သတင်း

အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံးတွေ့ဆုံ

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU)တို့ ယနေ့တွေ့ဆုံခဲ့သည့် အလွတ်သဘောဆွေးနွေးမှုမှာ အလားအလာကောင်းများရရှိပြီး တပ်ပိုင်းဆိုင်ရာကိစ္စများနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ပိုမိုခိုင်မာရန်အတွက် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု နှစ်ဖက်အဖွဲ့အစည်းများက ပြောသည်။

ပြီးခဲ့သည့် ဧပြီလက နေပြည်တော်တွင် အဆိုပါနှစ်ဖွဲ့ ဆွေးနွေးခဲ့ရာ KNUက အဆင့်လေးဆင့်ပါဝင်သည့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးအတွက် အဆိုပြုချက်မူကြမ်းကို ပေးအပ်ခဲ့ပြီး အဆိုပါအချက်များကို ယနေ့ ဆက်လက်ဆွေးနွေးကြခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်NCA ၏ တပ်ပိုင်းဆိုင်ရာကိစ္စများအတွက် NCA ပါ အခန်း(၃) နှင့် (၄) တို့ကို ဆွေးနွေးရာတွင် မကျေလည်မှု၊ နားလည်မှုလွဲမှားမှုများကို နှစ်ဖက်လုံးက လက်ခံကြောင်းနှင့် ဖြေရှင်းရန် ကြိုးစားနေကြောင်း NRPC အဖွဲ့ဝင် ဦးဇော်ဌေးက ပြောသည်။

“(အပစ်အခတ်ရပ်စဲရေး) ခိုင်မာရေးနဲ့ ပတ်သက်လို့ နှစ်ဖက်လုံးက ဒါကိုဖြေရှင်းဖို့ ဆန္ဒရှိတယ် စိတ်အားထက်သန်တယ်။ ဖြေရှင်းဖို့နည်းလမ်းတွေ ရှာကြတယ်။ ဒီနေ့မှာတော့ အနီးစပ်ဆုံးအနေအထားကို ရောက်လာတယ်လို့ ပြောလို့ရတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး မိုပိုခိုင်မာရန်အတွက် မြေပြင်ပေါ်ရှိတပ်များ ကြုံနေရသည့် အခက်အခဲများနှင့် ဝိဝါဒကွဲလွဲမှုများကို ဖြေရှင်းနိုင်ရေးအတွက် မည်သည့်အချက်များကို အဓိကထား ဆွေးနွေးသွားမည်ဆိုသည့် လုပ်ငန်းစဉ်များကို အဓိကထားဆွေးနွေးခဲ့ကြသည်ဟု KNU အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ဆိုသည်။

ယမန်နှစ်နိုဝင်ဘာလမှစ၍ KNU အနေဖြင့် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ရပ်ဆိုင်းထားခဲ့သည်မှာ တစ်နှစ်နီးပါးခန့် ရှိခဲ့ပြီး ကြားကာလအတွင်း အလွတ်သဘောဆွေးနွေးမှုများမှာမူ ယနေ့အထိ ၁၁ ကြိမ်ခန့် ရှိခဲ့ပြီ ဖြစ်သည်။

တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် KNU အနေဖြင့် ဆန္ဒရှိကြောင်းနှင့် ယနေ့တွေ့ဆုံမှုမှာ တရားဝင်ဆွေးနွေးပွဲများ ပြန်လည်စတင်နိုင်ရန်အတွက် အဆင့်တစ်ဆင့်ဖြစ်ကြောင်း ပဒိုစောတာဒိုမူးက ပြောသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ရှုမြင်တဲ့ နှစ်ဖက်သုံးသပ်ချက်တွေက အခြေခံခြင်းက ပြန်ညှိရတဲ့အပိုင်း ရှိတဲ့အတွက်ကြောင့် ဒီအခြေခံတွေဆွေးနွေးပွဲကတစ်ဆင့် တရားဝင်ဆွေးနွေးပွဲတွေကို သွားရတာဖြစ်ပါတယ်။ ကျွန်တော်တို့ တကယ်လည်း သွားချင်ပါတယ်။ သွားချင်တဲ့အတွက်ကြောင့်လည်း အခုလိုမျိုး လမ်းရှာနေတာ ဖြစ်ပါတယ်” ဟု ပဒိုစောတာဒိုမူးက ပြောသည်။

ယနေ့ဆွေးနွေးပွဲသို့ NRPC ဘက်မှ ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်စသည်တို့ တက်ရောက်ခဲ့ပြီး KNU ဘက်မှ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်ပြီး ဆွေးနွေးခဲ့သည်။

ပြီးခဲ့သည့်လ ၂၀ရက်နေ့ကNRPC နှင့်KNU တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေးခဲ့သည့် နောက်ဆက်တွဲအဖြစ် ယနေ့ တွေ့ဆုံကြခြင်းဖြစ်သည်။

လာမည့် အင်္ဂါနှင့် ဗုဒ္ဓဟူးနေ့များတွင် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့်NRPC တို့ ရန်ကုန်မြို့တွင် ဆွေးနွေးကြမည်ဖြစ်သည်။

Show More

Related Articles

Back to top button