သတင်း

ရခိုင်တပ်ကို မထောက်ခံရန် ဦးဇော်ဌေးပြောကြားချက်အပေါ် ခြိမ်းခြောက်မှုဟု ရခိုင်များ မြင်ကြ

ရန်ကုန် — ရက္ခိုင့်တပ်မတော် (AA) ကို ရခိုင်တိုင်းရင်းသားများအနေဖြင့် မထောက်ခံကြရန် နိုင်ငံတော်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး တိုက်တွန်းလိုက်သော်လည်း အရာထင်မည်မဟုတ်ကြောင်း ထင်ရှားသည့် ရခိုင်တိုင်းရင်းသားအချို့က တုံ့ပြန်သည်။

ဘူးသီးတောင်မြို့နယ်ရှိ  ရဲကင်းစခန်း လေးခုကို လွတ်လပ်ရေးနေ့ နံနက်က အလစ် ဝင်ရောက်တိုက်ခိုက်သည့်အတွက် AA ကို ချေမှုန်းသွားရန် တပ်မတော်အား ညွှန်ကြားထားပြီးဖြစ်ကြောင်းနှင့် ရခိုင်ပြည်သူများအနေဖြင့် AA ကို မထောက်ခံရန် ဒီဇင်ဘာ ၇ ရက်နေ့က နေပြည်တော်၌ ပုံမှန်ပြုလုပ်နေကျ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတိပေးခဲ့သည်။

ရခိုင်ပြည်နယ်တွင် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်နေပြီး ရခိုင်စစ်ဘေးရှောင်များ ကူညီရေးအတွက် တက်ကြွစွာဆောင်ရွက်နေသည့် ဝံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက ဦးဇော်ဌေး၏ပြောကြားချက်ကို ခြိမ်းခြောက်မှုအဖြစ် မှတ်ယူကြောင်းနှင့် ကန့်ကွက်ကြောင်း ပြောသည်။

“လူတွေ၊ ရုပ်တွေကို ခြိမ်းခြောက်လို့ရမယ်။ စိတ်ပိုင်းဆိုင်ရာကိုတော့ ခြိမ်းခြောက်လို့မရဘူး” ဟု ဦးခိုင်ကောင်းစံက ပြောသည်။

ရခိုင်တိုင်းရင်းသားအသိုင်းအဝိုင်းအကြားတွင် ဦးဇော်ဌေး၏ပြောကြားချက်အပေါ် ဝေဖန်မှုများ မြင့်တက်နေသည်ဟု ၎င်းက ပြောသည်။

ဦးဇော်ဌေး၏ ပြောဆိုချက်ကြောင့် ရခိုင်တိုင်းရင်းသားများ၏ထောက်ခံမှု လျော့ကျသွားမည်မဟုတ်ဘဲ ပိုမို တိုးမြင့်လာရန်သာရှိကြောင်း လူမှုရေးသုတေသီတစ်ဦးဖြစ်သည့် ရခိုင်လူမျိုး ကိုအောင်နေမွန်းက ပြောသည်။

“လူတစ်ယောက်ရဲ့စိတ်ခံစားမှုအရ ခံစားမှာပေါ့။ ဒါကို ခင်ဗျားတို့ ဒီလိုမခံစားနဲ့ ဆိုပြီး ရာဇသံပေးတာကတော့ အဓိပ္ပာယ်မရှိဘူးလို့ ပြောရမယ်” ဟု ၎င်းက ပြောသည်။

ရခိုင်တိုင်းရင်းသားတစ်ဦးအနေဖြင့် AA ကို ထောက်ခံသော်လည်း စစ်ပွဲဖြစ်ပွားမှုကိုတော့ ထောက်ခံမည်မဟုတ်ကြောင်း ကိုအောင်နေမွန်းက ပြောသည်။

Facebook တွင် AA ကိုထောက်ခံမှုများက ဦးဇော်ဌေး၏ပြောကြားချက်ကို ရခိုင်တိုင်းရင်းသားများ လက်မခံကြောင်း သက်သေပြနေသည်ဟု ရခိုင်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းက ပြောသည်။

“အင်အားနဲ့ပြောတယ်ဆိုတာက လူ့ရဲ့ ခန္ဓာကိုယ်ကို ရကောင်းရနိုင်မယ်။ စိတ်ပိုင်းဆိုင်ရာနဲ့ နှလုံးသားရေးရာကို  ရချင်မှရမယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

စစ်ကို စစ်နှင့်မဖြေရှင်းဘဲ ငြိမ်းချမ်းစွာဖြေရှင်းဖို့အတွက် တပ်မတော်နှင့် AA နှစ်ဖက်လုံးက နည်းလမ်းရှာရန် လိုအပ်ကြောင်းလည်း ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC)  အဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်သည့် ဒေါ်စောမြရာဇာလင်းက ထောက်ပြသည်။

AA အဖွဲ့၏ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာရခြင်းမှာ နိုင်ငံရေးအရ ဖိနှိပ်မှုများကြောင့်ဖြစ်ကြောင်းနှင့် ဦးဇော်ဌေးပြောစကားနှင့် ပတ်သက်ပြီးလည်း သူ့အနေဖြင့် ကန့်ကွက်ကြောင်း ဘူးသီးတောင်မြို့နယ်၏ ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု ပြည်နယ်လွှတ်တော်အမတ် ဦးထွန်းအောင်သိန်းက ပြောသည်။ ဘူးသီးတောင်သည် ယခုနှစ်အတွင်း တိုက်ပွဲများ အများဆုံးဖြစ်ပွားပြီး ရဲကင်းစခန်းများ တိုက်ခိုက်ခံရသည့် မြို့နယ်ဖြစ်သည်။

“ဒါက ဖိအားပေးတယ်လို့ထင်တယ်။ ထောက်ခံတယ်မထောက်ခံဘူးဆိုတာက ပြည်သူတစ်ယောက်ချင်းစီနဲ့ပဲဆိုင်တယ်” ဟု ၎င်းကပြောသည်။

ရက္ခိုင့်တပ်မတော် AA နှင့် တပ်မတော်တို့အကြားတိုက်ပွဲများသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ပြင်းထန်လာခဲ့ပြီး တပ်မတော်၏ တိုက်ခိုက်မှုများတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များလည်း ပါဝင်ပတ်သက်နေသည်ဟုဆိုကာ ဘူးသီးတောင်မြို့နယ်ရှိ ရဲကင်းစခန်း လေးခုကို ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့) နံနက်အစောပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) အချက်အလက်များအရ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်း တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲများကြောင့် ရခိုင်ပြည်သူ ၄၅၀၀ ကျော် နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် နှင့် ဘူးသီးတောင်မြို့နယ်များရှိ ဘုန်းကြီးကျောင်းများနှင့် အများပြည်သူစုရပ်များတွင်ခိုလှုံနေရသည်။

Show More

Related Articles

Back to top button