စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မိသားစုနှင့် အဆက်စပ်ရှိသည့် Star Sapphire Group of Companies က စစ်တပ်အတွက် စစ်လက်နက်ပစ္စည်းနှင့် ရန်ပုံငွေများထောက်ပံ့ပေးနေကြောင်း တက်ကြွလှုပ်ရှားသည့်အဖွဲ့ Justice For Myanmar (JFM) က ယနေ့ (ဧပြီ ၂၆) တွင် သတင်းထုတ်ပြန်သည်။
Star Sapphire ကုမ္ပဏီအုပ်စုကို ဒေါက်တာထွန်းမင်းလတ်နှင့် ဇနီး ဒေါက်တာဝင်းမင်းစိုးတို့က အဓိကပိုင်ဆိုင်ပြီး သယံဇာတတူးဖော်ရေး၊ ကုန်ထုတ်လုပ်ငန်း၊ ကာကွယ်ရေး၊ ကာစီနို၊ စွမ်းအင်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်နေသည်။
ဒေါက်တာထွန်းမင်းလတ်သည် တရုတ်၊ အစ္စရေးကုမ္ပဏီများနှင့် ချိတ်ဆက်၍ စစ်တပ်အတွက် စစ်လက်နက်များဝယ်ယူပေးသည့် အကျိုးဆောင်တစ်ဦးဖြစ်ပြီး ၎င်းပိုင် Star Sapphire အုပ်စုမှာလည်း စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) နှင့် စီးပွားရေးမိတ်ဖက်ဖြစ်သည်ဟု JFM ၏ ထုတ်ပြန်ချက်က ဆိုသည်။
လက်နက်နှင့် ရန်ပုံငွေနှစ်မျိုးစလုံး ထောက်ပံ့ပေးနေသည့် ဦးထွန်းမင်းလတ်နှင့် အပေါင်းအပါများသည် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို အားပေးရာရောက်စေပြီး နိုင်ငံတကာအနေဖြင့် ပစ်မှတ်ထားပိတ်ဆို့အရေးယူရန် JFM ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က တောင်းဆိုသည်။
“ဒေါက်တာထွန်းမင်းလတ်၊ Star Sapphire Group of Company ၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့နဲ့ ရှယ်ယာရှင်တွေကို ချက်ချင်း ပစ်မှတ်ထားအရေးယူပိတ်ဆို့ရပါမယ်” ဟု ၎င်းက ပြောဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
နယ်စပ်ဒေသ လောင်းကစားလုပ်ငန်း
Star Sapphire Group ၏ လက်အောက်ခံနှင့် ဖက်စပ်ပူးပေါင်းလုပ်ကိုင်သည့် ကုမ္ပဏီ ၁၃ ခုအထိရှိသည်။ ထိုကုမ္ပဏီများအနက် သံယံဇာတတူးဖော်ရေးကုမ္ပဏီဖြစ်သည့် Royal Mawtaung Mining (အမည်ဟောင်း Star Thiri Investment) ကုမ္ပဏီသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သမီးဖြစ်သူ ဒေါ်ခင်သီရိသက်မွန်နှင့် ပူးတွဲတည်ထောင်ခြင်းဖြစ်ကြောင်း JFM က ဆိုသည်။
အာဏာသိမ်းမှုကို တုန့်ပြန်သည့်အနေဖြင့် ပြီးခဲ့သည့်နှစ် မတ်လတွင် အမေရိကန်က ဒေါ်ခင်သီရိသက်မွန်နှင့် ဦးအောင်ပြည့်စုံတို့ပိုင်ဆိုင်သည့် ကုမ္ပဏီ ၆ ခုကို အရေးယူပိတ်ဆို့ခဲ့သော်လည်း ထိုအထဲတွင် Royal Mawtaung Mining မပါဝင်ခဲ့ပေ။
