သတင်း

ဆရာများအဖမ်းခံရပြီး Kaung for You ကျောင်း ယာယီပိတ်

စစ်ကောင်စီ လက်အောက်ခံကျောင်းများတွင် စာမသင်လိုသူများ တက်ရောက်နေသည့် အွန်လိုင်းအခြေပြု Kaung for You ကျောင်းမှ ဆရာဆရာမတချို့ အဖမ်းခံရပြီး ကျောင်းကို ယာယီပိတ်လိုက်ပြီ ဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အသိအမှတ်ပြု Kaung for You ကျောင်း၏ တည်ထောင်သူ ဦးကောင်းသိုက်စိုး အပါအဝင် ဆရာဆရာမတချို့ အဖမ်းခံရသဖြင့် ကျောင်းပိတ်မည့်အကြောင်း အသိပေးလာသည်ဟု ထိုကျောင်းကို တက်ရောက်နေသူများနှင့် နီးစပ်သူတို့ထံမှ သိရသည်။

လုံခြုံရေးအရ ကျောင်းကို အရေးပေါ်ယာယီပိတ်မည်ဖြစ်ကြောင်း ယမန်နေ့တွင် Telegram လူမှုကွန်ရက်မှတစ်ဆင့် အသိပေးလာသည်ဟု စစ်ကိုင်းတိုင်းမှနေ၍ Kaung for You ကျောင်း၌ နဝမတန်းတက်ရောက်နေသည့် ကျောင်းသူတစ်ဦးက Myanmar Now ကို ပြောသည်။ 

ကျောင်း၏ Facebook စာမျက်နှာ၌ ကျောင်းတည်ထောင်သူ ဦးကောင်းသိုက်စိုး အဖမ်းခံရကြောင်း ယမန်နေ့ နံနက် ၆ နာရီခန့်တွင် ရေးသားခဲ့ပြီး တစ်နာရီခန့်အကြာတွင် ပြန်ဖျက်သွားသည်ကို တွေ့ရသည်။ ဖမ်းဆီးခံရသည်ဆိုသော သတင်းနှင့် ပတ်သက်၍ အတည်မပြုနိုင်သေးသဖြင့် ထိုရေးသားချက်ကို ပြန်ဖျက်ခြင်းဖြစ်သည်ဟု သိရသည်။

သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း Kaung for You ကျောင်းတွင် စာသင်ကြားပေးနေသည့် ဆရာမ ၁၆ ဦး ထက်မနည်း အဖမ်းခံထားရသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ထားသည့် ဆရာ၊ ဆရာမများဖြစ်ပြီး မကွေးတိုင်းမှ ၅ ဦး၊ မန္တလေးတိုင်း မြစ်သားမှ ၄ ဦး၊ ရှမ်းပြည်တောင်ပိုင်း ကလောမှ ၁ ဦး အဖမ်းခံရကြောင်း၊ မကွေးမှ ဆရာမ ငါးဦးမှာ ယမန်နေ့က အဖမ်းခံရခြင်းဖြစ်ကြောင်း မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက Myanmar Now ကို ပြောသည်။ 

“မိသားစုတွေ အတည်ပြုတာပါ။ သူတို့အိမ်တွေကို ဝင်ဖမ်းသွားတာပါ။ မိသားစုဝင်တွေတော့ ဖမ်းဆီးမခံရပါဘူး။ သူတို့ Kaung for You မှာ စာသင်နေတယ်ဆိုတာ လျှို့ဝှက်ချက်ပါ။ အချက်အလက်ပေါက်ကြားလို့သာ အဖမ်းခံရတာ” ဟု အမည်မဖော်လိုသူ ထိုအမျိုးသားက ဆိုသည်။

Kaung for You မှ ဆရာဆရာမများ အဖမ်းခံရသည်ကို NUG ၏ ဒုပညာရေးဝန်ကြီး ဂျာထွယ်ပန်က လူမှုကွန်ရက်တွင် အတည်ပြုရေးသားထားသည်။ 

“လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို ချိုးဖောက်တာဖြစ်ပြီး ယုတ်မာလူမဆန်မှုတွေပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ အားလုံး လုံခြုံရေးသတိနဲ့ နေကြဖို့ပါ” 

ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ကချင်ပြည်နယ်၊ မိုးညှင်းတွင် Kaung for You ကျောင်းအတွက် စာသင်ပေးနေသည့် CDM ဆရာမငါးဦး အဖမ်းခံရကာ၊ ယနေ့တွင် နိုင်ငံအောက်ပိုင်း တနင်္သာရီတိုင်းမှ ဆရာမတစ်ဦး ထပ်အဖမ်းခံရကြောင်း စစ်ကိုင်းတိုင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) ထံမှ သိရသည်။

ဖမ်းဆီးခံရသူများနှင့် မြောင်မြို့နယ်ရှိ CDM ဆရာမများ အဆက်အသွယ်ရှိသည့်အတွက် ထိုသို့သိရခြင်း ဖြစ်သည်ဟု CDSOM ပြန်ကြားရေးတာဝန်ခံ ကိုနွေဦးက ပြောသည်။ 

“ဖရဲသီး (သတင်းပေး) သတင်းကနေ ရတာပါ။ CDM ၅ ဦးကို စစ်ကြောရေးစစ်နေပြီး ဖုန်းတွေပြောခိုင်းတယ်။ လိုင်းတွေသုံးခိုင်းပြီး လိုက်ဖမ်းနေတယ်လို့ သတင်းပေးတယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သည့်လအတွင်းကလည်း Kaung for You ကျောင်းတက်နေသည့် ကျောင်းသားကျောင်းသူများ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားကာ ကျောင်းသားမိဘများထံ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ဖြစ်ပေါ်ခဲ့သည်။

ထိုသို့ အချက်အလက်ပေါက်ကြားမှုနှင့် ပတ်သက်၍ ထပ်မဖြစ်စေရန် လုံခြုံရေးအဆင့် တိုးမြှင့်ထားကြောင်း၊ ခြိမ်းခြောက်သူများကို ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း ကျောင်းက ထုတ်ပြန်ကြေညာပြီး ၅ ရက်ခန့်အကြာတွင် ယခုကဲ့သို့ ဆရာဆရာမများ အဖမ်းခံရခြင်းဖြစ်သည်။​

စစ်ကောင်စီ စီမံသည့် ပညာရေးစနစ်ကို လက်မခံသူများအကြား Kaung for You Federal Private School က ရေပန်းစားခဲ့ပြီး လက်ခံသင်ကြားပေးနေသည့် ကျောင်းသားအရေအတွက် ၃၀,၀၀၀ အထိရှိကာ ဝင်ခွင့်မရသူများ အများအပြားရှိနေဆဲဖြစ်ကြောင်း သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button