
အာဏာသိမ်း စစ်ကောင်စီတပ်ကို ရင်ဆိုင်တိုက်ခိုက်ရန် အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး လိုအပ်နေခြင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်အတွက် နေ့စဉ် ခေါင်းခြောက်စရာ ကိစ္စတစ်ခုပင်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးရည်မွန် ခေါ် ကဗျာဆရာ မောင်တင်သစ်သည် စစ်အာဏာမသိမ်းခင် အချိန်အထိ မထင်မရှား ပြည်သူ့လွှတ်တော်အမတ်တစ်ဦးသာဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် စစ်တပ်၏ ဖမ်းဆီးမှုမှ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး NUG ၏ ကာကွယ်ရေးဝန်ကြီး ဖြစ်လာသည်။
ကလောင်ကိုင်၊ တိုက်ပုံဝတ်ခဲ့သည့် ဦးရည်မွန်၏ နေ့စဉ်ဘဝကို ချေမှုန်းရေးရိုင်ဖယ်နှင့် ဝေဟင်ပစ်လက်နက်များ ရရှိရေးအခက်အခဲက အစားထိုးဝင်ရောက်လာနေပြီး သူ့စာကြည့်စားပွဲရှိ ကဗျာ၊ စာပေနှင့် နိုင်ငံရေးစာအုပ်များနေရာတွင် ကာကွယ်ရေးအသုံးစရိတ် စာရင်း၊ ဇယားများက နေရာယူလာသည်။

NUG နှင့် မဟာမိတ်တပ်ပေါင်းစုများကြား ချမှတ်ထားသည့် မဟာဗျူဟာအရ တန်ပြန်ထိုးစစ် အသုံးစရိတ် ဒေါ်လာသန်းရာဂဏန်း လိုမည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
“ကျွန်တော်တို့ ရေးဆွဲ ပြင်ဆင်နေတဲ့ မဟာဗျူဟာအရဆိုရင် လာမည့် တစ်နှစ်မှာ ကျွန်တော်တို့ ရန်ပုံငွေလိုအပ်ချက်က အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀၀ နဲ့ သန်း ၃၀၀ ကြားမှာရှိတယ်” ဟု ၎င်းက ပြောသည်။
“ဒီနေ့ ဒီအချိန်က တန်ပြန်ထိုးစစ်အကြိုကာလလို့ မှတ်ယူလို့ရတယ်။ တစ်ဖက်မှာ တန်ပြန်ထိုးစစ်တွေ လုပ်ဖို့ ပြင်ဆင်မှုတွေ တစ်ချိန်တည်း လုပ်သွားမယ်။ အဲဒီအတွက် ရန်ပုံငွေလိုအပ်ချက်၊ လက်နက်လိုအပ်ချက်တွေကို မြန်မြန်ထက်ထက် ဖြည့်ဆည်းနိုင်ဖို့က အရေးကြီးတယ်”
သူပြောသည့် ငွေပမာဏမှာ လာမည့် ၄ လအတွင်း PDF တပ်ရင်း ၃၀၀ ကျော်အတွက် မောင်းပြန်သေနတ် နှစ်သောင်းဝယ်ယူရေး၊ လက်နက်တပ်ဆင်ပြီး နောက်ထပ် ၄ လအကြာ အခြေအနေတွင် အသုံးပြုရေးအတွက် ဖြစ်သည်ဟု ၎င်းက ပြောသည်။
ပြည်သူ့ခုခံစစ် အစပြုကြောင်း ကြေညာသည့် တစ်နှစ်ပြည့်လာချိန်တွင် NUG သည် အခြေစိုက်နယ်မြေတစ်ခု ရရှိရန် ဘဏ္ဍာငွေ လိုအပ်နေပြီး အာဏာသိမ်း စစ်တပ်သည်လည်း ၎င်း၏ စစ်အာဏာသိမ်းမှုကို သက်ဆိုးရှည်စေရန် နိုင်ငံခြားငွေ များကို အပူတပြင်း စုဆောင်းကာ စစ်အသုံးစရိတ်အတွက် ပြင်ဆင်နေသည်။

