သတင်း

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဟောင်း ဦးဇော်ဌေးသေဆုံး

စစ်တပ်က အာဏာမသိမ်းမီ အစိုးရနှစ်ဆက်လုံးတွင် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ယူခဲ့သူ ဦးဇော်ဌေးသည် ယနေ့ (မေ ၂၃) နံနက်ပိုင်းက နေပြည်တော်၌ သေဆုံးသွားကြောင်း သိရသည်။

သမ္မတရုံးမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးဖြစ်သူ ဦးဇော်ဌေးသည် ရေချိုးခန်းအတွင်း ချော်လဲရာ ဦးခေါင်းဒဏ်ရာရသဖြင့် ဆေးရုံပို့စဉ် သေဆုံးခြင်းဖြစ်ကြောင်း၊ နှလုံးသွေးရပ်သွားခြင်းဖြစ်ကြောင်း ၎င်းနှင့် စစ်တက္ကသိုလ်အပတ်စဉ်တူ တက်ရောက်ခဲ့သူတစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။

“လက်ရှိက ဝန်ထမ်းအိမ်ရာမှာ မနေတော့ဘူး။ သမ္မတရုံးမှာလည်း တာဝန်မထမ်းဆောင့်ဘူး။ နံနက်မိုးလင်းမှ နှလုံးရပ်သေဆုံးနေတာကို တွေ့တာ။ ခုတော့ ရုပ်အလောင်းကို ခုတင်တစ်ထောင် (ဆေးရုံ) ကို ပို့ထားတယ်” ဟု ဦးဇော်ဌေးလက်အောက်တွင် တာဝန်ထမ်းဆောင်ဖူးသူတစ်ဦးက Myanmar Now ကို ပြောသည်။

ထိုသတင်းရင်းမြစ်၏ အဆိုအရ ဦးဇော်ဌေးမှာ အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်ကာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်တွင် လက်ရှိ တစ်ဦးတည်းနေထိုင်သူဖြစ်ကြောင်း သိရသည်။

ဦးဇော်ဌေးမှာ ယနေ့နံနက်အစောပိုင်းက သေဆုံးခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်နှစ်ဦးထံမှ သိရသော်လည်း အချိန်အတိအကျနှင့် ဖြစ်စဉ်အသေးစိတ်ကို မသိရပေ။ 

စစ်တပ်က အာဏာမသိမ်းမီ ရက်ပိုင်းအလိုထိ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေးနှင့် ပတ်သက်၍ အာဏာသိမ်းပြီးနောက် သတင်းအစအနပျောက်နေကာ မည်သည့်လှုပ်ရှားမှုမျှ မကြားသိရပေ။ 

“စောင့်ကြည့်သဘောမျိုးနဲ့ ထားထားတာလို့တော့ ကြားမိတယ်။ ဖမ်းထားတာမျိုးတော့ မဟုတ်ဘူး။ ဒီဘက်ကာလမှာ (အာဏာသိမ်းစစ်ကောင်စီလက်ထက်) တာဝန်ပြန်းပေးတာတော့ မကြားမိဘူး” ဟု ဦးဇော်ဌေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။​

ဦးဇော်ဌေးနှင့် နီးစပ်သည့် အခြားသူတစ်ဦးကမူ “အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း ရုံးသွားပြီး ထွက်စာသွားတင်တယ်။ အဲဒီရက်ပိုင်းပဲ အဖမ်းခံရတယ်။ ရွာတော်စစ်ကြောရေး ရောက်သွားတယ်။ ဇွန်လဆန်းမှာ ပြန်လွတ်လာတယ်” ဟု ပြောသည်။

ဦးဇော်ဌေး၏ အမျိုးသမီးမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း၊ ၎င်းတို့တွင် သမီးတစ်ဦးရှိကြောင်းလည်း ၎င်းထံမှ သိရသည်။ 

သမ္မတဦးသိန်းစိန်အစိုးရလက်ထက်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်အဖြစ် ဆက်တိုက်တာဝန်ထမ်းဆောင်ခဲ့သူ ဦးဇော်ဌေးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၃၇ တက်ရောက်ခဲ့သူဖြစ်ကာ ဗိုလ်မှူးအဆင့်ဖြင့် အရပ်ဘက်ဝန်ထမ်းအဖြစ် ပြောင်းလာသူ ဖြစ်သည်။

ဦးဇော်ဌေးနှင့်အတူ စစ်တက္ကသိုလ်အတူတက်ရောက်ခဲ့သူမှာ လက်ရှိ အာဏာသိမ်းစစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းဖြစ်သည်။

ဦးဇော်ဌေးသေဆုံးသည့်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက “ဒီနေ့မနက် ဆုံးသွားတယ်။ နှလုံးရောဂါလို ဖြစ်တာပဲ။ နေပြည်တော်ခုတင် ၁၀၀၀ ကို ပို့တယ်။ ၉ နာရီလောက်မှာ ဆုံးသွားတယ်လို့ သတင်းရရှိပါတယ်” ဟု ပြည်တွင်းမီဒီယာတစ်ခုကို ပြောဆိုထားသည်။ 

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီက အပြတ်အသတ်အနိုင်ရရှိပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပါအဝင် နိုင်ငံရေးပါတီအချို့နှင့် စစ်တပ်က အပြင်းအထန် ဆန့်ကျင်ကန့်ကွက်နေမှုများအပေါ် သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက တုံ့ပြန်ဝေဖန်ခဲ့ဖူးသည်။ 

ရွေးကောက်ပွဲရလဒ်ကို မဟုတ်မမှန် ဝေဖန်ပြောကြားနေသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်နေခြင်းသာဖြစ်ကြောင်း ၂၀၂၁ ဇန်နဝါရီလအတွင်း ဦးဇော်ဌေးက တုံ့ပြန်ပြောဆိုဖူးသည်။ 
 

Show More

Related Articles

Back to top button