင်းလဲမှု ဆိုင်ရာ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ရပ်တန့်သွားနိုင်ပြီး နောက်ကြောင်းပြန်လှည့်နိုင်သည့် အခက်အခဲများရှိနေကြောင်း အဆိုပါအစီရင်ခံစာက ဆိုသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)