သတင်း

ALP အရာရှိ စစ်တွေတွင် ပစ်သတ်ခံရ၊ ၇ ဦးမြောက် လုပ်ကြံခံရသူဖြစ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ၏ စစ်ဘက်ဆိုင်ရာ အရာရှိတစ်ဦး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကြေးနန်းရုံးအနီးတွင် ယနေ့ (စက်တင်ဘာ ၁၅)၊ မွန်းတည့်ချိန်က သေနတ်ဖြင့် အနီးကပ် ပစ်သတ်ခံလိုက်ရသည်။

လွန်ခဲ့သည့် နှစ် ၅၀ ကျော်ကတည်းက တည်ထောင်ခဲ့သည့် ရခိုင်လက်နက်ကိုင်တပ်သည် ပြီးခဲ့သည့်နှစ်အတွင်းက သုံးခြမ်းကွဲခဲ့ပြီး ယနေ့ လုပ်ကြံခံရသူသည် စစ်ကောင်စီဘက်ယိမ်းသည့် ALP မှ ဖြစ်သည်။

ထိုအဖွဲ့ကို ဒေါ်စောမြရာဇာလင်း ဦးဆောင်ပြီး ယင်းအဖွဲ့သည် ရခိုင်တို့အကြား သြဇာကြီးမားသည့် ရက္ခိုင့်တပ်တော် (AA) နှင့်လည်း ပဋိပက္ခများရှိနေသည်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP တာဝန်ရှိသူတစ်ဦးက သေဆုံးသွားသူမှာ ၎င်းတို့ဘက်က ဖြစ်ကြောင်း Myanmar Now ကို အတည်ပြုခဲ့သော်လည်း အမည်၊ ရာထူးအပါအဝင် အသေးစိတ်အကြောင်းအရာများကို ပြောကြားရန် ငြင်းဆန်သည်။

ဒေသတွင်းသတင်းဌာနများကမူ သတ်ဖြတ်ခံရသူသည် တပ်ရင်းမှူးအဆင့်ရာထူးရှိသည်ဟု ရေးသားကြသည်။

သေဆုံးသွားသူ၏ ဦးခေါင်းတွင် ကျည်ထိဒဏ်ရာများ တွေ့ခဲ့ကြောင်းလည်း မျက်မြင်သက်သေတစ်ဦးက ဆိုသည်။

“ဦးခေါင်းကို ကျည်ထိမှန်သွားတာ။ လူနာတင်ကားတွေတော့ သူ့အလောင်းကို (စစ်တွေဆေးရုံ) ရင်ခွဲရုံ ယူဆောင်သွားပါတယ်” ဟု ၎င်းက ဆိုသည်။

အခင်းဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အဆိုပါ ကြေးနန်းရုံးရှေ့ လမ်းမကြီးတွင် နေရာယူထားပြီး သွားလာခွင့် ပိတ်ပင်ထားသည်ဟု ‌ဒေသခံများက ဆိုကြသည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး စစ်တွေဒေသခံများကို မေးမြန်းရာတွင် အများစုက နှုတ်ဆိတ်နေကြသည်။

နေပြည်တော်သို့ စစ်ကောင်စီနှင့် ဆွေးနွေးပွဲ တက်ရောက်ရန် လာသည့် ALP ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း။ (ဓာတ်ပုံ-ALP)

ALP အဖွဲ့ကွဲ ၃ ဖွဲ့ထဲမှ ဒေါ်စောမြရာဇာလင်းကို ထောက်ခံကြသည့် ALP ၏ စစ်ရေးနှင့် နိုင်ငံရေး ထိပ်ပိုင်းခေါင်းဆောင်များသည် ပြည်နယ်မြို့တော် စစ်တွေတွင် မကြာခဏ လုပ်ကြံသတ်ဖြတ်ခံနေရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ပြည်နယ်စစ်ကောင်စီ ပြုလုပ်သည့် လွတ်လပ်ရေးနေ့အခမ်းအနားတက်ပြီး ပြန်လာသည့် ALP စစ်ဦးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြနှင့် စစ်အရာရှိနှစ်ဦးတို့ သေနတ်ဖြင့် အနီးကပ်ပစ်သတ်ခံခဲ့ရသည်။ အလားတူ ဇူလိုင်လ ၁ ရက်နေ့ကလည်း ALP ဒုဥက္ကဋ္ဌ အပါအဝင် ၃ ဦး စစ်တွေတက္ကသိုလ်အနီး ပစ်သတ်ခံခဲ့ရသည်။

ယနေ့ သတ်ဖြတ်ခံရသူသည် စစ်တွေတွင် ယခုနှစ်အတွင်း သတ်ဖြတ်ခံရသည့် ၇ ဦးမြောက် ALP ထိပ်ပိုင်းအရာရှိဖြစ်လာခဲ့သည်။

၂၀၂၃ ဇန်နဝါရီနှင့် ဇွန်လအတွင်းက လုပ်ကြံသတ်ဖြတ်မှုများသည် ရက္ခိုင့်တပ်တော် (AA) လက်ချက်ဟု ALP ဘက်က ပြောဆိုခဲ့သော်လည်း ထိုစွပ်စွဲချက်များကို AA က ပယ်ချခဲ့သည်။

၂၀၂၃ ဇန်နဝါရီ ၄ ရက်နေ့က စစ်တွေမြို့အနီး ပစ်သတ်ခံခဲ့ရသော ALP ပါတီမှ သုံးဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ရခိုင်ပြည်သူများလွတ်မြောက်ရေးအတွက်ဟုဆိုကာ ALP ကို ၁၉၆၈ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၁၅ တွင် အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သည်။

ယခုအခါ ALP ပါတီတွင်း စည်းလုံးမှု ပြိုကွဲသွားပြီး ဥက္ကဋ္ဌ ခိုင်ရဲခိုင်အုပ်စု၊ စောမြရာဇာလင်းအုပ်စုနှင့် ခိုင်စိုးနိုင်အောင်အုပ်စု ဟူ၍ အုပ်စုသုံးစု ကွဲသွားခဲ့သည်။

စောမြရာဇာလင်းအုပ်စုသည် စစ်ကောင်စီ၏ အသိအမှတ်ပြုမှုကို ရရှိထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button