မူလက ကုမ္ပဏီဒါရိုက်တာအဖွဲ့တွင် ဒေါ်ခင်သီရီသက်မွန် ပါဝင်ခဲ့ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုကို ရှောင်ရှားရန် ၂၀၂၁ ဧပြီတွင် ကုမ္ပဏီအမည်နှင့် ဒါရိုက်တာအဖွဲ့ကို အပြောင်းအလဲလုပ်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကို ကိုးကား၍ JFM က ဆိုသည်။
Star Sapphire Group ၏ Myanmar Business Consultant Group သည် ဟောင်ကောင် VPower ကုမ္ပဏီ၊ China National Technical Import and Export Corporation (CNTIC) တို့နှင့် ပူးပေါင်း၍ LNG ဓာတ်ငွေ့မှ စွမ်းအင်ထုတ်လုပ်ရေးစီမံကိန်းတွင် ပါဝင်လုပ်ကိုင်လျက်ရှိသည်။
ထိုစီမံကိန်းအတွက် သီလဝါရှိ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ၏ မြေနေရာကို Myanmar Business Consultant Group က ငှားရမ်းခြင်းဖြင့် စစ်တပ်က အကျိုးအမြတ်ရစေသည်ဟု JFM က ဆိုသည်။
ထို့ပြင် မြန်မာရေတပ်အတွက် သင်္ဘောတည်ဆောင်ရန် Star Sapphire Trading ကုမ္ပဏီသည် အစ္စရေး Messrs Israel Shipyard နှင့်ချိတ်ဆက်၍ မြန်မာရေတပ်အကြီးအကဲများနှင့် ဆွေးနွေးခဲ့ကြောင်း ၂၀၁၇ ဩဂုတ် ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ) ၏ လျှို့ဝှက်ပေါက်ကြားလာသော မှတ်တမ်းများအရ သိရသည်။
မြန်မာလေတပ်တွင် အသုံးပြုနေသည့် တိုက်လေယာဉ်များနှင့် ရဟတ်ယာဉ်များအဆင့်မြှင့်တင်ခြင်း၊ မောင်းသူမဲ့ထောက်လှမ်းရေးလေယာဉ်ငယ်များနှင့် ရန်သူ/ မိတ်ဆွေခွဲခြားနိုင်သည့် လေကြောင်းစနစ်များ တပ်ဆင်ထောက်ပံ့နိုင်ရန် အဆိုပါကုမ္ပဏီသည် ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) ထံ တင်ပြသည့် နောက်ထပ်မှတ်တမ်းများလည်း ရှိခဲ့သည်။
Star Sapphire Trading သည် အစ္စရေးကာကွယ်ရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံကို ကာကွယ်ရေးပစ္စည်းများတင်သွင်းနေသည့် တစ်ဦးတည်းကိုယ်စားလှယ်ဖြစ်ကြောင်း ထိုမှတ်တမ်းတွင် ဖော်ပြထားသည်။
ဦးထွန်းမင်းလတ်၏ဖခင်မှာ မြန်မာလေတပ် ဒုဗိုလ်မှူးကြီးဟောင်း ခင်မောင်လတ်ဖြစ်သည်။ ဦးခင်မောင်လတ်သည် ယခင်စစ်အစိုးရလက်ထက် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနတွင် ညွှန်ချုပ်အဖြစ် ကာလရှည်လုပ်ကိုင်ခဲ့ကာ ညွှန်ချုပ်ဖြစ်စဉ်က ထိုင်းမြန်မာနယ်စပ် တာချီလိတ်မြို့တွင် Allure Resort တရားမဝင် ကာစီနိုလောင်းကစားရုံလုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြု လက်မှတ်ထိုးပေးခဲ့သူဖြစ်ကြောင်း JFM ထံမှ သိရသည်။
၅ ဧကကျယ်သည့် နိုင်ငံပိုင် ရှမ်းရိုးမဧည့်ဂေဟာတွင် Allure Resort ကို တည်ဆောက်ကာ ၂၀၀၃ တွင် ဖွင့်လှစ်ခဲ့သည်။