တပ်စုဖွဲ့မှုနှင့် လက်နက်တပ်ဆင်မှု
၂၀၂၁ မေ ၅ တွင် ဖွဲ့စည်းခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) သည် အင်အား ကြီးထွားလာပြီး ခရိုင်အလိုက် တပ်ရင်းပေါင်း ၃၀၀ ကျော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) ၂၅၀ ကျော် ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
ထို PDF တပ်ရင်းများနှင့် ပ.က.ဖ တပ်ဖွဲ့များကို NUG အစိုးရ PDF တပ်ရင်းများနှင့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်တပ်ဖွဲ့များ စုဖွဲ့ထားသည့် စစ်ဒေသ ၃ ခုဖြင့် ချိတ်ဆက် ကွပ်ကဲ ဆောင်ရွက်နေသည်။
နိုင်ငံမြောက်ပိုင်းကို အမှတ် ၁ စစ်ဒေသ၊ အလယ်ပိုင်းကို အမှတ် ၃ စစ်ဒေသ၊ တောင်ပိုင်းကို အမှတ် ၂ စစ်ဒေသဟု သတ်မှတ်ထားပြီး စစ်ဒေသမှူးများက ဦးဆောင်နေသည်။
အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်ရှိ စစ်ရေးအရ အချက်အချာကျသည့် PDF တပ်ရင်း၊ တပ်စခန်းများကို အဓိကထား လက်နက်တပ်ဆင်ပေးနေပြီး တန်ပြန်ထိုးစစ်ဆင်သည့် အနေအထားမဟုတ်သော်လည်း စစ်ကောင်စီ၏ အခြေစိုက်တပ်စခန်းများကို ဝိုင်းထားသည့် အနေအထားမျိုးဖြစ်သည်ဟု ကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သည့် လေ့လာသူတစ်ဦးက ပြောသည်။
“မြို့တွေရွာတွေကိုလည်း ရှောင်တယ်။ လမ်းကြောင်းတွေကို ပိတ်ဖို့၊ သိမ်းဖို့ အခြေအနေတွေကိုပါ စဉ်းစားရတဲ့ အခါကျတော့ ဒီစစ်ရေးအရ ဗျူဟာကျတဲ့ နေရာတွေမှာ ခြေကုပ်ယူတဲ့ တပ်ရင်းတွေကိုပဲ ဦးစားပေးပြီးတော့ တပ်ဆင်ပေးထားတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ PDF တပ်ဖွဲ့များသည် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီး ပြီးခဲ့သည့် နှစ် စက်တင်ဘာ ၇ က ပြည်သူ့ခုခံတော်လှန်စစ် (D-Day) ကြေညာသကဲ့သို့ပင် သမ္မတ (သို့မဟုတ်) ဝန်ကြီးချုပ်က အမိန့်ပေး ကြေညာပြီး တိုက်ခိုက်သွားမည်ဖြစ်သည်ဟု ၎င်းက သုံးသပ်သည်။
ဖွဲ့စည်းပုံအရ အင်အား ၃၀၀ နီးပါးရှိသည့် ခရိုင်တပ်ရင်းတစ်ခုကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တိုက်ပွဲဝင်နိုင်ရန် ကုန်ကျစရိတ်မှာ ဒေါ်လာ ၂ သိန်းကျော်ရှိသည်။
