သတင်း

လေဆိပ်လုပ်ကြံမှု အမိန့်ချအပြီး နောက်ဆက်တွဲ လုပ်ငန်းများအတွက် တရားလိုရှေ့နေတို့ တိုင်ပင်နေ

ဦးကိုနီ လုပ်ကြံခံရမှုကို တရားရုံးက စီရင်ချက်ချပြီးနောက်တွင် တရားလိုရှေ့နေများ စုဝေး တိုင်ပင်ကြရာ ဆွေးနွေးသည့် အကြောင်းအရာများထဲတွင် လုပ်ကြံသတ်ဖြတ်ရေး စီမံကိန်းကို ငွေကြေးထောက်ပံ့သူဟု စွပ်စွဲခံခဲ့ရသူ စစ်အရာရှိဟောင်း ဇေယျာဖြိုး ထောင် ၅ နှစ် ချမှတ်ခံရသည့် အကြောင်းအရာလည်း ပါဝင်သည်။

တရားရုံး၏ စီရင် ဆုံးဖြတ်ချက်မှာ ဥပဒေအရ မှားယွင်းချွတ်ချော်မှုရှိနေသည်ဟု ဥပဒေအကြံပေးသူတို့နှင့် တစ်နာရီကြာ ဆွေးနွေးခဲ့သည့် တံခါးပိတ်အစည်းအဝေးတွင် သုံးသပ်ခဲ့ကြ ကြောင်း တရားလွှတ်တော် ရှေ့နေ ဦးနေလက Myanmar Now ကို ပြောသည်။

ဦးနေလသည် ဇေယျာဖြိုးကို တရားခွင်တွင် ၃ ရက်ကြာ ပြန်လှန်စစ်ဆေးခဲ့သူဖြစ်သည်။

ဇေယျာဖြိုးသည် လုပ်ကြံမှု အဓိက တရားခံတစ်ဦးဖြစ်သူ အောင်ဝင်းခိုင်နှင့် လုပ်ကြံသည့်နေ့မတိုင်ခင် တစ်ရက်အလိုအထိ ဖုန်းဆက်သွယ်မှုများ ရှိခဲ့ကြောင်း၊ အောင်ဝင်းခိုင် နေပြည်တော်သို့ ထွက်ပြေး လွတ်မြောက်နိုင်ရေးအတွက် ဇေယျာဖြိုး အကူအညီပေးခဲ့သည့် အချက်ကိုလည်း တရားရုံးက လက်ခံခဲ့ကြောင်း ပြောသည်။

“အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဥပဒေရုံးနဲ့ ဆွေးနွေးတဲ့အခါမှာ ဥပဒေရုံးကလည်း တရားရုံးရဲ့ စီရင်ချက်က ဥပဒေအရ စဉ်းစားစရာ၊ အငြင်းပွားဖွယ်ရာ ပေါ်ပေါက်နေတယ်။ အဲဒီအချက်ကို ဥပဒေရုံးကလည်း လက်ခံတယ်” ဟု ၎င်းက ပြောသည်။

လိုအပ်လာပါက ၎င်းတို့ ရှေ့နေအဖွဲ့က တရားလွှတ်တော်ကို ပြင်ဆင်မှု တင်သွင်းသွားမည်ဖြစ်သည့် အပြင် ရှေ့နေချုပ်ရုံးကလည်း အယူခံ တင်သွင်းသွားဖွယ်ရှိသည်ဟု ၎င်းက ပြောသည်။
“အဲဒီအပေါ်မှာ ယေဘုယျအားဖြင့် အကြမ်းဖျင်းသုံးသပ်ချက်တွေ ရရှိတယ်။ ရှေ့ဆက်ပြီးတော့ လုပ်ထုံးလုပ်နည်းအရ ရှေ့ဆက် ဆောင်ရွက်ဖို့အတွက်ကို စီစဉ်နေပါတယ်” ဟု ၎င်းက ပြောသည်။

ဇေယျာဖြိုးသည် လေဆိပ်လုပ်ကြံမှု ဖြစ်ပွားချိန်က ရဟန်းခံရန် သင်္ကန်း၊ ပရိက္ခရာများ ဝယ်ယူပြီးနောက် ရန်ကုန်မြို့ ကုန်တိုက်တစ်ခုတွင် မိသားစု နှင့်အတူ ရှိနေကြောင်း သက်သေပြနိုင် ခဲ့သည်။

လုပ်ကြံမှုတွင် ပါဝင်ပတ်သက်ခြင်း၊ ငွေကြေး ထောက်ပံ့ခြင်း စသည့် စွပ်စွဲချက်များကို သူက အစဉ်တစိုက် ငြင်းဆိုခဲ့သည်။

ဇေယျာဖြိုးက ၎င်းတွင် ကိုယ်ပိုင်ဘဏ်စာရင်း မရှိကြောင်း၊ ၎င်း၏ အမျိုးသမီးဖြစ်သူ၏ ဘဏ်စာရင်းနှင့် ရုံးဘဏ်စာရင်းသာ ရှိကြောင်း၊ တရားရုံးတွင် ထွက်ဆိုခဲ့ဖူးသည်။

တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ဇေယျာဖြိုး၏ ငွေပေးငွေယူ ကိစ္စများနှင့်ပတ်သက်ပြီး စင်ကာပူနိုင်ငံတွင်ရှိသည့် ကုမ္ပဏီကိစ္စများကို ဇေယျာဖြိုး၏ ဇနီးဖြစ်သူက ဝန်ခံထားပြီးဖြစ်သော်လည်း အာဏာပိုင်တို့က ဆက်လက် စစ်ဆေး ဆောင်ရွက်ရန် ပျက်ကွက်ခဲ့သည်ဟု အမှု စီရင်ချက်ချသည့်နေ့က တရားခွင်မှ အထွက်တွင်ပြောသည်။

“စင်ကာပူက ကုမ္ပဏီကိစ္စကို သူ့မိန်းမကိုယ်တိုင် ဝန်ခံထားတယ်။ ဒါကို ဘယ်သူကမှ မစိစစ်ထားဘူး။ အဲဒါတွေရှိတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောသည်။

ဆက်စပ်ဖတ်ရှုရန်
—————
ကြည်လင်း
https://myanmar-now.org/mm/news/609

အောင်ဝင်းဇော်
https://myanmar-now.org/mm/news/610

အောင်ဝင်းခိုင်
https://myanmar-now.org/mm/news/611

ဇေယျာဖြိုး
https://myanmar-now.org/mm/news/612

အောင်ဝင်းထွန်း
https://myanmar-now.org/mm/news/613

Show More

Related Articles

Back to top button