ရွေးကောက်ပွဲ

ရွေးကောက်ပွဲရလဒ်ဝေဖန်မှုများကို သမ္မတရုံးတုံ့ပြန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို မဟုတ်မမှန်ဝေဖန်ပြောကြားနေကြသည့် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများသည် ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်နေခြင်းသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က တုံ့ပြန်လိုက်သည်။

နေပြည်တော်တွင် ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကန့်ကွက်ဝေဖန်အရေးဆိုမှုများနှင့် ပတ်သက်၍ သတင်းထောက်များက မေးမြန်းရာတွင် သမ္မတရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထိုသို့မှတ်ချက်ပြုလုပ်ခြင်းဖြစ်သည်။

“နိုင်ငံရေး ဆွဲကြိုးချတာဖြစ်လိမ့်မယ်ဆိုတာ ရှင်းရှင်းလင်းလင်းပြောချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

လက်ရှိအာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရခဲ့သည်မှာ ရွေးကောက်ပွဲသမိုင်းမှတ်တမ်းများကို ပြန်ကြည့်လျှင် အဖြေတွေ့နိုင်ကြောင်းလည်း ဦးဇော်ဌေးက ပြောသည်။

NLD ဝင်ပြိုင်သည့် ၁၉၉၀၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲများတွင် ပြီးခဲ့သည့်ရွေးကောက်ပွဲက ကဲ့သို့ပင် လူထုထောက်ခံမှုမြင့်မားစွာဖြင့် အပြတ်အသတ်အနိုင်ရခဲ့ဖူးသည်ကို ၎င်းက ရည်ညွှန်းပြောကြားခြင်းဖြစ်သည်။

အဆိုပါအခြေအနေတွင် ပြီးခဲ့သည့်ရွေးကောက်ပွဲကို တာဝန်ယူကျင်းပခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ ဝေဖန်တောင်းဆိုနေမှုများမှာလည်း မဖြစ်သင့်ကြောင်း ဦးဇော်ဌေးက ဆက်ပြောသည်။

“ ဒိုင်ညစ်တယ်၊ ဒိုင်ညစ်တယ်၊ ဒါပဲပြောနေ၊ လုပ်နေရင်တော့ သိပ်အဆင်မပြေဘူးပေါ့နော်”ဟု ၎င်းက ပြောသည်။

မည်သို့ပင် ဝေဖန်တောင်းဆိုနေကြသည်ဖြစ်စေ လက်ရှိအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများအတိုင်း ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရန် လွှတ်တော်ခေါ်ယူခြင်း၊ အစိုးရအဖွဲ့ ဖွဲ့စည်းခြင်းတို့ကို ဆက်လက်ဆောင်ရွက်မည်သာဖြစ်ကြောင်းကိုလည်း ဦးဇော်ဌေးက တစ်ပါတည်းအသိပေးသည်။

“အခက်အခဲရှိစေချင်တယ်ဆိုရင်တော့ ၂၀၀၈ အခြေခံဥပဒေအတိုင်းလိုက်နာမှာလား၊ မလိုက်နာဘူးလား ဒီမေးခွန်းပဲရှိတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူက ပုဂ္ဂိုလ်၊ အဖွဲ့အစည်းဟု ရည်ညွှန်းမှုမှာ မည်သူ့ကို ရည်ရွယ်ကြောင်း အတိအကျထုတ်ဖော်ပြောဆိုခြင်းတော့ မပြုပေ။

သို့သော် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ ၈ရက်တွင် ကျင်းပပြီးစီးသည့် အထွေထွေရွေးကောက်ပွဲအပြီး နှစ်လခန့်အတွင်း ရွေးကောက်ပွဲဆိုင်ရာဝေဖန်မှုများကို အဓိကပြုလုပ်နေကြသူတို့မှာ တပ်မတော်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့ဖြစ်ကြောင်း ၎င်းတို့၏ ထုတ်ပြန်ချက်မှတ်တမ်းများအရ သိရသည်။

UEC ၏ လုပ်ငန်းဆောင်ရွက်မှုများအပေါ် မကျေလည်မှုများ၊ မဲစာရင်းနှင့် ရွေးကောက်ပွဲရလဒ်ကို မေးခွန်းထုတ်မှုများ၊ စုံစမ်းစစ်ဆေးပေးရန်တောင်းဆိုမှုများ၊ နိုင်ငံတော်သမ္မတက တာဝန်ခံရမည်ဆိုသည်အထိ ပါဝင်သော ရေးသားဖော်ပြချက်မျိုးစုံကို ရွေးကောက်ပွဲပြီးသည့်နေ့မှ ယနေ့အထိ တပ်မတော်က ၁၄ ကြိမ်၊ ပြည်ခိုင်ဖြိုးက အနိမ့်ဆုံး ၁၅ ကြိမ် ထုတ်ပြန်ထားခဲ့ဖူးသည်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ယနေ့ထုတ်ဖော်ပြောဆိုမှုများနှင့် စပ်လျဉ်း၍ တပ်မတော်၏ သဘောထားတောင်းခံ၍မရသေးသော်လည်း ပြည်ခိုင်ဖြိုးပါတီဘက်ကမူ ဥပဒေနှင့်အညီ ပြန်လည်ဖြေရှင်းရန်ရှိကြောင်း မှတ်ချက်ပြုသည်။

“ဥပဒေနဲ့အညီ အချက်အလက်နဲ့ ဆောင်ရွက်နေတာကို ဥပဒေနဲ့အညီ ပြန်လည်ဖြေရှင်းဖို့ မကြိုးစားဘဲနဲ့ တာဝန်မဲ့စကား အလွယ်တကူပြောနေတာကို ပြည်ခိုင်ဖြိုးပါတီက လုံးဝလက်မခံဘူး။ ရှုတ်ချတယ်၊ ပယ်ချတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က Myanmar Now ကို ပြောသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီ NLDက တစ်နိုင်ငံလုံးတွင် ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်စုစုပေါင်း ၁၁၁၇ နေရာရှိသည့်အနက် ၉၂၀ တွင် အနိုင်ရထားပြီး တစ်ပါတီတည်း အစိုးရဖွဲ့ခွင့်ကို ဆက်လက်ဆုပ်ကိုင်ထားနိုင်သည်။

တပ်မတော်နှင့် သဘောထားတူညီစွာ ရပ်တည်လေ့ရှိသည့် ပြည်ခိုင်ဖြိုးပါတီကမူ ၇၁ နေရာကိုသာ အနိုင်ရခဲ့ကြောင်း UECက တရားဝင်ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။

Show More

Related Articles

Back to top button