ရွှေဘိုခရိုင်အတွင်းရှိ ပ.က.ဖ ခေါင်းဆောင်တစ်ဦးက ခရိုင်အတွင်း တပ်ရင်းတပ်ဖွဲ့များအတွက် လိုအပ်သည့် ၁၂၀ မမ၊ ၇၉ မမ၊ ၆၀ မမ၊ ၄၀ မမ၊ ချေမှုန်းရေးရိုင်ဖယ်နှင့် မှန်ပြောင်းတပ် ရိုင်ဖယ်များအတွက် ကျပ်သိန်းပေါင်း သုံးသောင်းကျော် ပေါက်စျေးရှိနေပြီး မြေပြင်တွင် တိုက်ပွဲဝင်နေရသူများအတွက် ထိုကုန်ကျစရိတ်မှာ အလွန်ခက်ခဲနေသည်၊ လတ်တလော ကိုင်ဆောင်နေသည့် လက်နက်ပစ္စည်းများအတွက် ပိုင်ဆိုင်မှုများ ရောင်းချနေရသည်ဟု ပြောသည်။
“ကျွန်တော့် ရဲဘော်တွေဆို လယ်တွေရောင်းထားရတယ်။ ကျွန်တော်ဆိုလည်း ကားရောင်းထားရတယ်။ ကျွန်တော်တို့ စစ်ကိုင်းကတော့ လယ်သမားဆိုတော့ လယ်တွေရောင်းပြီးတော့ ပစ္စည်းဝယ်ကြရတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။

တိုက်ပွဲကြီးတစ်ပွဲ ဆင်နွှဲနိုင်ရန် ရဲဘော်တစ်ဦးလျှင် ချေမှုန်းရေးရိုင်ဖယ်တစ်လက်၊ ကျည် ၉၀ ပါ ကျည်ဘောက် ၃ ဘောက်၊ အရန် ကျည် ၁၅၀ အနည်းဆုံး လိုအပ်သည်ဟု ဆိုသည်။
၁ နာရီကြာ တိုက်ပွဲအတွက် ကျည်ဆန် ခေါ် နှုတ်ခမ်းနီအရေအတွက် ထောင်သောင်းချီ သုံးစွဲရပြီး ကာကွယ်ရေးစရိတ်အတွက် ပြည်သူများကို အားကိုးရသည်ဟု ၎င်းက ဆိုသည်။
“အိမ်တစ်အိမ်ကို (ကျပ်) တစ်သောင်းနှုန်းနဲ့ အိမ် ၅၀၀ လောက်ရှိတဲ့ ရွာဆိုရင် သိန်း ၅၀ လောက် ရတာကိုး။ အဲဒါကို စုပြီးတော့ ကျွန်တော်တို့ အခေါ် နှုတ်ခမ်းနီဖိုးပေါ့ဗျာ၊ အရမ်းအရေးကြီးတဲ့ လတွေဆိုရင်လည်း တစ်အိမ်ကို နှစ်သောင်းပေါ့။ အဲဒီလို တိုက်နေရတာပေါ့” ဟု ၎င်းက ပြောသည်။
လက်နက်အပြည့်အစုံ မတပ်ဆင်နိုင်သေးသော်လည်း ၎င်းတို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုလွင်ပြင်ရှိ PDF, ပ.က.ဖ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) များအကြား ချိတ်ဆက်ဆောင်ရွက်မှုအရ စခန်းသိမ်းတိုက်ပွဲများကို ဆင်နွှဲနိုင်ရန် အဆင်သင့်ဖြစ်နေကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းစစ်ကူကို စိုးရိမ်၍သာ အခြေအနေကို စောင့်ကြည့်နေရခြင်းဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
“ဒီစခန်းတစ်ခုကို သိမ်းပြီးရင် ခဏနေရင် သူတို့က ဝေဟင်က လာမယ်။ အဲဒါဆို ဘာထူးမှာလဲ။ ကျွန်တော်တို့အတွက် အဖြေက လေကြောင်းပစ်မယ့် တာဝေးပစ်တွေကို စောင့်နေတဲ့ သဘောမျိုးလို့ ကျွန်တော်ထင်ပါတယ်၊ အဲဒါက ရဖို့အတွက်က ကျွန်တော်တို့အတွက်က အဖြေပဲ” ဟု ၎င်းက ပြောသည်။
ကာကွယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ထားသည့် PDF အင်အား ၇ သောင်းနီးပါး ရှိနေပြီး ပ.က.ဖ နှင့် LDF တပ်ဖွဲ့ဝင်များမှာ သိန်းချီ ရှိနေပြီး တစ်ပြိုင်တည်း လက်နက်တပ်ဆင်နိုင်ရန် ခက်ခဲနေသည်ဟု ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။
“လက်ရှိ ကျွန်တော်တို့ရဲ့ အင်အား၊ ကျွန်တော်တို့ရဲ့ လက်နက်တပ်ဆင်နိုင်စွမ်းက မဟာဗျူဟာခံစစ်၊ ပြောက်ကျားစစ်ကိုတော့ နိုင်နိုင်နင်းနင်း ဆင်နွှဲနိုင်ပြီလို့ ပြောလို့ရတယ်။ လက်ရှိ ကျွန်တော်တို့ ပြင်ဆင်နေတာက တန်ပြန်ထိုးစစ်အတွက်ပါ” ဟု ၎င်းက ပြောသည်။
ပြောက်ကျားလှုပ်ရှားမှုများကိုလည်း အရှိန်မြှင့်သွားမည်ဖြစ်ပြီး တန်ပြန်ထိုးစစ်အကြိုကာလဖြစ်၍ ရန်ပုံငွေလိုအပ်ချက်၊ လက်နက်လိုအပ်ချက်များကို မြန်မြန်ဆန်ဆန် ဖြည့်ဆည်းသွားနိုင်ရန် လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။

စစ်ပြင်နေသည့် NUG နှင့် စစ်ကောင်စီ
အာဏာသိမ်း စစ်ကောင်စီတပ်သည် PDF များ အားကောင်းသည့် စစ်ကိုင်း၊ မကွေး ၊ ချင်းနှင့် ကရင်နီ ဒေသများတွင် နယ်မြေတော်တော်များများကို စွန့်လွှတ်ထားရပြီး ၎င်းတို့ အခြေစိုက် တပ်စခန်းများတွင်သာ ခြေကုပ်ယူထားနိုင်သည်။
ကုလသမဂ္ဂအရာရှိဟောင်းများနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံအတွက် အထူးအကြံပေးကောင်စီကလည်း NUG သည် နိုင်ငံ၏ နယ်မြေအများစုကို ထိန်းချုပ်ထားနိုင်သောကြောင့် လူထုခုခံစစ်ကို ကိုယ်စားပြုသည့် တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုကြရန် စက်တင်ဘာ ၅ တွင် နိုင်ငံတကာကို တိုက်တွန်းထားသည်။
ထိုသို့ တိုက်တွန်းထားချိန်တွင် စစ်ကောင်စီက ၎င်းတို့ လက်လွှတ်ထားရသည့် ဒေသများကို ကုန်းလမ်းမှ သွားရောက်နိုင်ခြင်း မရှိတော့ဘဲ ရဟတ်ယာဉ်များ အသုံးပြု ဝင်ရောက်ကာ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးရှို့မှုများကို နေ့စဉ် ကျူးလွန်နေသည်။
ထိုသို့ တစ်နိုင်ငံလုံး စစ်မီး တဟုန်းဟုန်း တောက်လောင်နေချိန်တွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စက်တင်ဘာ ၅ မှ ၈ ရက်နေ့အထိ ရုရှားနိုင်ငံတွင် ကျင်းပနေသည့် ၂၀၂၂ အရှေ့ဖျား စီးပွားရေးဖိုရမ်သို့ ရောက်ရှိနေသည်။
စစ်ရေးအတွက် နိုင်ငံခြားငွေများကို ရသလောက် စုဆောင်းနေသည့် စစ်ကောင်စီ၏ ခေါင်းဆောင်က ရုရှခရီးစဉ်တွင် စစ်ရေးအကူအညီ တောင်းယူဖွယ်ရှိသည်ဟု လေ့လာသူများက သုံးသပ်သည်။
