အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

တောင်ဒဂုံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးစာရေးမ ပစ်သတ်ခံရ

စစ်အုပ်ချုပ်ရေး ကြေညာထားသော ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်တွင် ၇၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ စာရေးမတစ်ဦး ယမန့်နေ့ (ဇွန် ၂၈) ညနေတွင် သေနတ်ဖြင့် ၃ ချက်ဆင့်ပစ်ခတ်ခံရပြီး ဒဏ်ရာများဖြင့် သေဆုံးသွားသည်။ 

အသက် ၄၀ ကျော်အရွယ်ရှိ စာရေးမ ဒေါ်မြတ်မြတ်ထွေး ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ရုံးဆင်းပြန်လာချိန် ခတ္တာလမ်းနှင့် အောင်သပြေလမ်းထောင့်ရှိ ၎င်း၏ နေအိမ်ရှေ့အရောက် ပစ်ခတ်ခံရပြီး ဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။

“ရုံးအဆင်းမှာ သူက စက်ဘီးနဲ့ပြန်တာပေါ့နော်။ နောက်က ကောင်လေးနှစ်ယောက်က ဆိုင်ကယ်နဲ့ လိုက်လာတယ်။ သူ့ (ဒေါ်မြတ်မြတ်ထွေး) အိမ်ရှေ့ရောက်မှ စက်ဘီးဒေါက်ထောက်တဲ့အချိန်မှ ပစ်သွားတာ။ ရင်ဘတ်ကို ၃ ချက် ပစ်သွားတာ။ ဆေးရုံတော့သွားတယ်။ လမ်းမှာပဲ ဆုံးသွားတာ” ဟု ၎င်းက မျက်မြင်များကို ကိုးကား၍ ပြောသည်။ 

ဒေါ်မြတ်မြတ်ထွေးသည် ဒလန် (စစ်တပ်သတင်းပေး) တစ်ဦးမဟုတ်သော်လည်း ရပ်ကွက်အတွင်း လူမုန်းများသူဖြစ်သည်ဟု အထက်ပါဒေသခံက ဆက်ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“စစ်ကောင်စီက ခန့်လိုက်တဲ့အုပ်ချုပ်ရေးမှူး တက်တဲ့အချိန်မှာ အုပ်ချုပ်ရေးမှူးက ရပ်ကွက်နဲ့ ဘာပြဿနာမှ မတက်သေးဘူး။ ရပ်ကွက်မှာ မွှေလည်းမမွှေတော့ ရပ်ကွက်နဲ့ ဘာပြဿနာမှမရှိကြဘူး။ ဒါပေမယ့် စာရေးမက အာဏာရှင်ဆန်တယ်။ နှုတ်ကြမ်းတယ်။ သူ့ကို မျက်မုန်းကျိုးနေကြတာ ကြာပြီ” ဟု ၎င်းက ဆိုသည်။ 

အဆိုပါစာရေးမသည် NLD အစိုးရလက်ထက်ကတည်းက ရပ်ကွက်ရုံးစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထိုကာလတွင်မူ ဆက်ဆံရေးကောင်းမွန်သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။

ထိုသို့ ပစ်ခတ်ခံရပြီးနောက် စစ်တပ်ရောက်လာကာ အနီးအနားဝန်းကျင်ရှိ ဆိုင်ကယ်များနှင့် ရပ်ကွက်နေပြည်သူများကို စစ်ဆေးဖမ်းဆီးခဲ့သည်။

“အပစ်ခံရပြီးပြီးချင်း သူ့အမျိုးသားကပဲ ဖုန်းဆက်ခေါ်လိုက်တယ်ပြောတယ်။ အဲဒီနားဝန်းကျင်မှာ တွေ့တဲ့ ဆိုင်ကယ်တွေ အကုန်လုံးစစ်ဆေးတယ်။ ဖမ်းတယ်။ မနေ့ညကလည်း ဖမ်းတယ်” ဟု ၎င်းဒေသခံက ဆိုသည်၊ 

ယနေ့(ဇွန် ၂၉) တွင်လည်း တောင်ဒဂုံ ၇၂ ရပ်ကွက်တွင် စစ်တပ်က ဆိုင်ကယ်စီးသူများကို တားဆီးစစ်ဆေးနေသည်ဟု ရပ်ကွက်နေသူများက ပြောသည်။

တခြားမြို့နယ်များတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများနှင့် စစ်တပ်သတင်းပေးဒလန်များ လုပ်ကြံသတ်ဖြတ်ခံနေရသော်လည်း မတ် ၁၅ ကတည်းက စစ်အုပ်ချုပ်ရေးကြေညာခဲ့သော တောင်ဒဂုံမြို့နယ်တွင် ဤဖြစ်ရပ်မှာ ပထမဆုံးပစ်ခတ်ခံရမှုဖြစ်သည်။ 

တောင်ဒဂုံမြို့နယ်သည် စစ်အုပ်ချုပ်ရေးကြေညာခံရသည့် ရန်ကုန်တိုင်း ၆ မြို့နယ်တွင် ပါဝင်သော်လည်း စစ်ကောင်စီဖိနှိပ်နေသည့်ကြားမှ စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများ ပြုလုပ်နေသည်။ 

ပြီးခဲ့သည့် မတ်လကုန်ကလည်း ရန်ကုန် တောင်ဒဂုံမြို့နယ်တွင် စစ်ကောင်စီလက်နက်ကိုင်များက လက်နက်ကြီးများပါ အသုံးပြု၍ နှစ်ရက်ဆက် ပစ်ခတ်ဖြိုခွင်းခဲ့သဖြင့် လူ ၂၁ ဦးထက်မနည်း သေဆုံးခဲ့ရသည်။ 

မေလဆန်းမှစ၍ စစ်တပ်နှင့် ပနံသင့်သူများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ၊ ဒလန်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခံရမှုများ ဖြစ်ပွားနေသည်။

စစ်ကောင်စီဘက်ကလည်း အုပ်ချုပ်ရေးပိုင်းဆိုင်ရာနှင့် ပြည်သူတချို့ကို အကြမ်းဖက်သူများက တုတ်၊ ဓား၊ သေနတ်များဖြင့် တိုက်ခိုက်နေကြောင်း သတင်းထုတ်ပြန်နေပြီး မကြာသေးမီ ဇွန် ၂၁ ကလည်း စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် မြောက်ဥက္ကလာပမြို့နယ်တွင် ဒလန်ဟု နာမည်ထွက်နေသူ မိသားစုဝင်များသတ်ခံရမှုဖြင့် ၁၀ ဦးထက်မနည်းကို သေဒဏ်ချမှတ်ခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button