နေပြည်တော်ရှိပုဂ္ဂလိက စာသင်ကျောင်း တစ်ကျောင်းတွင်တက်ရောက်နေသည့်မူကြိုတန်းမိန်းကလေးငယ်တစ်ဦးအဓမ္မပြုကျင့်ခံရသည်ဟုတိုင်တန်းထားသည့်အမှုတွင်အမှုကိုအသေးစိတ်စစ်ဆေးဖော်ထုတ်ဆဲဖြစ်သဖြင့်ကြန့်ကြာနေရခြင်းဖြစ်သည်ဟု နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးကပြောသည်။
“ဒီဖြစ်စဉ်ဖြစ်ပွားတာကိုစတင်သိရှိရကတည်းကနိုင်ငံတော်အကြီးအကဲတွေအနေနဲ့ပြည်ထဲရေးဝန်ကြီးဌာနနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို’ဒီအမှုမပေါ်ပေါ်အောင်ဖော်ပါ’ လို့နှုတ်နဲ့မှာကြားထားခဲ့တာဖြစ်ပါတယ်။… စဉ်ဆက်မပြတ်လည်းအမှုဖော်ထုတ်မှုရဲ့တိုးတက်မှုအခြေအနေတွေကိုမေးမြန်းပြီးအကြီးအကဲများထံတင်ပြနေပါတယ်” ဟုဦးဇော်ဌေးက၎င်း၏လူမှုကွန်ရက်facebook စာမျက်နှာZaw Htay တွင်ယနေ့ရေးသားထားခြင်းဖြစ်သည်။
နေပြည်တော်ရှိ Wisdom Hill မူကြိုကျောင်းတွင်တက်ရောက်နေသည့်အသက်နှစ်နှစ် ၁၁ လသာ ရှိသေးသည့်မိန်းကလေးငယ်တစ်ဦးမဖွယ်မရာပြုကျင့်ခံရကြောင်းမိဘများကဇမ္ဗူသီရိမြို့နယ်အမှတ်(၁) ရဲစခန်းသို့မေလ၁၇ရက်နေ့ကအမှုဖွင့်ခဲ့ပြီး ဇွန်လ ၃၀ ရက်နေ့အထိ ကျူးလွန်သူကို ဖော်ထုတ်အရေး မယူနိုင်သေးသည့်ကိစ္စ နှင့်ပတ်သက်ပြီး လူထုကြားဝေဖန်မှုများမြင့်တက်လာချိန်တွင်အစိုးရထိပ်ပိုင်းအကြီးအကဲတစ်ဦးကပထမဆုံးအကြိမ်လူသိထင်ရှားထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။
ထို့နောက်တွင်မှုခင်းရဲတပ်ဖွဲ့ကသံသယရှိသူအများအပြားကိုခေါ်ယူစစ်ဆေးခဲ့ပြီးနောက်ကျူးလွန်သည်ဟုသံသယရှိသူဖြစ်သည့် Wisdom Hill ကျောင်းကြီးကြပ်ရေးမှူးဆရာမဒေါ်ဥမ္မာ၏ဒရိုင်ဘာအသက် ၂၉ နှစ်အရွယ်အမျိုးသားကိုဖမ်းဆီးထိန်းသိမ်းခဲ့သည်။ထိုအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းခံရသည့်ကာလတစ်လခန့်ကြာမြင့်ချိန်တွင်ပြန်လွှတ်ပေးလိုက်သည်ဟု7Day နေ့စဉ်သတင်းစာကရေးသားထားသည်။
ထိုသတင်းထွက်ပေါ်လာပြီးနောက်လူမှုကွန်ရက်သုံးစွဲသူများအကြားဒေါသပေါက်ကွဲခဲ့ပြီးမြန်မာနိုင်ငံရဲတပ်ဖွဲ့အပေါ်အပြင်းအထန်ပြစ်တင်ရှုတ်ချခဲ့ကြသည်။လူမှုကွန်ရက်တွင်လည်း#JusticeForVictoria စာသားပါပုံများဖြင့်ပရိုဖိုင်းပုံပြောင်းခြင်း၊အပြစ်ရှိသူကိုစုံစမ်းဖော်ထုတ်ရေးဖိအားပေးခြင်းများပြုလုပ်လျက်ရှိသည်။
အမှုစစ်ဆေးဖော်ထုတ်မှုကြန့်ကြာနေရခြင်းမှာ”ဖြစ်လေ့ဖြစ်ထရှိတဲ့အကြောင်းကြောင်းကြောင့်” ဟု ဦးဇော်ဌေးကရေးသားထားသည်။
“လတ်တလောစစ်ဆေးဖော်ထုတ်ဆဲကိစ္စဖြစ်တဲ့အတွက်အသေးစိတ်ကိုလောလောဆယ်ထုတ်ဖော်ပြောကြားခြင်းမပြုနိုင်သေးတာကိုနားလည်သဘောပေါက်ပေးကြစေချင်ပါတယ်” ဟု၎င်းကရေးသားထားသည်။
ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက်ပြန်လွတ်လာသည့်အမျိုးသားသည်မူးယစ်မှုလွတ်ငြိမ်းချမ်းသာခွင့်ဖြင့်လွတ်မြောက်လာပြီးနောက်ဒေါ်ဥမ္မာနှင့်၎င်း၏ခင်ပွန်းရဲအရာရှိဖြစ်သူတို့၏နေအိမ်၌ယာဉ်မောင်းအဖြစ်လုပ်ကိုင်နေသူဖြစ်ကြောင်းလူမှုကွန်ရက်၌ပျံ့နှံ့လျက်ရှိသည်။