ကာစီနိုလုပ်ငန်းလည်ပတ်ရန် လက်ရှိ ထိုင်းအထက်လွှတ်တော်ကိုယ်စားလှယ်ဖြစ်နေသူ လုပ်ငန်းရှင် Upakit Pachariyangkun နှင့် ဦးထွန်းမင်းလတ်တို့ Allure Group Myanmar ကို မှတ်ပုံတင်ခဲ့ကြောင်း၊ ထိုင်းကို အခြေပြုထားသည့် ထိုလုပ်ငန်းများကို ရပ်တန့်ရမည်ဖြစ်ကြောင်း JFM က ဆိုသည်။
ပြီးခဲ့သည့်နှစ် စစ်အာဏာသိမ်းပြီးနောက် ပြည်သူများကို ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကို ကျူးလွန်နေသည့် စစ်အုပ်စုသည် ပြစ်ဒဏ်များမှ ကင်းလွတ်ခွင့်ရနေသည်ဟု ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
နိုင်ငံတကာအနေဖြင့် အာဆီယံ၏ နောက်တွင် ပုန်းကွယ်မနေဘဲ စစ်တပ်ထံ ရောက်ရှိမည့် လက်နက်နှင့် ရန်ပုံငွေများကို တားဆီးပိတ်ပင်ရမည်ဟု JFM ၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ရတနာမောင်က ဆိုသည်။
JFM ၏ ယနေ့ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီက တုံ့ပြန်ခြင်း မရှိသေးပေ။
ယခင် ပစ်မှတ်ထား ဒဏ်ခတ်မှုများ
မြန်မာစစ်တပ်ကို လက်နက်ဝယ်ယူပေးနေသည့် ပွဲစားများနှင့် ထိပ်တန်းစစ်ဗိုလ်ချုပ်အချို့ကို ပိတ်ဆို့အရေးယူကြောင်း အမေရိကန်အပါအဝင် ကနေဒါနှင့် ဗြိတိန်တို့နိုင်ငံတို့က မတ် ၂၅ တွင် ထုတ်ပြန်ထားသည်။
အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကို ပစ်မှတ်ထားကာ အဆက်မပြတ်ဒဏ်ခတ်နေသော အမေရိကန်၏ ၁၃ ကြိမ်မြောက် ဒဏ်ခတ်အရေးယူမှုစာရင်းတွင် မန္တလေးတိုင်းမှူး ဗိုလ်မှူးချုပ်ကိုကိုဦး၊ နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ တပ်မ ၆၆၊ လက်နက်ပွဲစားများဖြစ်သည့် နိုင်ထွဋ်အောင်၊ အောင်လှိုင်ဦး၊ စစ်တိုင်းအောင်နှင့် ၎င်းတို့ပိုင်ကုမ္ပဏီများ ပါဝင်လာသည်။
၂၀၂၁ ဒီဇင်ဘာလကုန်ပိုင်း ကယားပြည်နယ် ဖရူဆိုမြို့နယ်တွင် လူပေါင်း ၃၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ် မီးရှို့ခံရမှုအပြီး ထိုသို့ ဒဏ်ခတ်ခြင်း ဖြစ်သည်။
ပြည်မြို့တောင်ဘက် အင်းမအခြေစိုက် တပ်မ ၆၆ သည် အဆိုပါ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တာဝန်ရှိသည်ဟု အမေရိကန်က ဆိုသည်။
ထို့ပြင် နာမည်ကြီးလုပ်ငန်းရှင် ဦးတေဇပိုင် ထူးကုမ္ပဏီအုပ်စုနှင့် AGD ဘဏ်ကိုလည်း ပစ်မှတ်ထားပိတ်ဆို့မှုစာရင်းတွင် အမေရိကန်က ထည့်သွင်းထားသည်။
ဖေဖော်ဝါရီ ၂၁ တွင်လည်း ဥရောပသမဂ္ဂ (အီးယူ) က အာဏာသိမ်းစစ်ကောင်စီအတွက် အဓိကငွေရပေါက်ကြီးတစ်ခုဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပါအဝင် လူပုဂ္ဂိုလ် ၂၂ ဦးနှင့် ကုမ္ပဏီအဖွဲ့အစည်းလေးခုကို ဒဏ်ခတ်အရေးယူကြောင်း ကြေညာထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)