စစ်ကောင်စီတပ်သည် နိုင်ငံရေးနည်းအရ ဖြေရှင်းရန် အစီအစဉ်မရှိဘဲ စစ်ပွဲဆင်နွှဲရန်အတွက် နိုင်ငံခြားငွေများကို အဓမ္မစုဆောင်းနေသည်ကိုသာ ထင်ထင်ရှားရှား မြင်တွေ့နေရသည်ဟု NUG စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေး ဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောသည်။
“ဒါကြီးက ရှင်းရှင်းကြီး ပေါ်နေပါပြီ။ သူတို့ကလည်း စစ်ရေးကိုပဲ လုံးဝ ရွေးချယ်ပြီးတော့ ဒါကိုပဲ ဦးစားပေးတော့မယ်ဆိုတာကတော့ လုံးဝ ပေါ်လွင်နေပါပြီ။ သူတို့ရဲ့ ရင်းမြစ်တွေအားလုံးကို ဒီဟာအတွက်ပဲ အကုန်လုံး ဆွဲယူပြီးတော့ ဒါအတွက်ပဲ ပုံအောနေတာ တွေ့ရပါတယ်” ဟု ၎င်းက ပြောသည်။
အဘက်ဘက်က အင်းအားချည့်နဲ့နေသည့် စစ်ကောင်စီကို စီးပွားရေး၊ နိုင်ငံရေးပိုင်းတွင်လည်း တိုက်ခိုက်ရန် ကြိုးစားနေသည်ဟု ၎င်းက ဆက်ပြောသည်။
“တော်လှန်ရေး အင်အားစုတွေအနေနဲ့ကတော့ စစ်ရေးတစ်ခုတည်း မကပါဘူး။ သူ့ကို ပြိုလဲသွားအောင် စီပွားရေးစစ်မျက်နှာလည်း ဖွင့်ရမယ်၊ နိုင်ငံရေးစစ်မျက်နှာလည်း ဖွင့်ရမယ်။ စစ်ရေးစစ်မျက်နှာလည်း ဖွင့်ရမယ်။ အဲဒီ ၃ ချက်လုံး ဟန်ချက်ညီအောင် NUG အစိုးရကလည်း အစီအမံတွေတော့ ဆွဲနေပါတယ်” ဟု ၎င်းက ပြောသည်။
ထို့အပြင် ပြည်သူလူထုကလည်း စစ်ကောင်စီ၏ နိုင်ငံခြားငွေ ရပေါက်၊ ရလမ်းများကို ပိတ်ဆို့ရေးအတွက် စစ်တပ်ထုတ်ကုန်များကို မသုံးစွဲရန်၊ အခွန်ငွေ မပေးဆောင်ရန် စသည့် သပိတ်မှောက်လှုပ်ရှားမှုများကို အရှိန်မြှင့်တင်ရန် လိုအပ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“သူကတော့ သူ့အတွက် သက်ဆိုးရှည်ဖို့ပေါ့။ နည်းမျိုးစုံနဲ့ ကြိုးစားနေတယ်။ ကိုယ်တွေဘက်က သက်ဆိုးရှည်ခွင့် မပေးရဘူး။ သက်ဆိုးရှည်မယ့်ကိစ္စတွေ ဝင်ငွေရလမ်းတွေ၊ သူတို့ရဲ့ စစ်တပ်စီးပွားရေးတွေ၊ နိုင်ငံခြားငွေ ရပေါက်ရလမ်းတွေ အကုန်လုံးကို တတ်နိုင်တဲ့ဘက်ကနေ ဟန့်တားနိုင်ဖို့ လိုတာပေါ့” ဟု ၎င်းက ပြောသည်။

နိုင်မြင်းလောင်းသူ အလိုရှိသည်
နိုင်ငံ၏ ဘဏ္ဍာငွေအရင်းအမြစ်များကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ရယူထားသည့် ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့နှင့် အဓိကမဟာမိတ် ရုရှနှင့် တရုတ် နိုင်ငံတို့ထံမှလည်း အကူအညီတချို့ ရရှိနေသည်။
သို့သော်လည်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့်လူထု၏ အင်အားဖြင့် ဖွဲ့စည်းနိုင်ခဲ့သည်မှာ နှစ်အပိုင်းအခြားသာ ရှိသေးသည့် NUG အစိုးရသည် ထောက်ခံသူ ပြည်သူလူထု၏ ရန်ပုံငွေထည့်ဝင်မှုဖြင့်သာ လည်ပတ်နေရသည်။
၁ နှစ်အတွင်း အသုံးစရိတ်များကို ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးကောင်စီတွင် အစည်းအဝေး၏ ခွင့်ပြုချက်ဖြင့် သုံးစွဲနေသည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။
“MODF က ဆောင်ရွက်တဲ့ဟာကပဲ သီးသန့်ကပဲ အမေရိကန်ဒေါ်လာ သန်း ၇၀ လောက် ရှိသွားပြီပေါ့။ ပြည်သူကလည်း ဒီကာလမှာ ပုံအောဖို့ပဲ တွေးထားတယ်လို့ သုံးသပ်ပါတယ်။ ဒီကာလမှာ ပါဝင်မှုက သန်း ၁၀၀ နီးပါးတော့ ရှိတယ်လို့ ထင်ပါတယ်” ဟု သူက ပြောသည်။
၎င်းတို့ ဝန်ကြီးဌာန၏ ရန်ပုံငွေအများစုမှာ စစ်အသုံးစရိတ် ဖြစ်လာပြီး လိုအပ်နေသည့် ဘဏ္ဍာငွေ ရရှိရန် ပြည်တွင်း၊ ပြည်ပ စီးပွားရေးလုပ်ငန်းရှင်များအတွက် လုပ်ပိုင်ခွင့်များ စီစဉ်ထားသည်ဟု ၎င်းက ဆက်ပြောသည်။
“နိုင်မြင်းလောင်းတယ်ဆိုတဲ့ စကားရှိတာပဲ။ စီးပွားရေးသမားတွေကတော့ ပြည်တွင်းပဲဖြစ်စေ၊ နိုင်ငံတကာကပဲဖြစ်စေ သူတို့ နိုင်မယ်လို့ ယုံကြည်ရင်တော့ ပါလာမှာပါ။ ပြည်သူလူထုဘက်က နိုင်မယ်လို့ ကြိုတင်တွက်ဆပြီးတော့ စွန့်စားရဲတယ်ဆိုတဲ့ လူတွေကို ၂ ဦး ၂ ဖက် ညှိနှိုင်းပြီးတော့ စီးပွားရေးအခွင့်အလမ်း ကြိုပြီးတော့ ပေးသွားမယ်” ဟု ၎င်းက ပြောသည်။
စစ်သုံးစရိတ်သည် အဆုံးအဖြတ်မဟုတ်
နိုင်ငံ၏ သယံဇာတအရင်းအမြစ်များကို နှစ်ပေါင်းများစွာ လက်ဝါးကြီးအုပ်ရယူထားပြီး စစ်လက်နက်ထုတ်လုပ်ရေး စက်ရုံအားလုံးကို ချုပ်ကိုင်ထားသည့် အာဏာသိမ်းဗိုလ်ချုပ်များကို စစ်အသုံးစရိတ်ချင်း ယှဉ်ပြိုင်နိုင်ရန်မှာ ခက်ခဲနေသေးသည်။
သို့သော်လည်း စစ်ကောင်စီကို လက်လုပ်သေနတ်များဖြင့် ရင်ဆိုင်တိုက်ခိုက်လာခဲ့သည့် လူထုအတွက် တော်လှန်စစ်အောင်မြင်ရေးမှာ စိတ်ဓာတ်က ပိုမို အရေးပါသည်ဟု လေ့လာသူများက သုံးသပ်သည်။
ထိုအချက်ကို NUG ယာယီသမ္မတ၊ ကာကွယ်ရေးဝန်ကြီးနှင့် စီမံ၊ဘဏ္ဍာဝန်ကြီးတို့ကလည်း သဘောတူသည်။ ပြည်သူလူထု၏ စစ်အာဏာရှင်ကို မုန်းတီးသည့် နှလုံးသားကသာ တော်လှန်စစ်ကို အောင်မြင်စေမည့် အဓိကအကြောင်းအရာဖြစ်သည်ဟု ၎င်းတို့က တညီတညွတ်တည်း သုံးသပ်သည်။

NUG ယာယီသမ္မတ ဒူဝါလရှီးလက ၎င်းတို့ အစိုးရအဖွဲ့၏ ဘဏ္ဍာရေးအခြေအနေကို တစ်ကမ္ဘာလုံးက စိတ်ဝင်တစား မေးမြန်းလေ့ရှိပြီး ပြည်သူလူထု၏ စစ်အာဏာရှင်စနစ်ကို မုန်းတီးသည့် စိတ်ဓာတ်သည်သာ တော်လှန်စစ် အောင်မြင်ရန် အဓိကအချက်ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။
“ငွေနဲ့ လက်နက်တွေက အရေးမကြီးဘူးလားဆိုတော့ အရေးကြီးပါတယ်။ ဒါပေမဲ့ လူတွေရဲ့ စိတ်ဓာတ်တွေက ပိုပြီးတော့ အရေးကြီးပါတယ်။ လူတွေရဲ့ စိတ်ဓာတ်တွေက စစ်ကောင်စီ အကြမ်းဖက်အဖွဲ့ကို ဘယ်တော့မှ အညံ့မခံချင်တော့ဘူး” ဟု ဒူဝါလရှီးလက ပြောသည်။
“ကျွန်တော်တို့မှာ စိတ်ဓာတ်ရေးရာအရ ပြည်သူလူထုက အားလုံးပါဝင်နေတဲ့ အတွက်ကြောင့် ကျွန်တော်တို့ နိုင်ကို နိုင်နေပါပြီ။ ဘယ်လိုနည်းနဲ့မှ PDF တွေကို သူတို့ နိုင်လာစရာ နည်းလမ်းမရှိပါဘူး”
ပြည်သူ့ခုခံတော်လှန်စစ် စတင်သည့် ကာလကတည်းကပင် နိုင်ငံခြားတိုင်းပြည်များ၏ အကူအညီ တစ်ခုမှ မရရှိသေးဘဲ မြန်မာပြည်သူလူထု၏ စည်းလုံးသည့် စိတ်ဓာတ်ဖြင့် ပံ့ပိုးမှုကြောင့်သာ ဘဏ္ဍာငွေ ရရှိနေခြင်း ဖြစ်သည်ဟု ဒူဝါလရှီးလက ဆက်ပြောသည်။
ဤအတောအတွင်း တော်လှန်ရေးအဖွဲ့များနှင့် ဒေသခံများက အပြန်အလှန် ကူညီနေကြသည်။ နေရပ်စွန့်ခွာ ထွက်ပြေးရသူများကို အဖွဲ့အစည်းများက အကူအညီပေးနေသလို ပြည်သူအများအပြားကလည်း စုဆောင်းထားသည့် ငွေကြေး၊ လက်ဝတ်ရတနာများကို စစ်ရေးအတွက် လှူဒါန်းနေကြသည်။ NUG က စစ်အသုံးစရိတ်အတွက် ပြည်တွင်းပြည်ပ မြန်မာပြည်သားများထည့်ဝင်မည့် လှူဒါန်းငွေများ ရရှိရန် ဆက်လက် ကြိုးစားနေသည်။
ရန်ပုံငွေနှင့် လက်နက်လိုအပ်ချက် အခက်အခဲကို မြန်မာပြည်သူလူထု၏ စည်းလုံးညီညွတ်မှု၊ စစ်အာဏာရှင်ကို ရွံရှာမုန်းတီးမှုများဖြင့် ကျော်လွှားနိုင်မည်ဟု ကာကွယ်ရေးဝန်ကြီးက ဆိုသည်။
ဝန်ကြီးဦးရည်မွန်က စစ်လက်နက်ပစ္စည်း ရောင်းချမည့် မိတ်ဆွေကောင်းများလည်း ၎င်းတို့တွင် ရှိနေပြီဖြစ်ရာ တော်လှန်စစ် အောင်မြင်ရန် ပြည်သူလူထု၏ ကူညီမှုဖြင့် ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြောသည်။
“ငရဲနဲ့ ကြုံရပြီဆိုရင်၊ ငရဲကို ဖြတ်နေရပြီဆိုရင်တော့ ရပ်မနေနဲ့၊ နောက်မဆုတ်နဲ့၊ ရဲရဲ ရှေ့တိုးဆိုတဲ့ စကားရှိတယ်။ ဆုံးရှုံးမှုတွေအပေါ်မှာ အရင်းတည်ပြီးတော့၊ ဒီဆုံးရှုံးမှုတွေအပေါ်မှာပဲ အားမွေးပြီးတော့ တော်လှန်ရေးပန်းတိုင်ရောက်အောင်၊ ဒီဖက်ဆစ်စစ်တပ်ကို အမြစ်ဖြတ်နိုင်အောင် လုပ်သွားဖို့ပဲ ရှိပါတယ်” ဟု ၎င်းက ခိုင်ခိုင်မာမာ ပြောလိုက်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)