အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းသူ ၁၂ ဦးကို အလုပ်နှင့်ထောင်ဒဏ်သုံးလစီချ

ကိုဗစ်နိုင်တင်းကူးစက်ပျံ့နှံ့မှု မဖြစ်စေရန်တားမြစ်ထားသည့် အမိန့်ကိုဖောက်ဖျက်၍ လူစုလူဝေးဖြင့် ဝတ်ပြုဆုတောင်းခဲ့သူ ၁၂ ဦးကို အလုပ်နှင့်ထောင်ဒဏ် သုံးလစီကျခံစေရန် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ် တရားရုံးက ယနေ့(မေ ၇) အမိန့်ချမှတ်လိုက်သည်။

နေအိမ်အတွင်း လူစုလူဝေးဖြင့် ဘာသာရေးဝတ်ပြုဆုတောင်းခဲ့သည့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ကန်သာယာရပ်ကွက်မှ အစ္စလာမ်ဘာသာဝင်အမျိုးသား ၁‌၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းခံရသည့် ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

“ဒီနေ့အမှုစွဲတင်တယ်။ လိုပြသက်သေတွေစစ်တယ်။ ဝန်ခံတဲ့အတွက် ဒီနေ့ပဲ အမိန့်ချလိုက်တယ်”ဟု ချမ်းမြသာစည် မြို့နယ်တရားသူကြီး ဦးကျော်စွာလင်းက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်စေရန်အတွက် လူစုလူဝေးမပြုလုပ်ရန် အစိုးရက အမိန့်ထုတ်ပြန်ထားသော်လည်း ဧပြီ ၁၀ တွင် အိမ်ရှင် ဦးတင်စိုးအပါအဝင် အမျိုးသား ၁၄ ဦးက နေအိမ်တွင်စုဝေးကာ ဘာသာရေးဝတ်ပြုဆုတောင်းမှု လုပ်ခဲ့သဖြင့် ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်းက တရားလိုပြုကာ အောင်ပင်လယ်ရဲစခန်းတွင် တိုင်တန်းခဲ့ခြင်းဖြစ်သည်။

ယင်းနေ့တွင်ပင် ရဲတပ်ဖွဲ့က ၎င်းတို့ကို သွားရောက်ဖမ်းဆီးခဲ့ပြီး တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။

ချမ်းမြသာစည်မြို့နယ် တရားသူကြီးက အမျိုးသား ၁၄ ဦးအနက် ၁၂ ဦးကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀(က)အရ ထောင်ဒဏ် သုံးလစီ ကျခံစေရန် ယနေ့ အမိန့်ချမှတ်ခဲ့သည်။

ကျန်၂ ဦးမှာ ၁၈နှစ်အောက် ကလေးသူငယ်များဖြစ်သည့်အတွက် ကလေးသူငယ်တရားရုံးသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တရားသူကြီးကဆိုသည်။

အဆိုပါအမှုကို တရားရုံးက တရားလိုပြသက်သေ သုံးဦးဖြင့် တစ်လခန့်အကြာ စစ်ဆေးခဲ့ပြီးနောက် ယနေ့တွင်အမိန့်ချမှတ်ခဲ့ရာ ချုပ်ရက်များကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့သည်။

ရန်ကုန်မြို့တွင်လည်း ကိုဗစ်နိုင်တင်း (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို မလိုက်နာဘဲ “လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း” အတွက် နာမည်ကြီး တရားဟောဆရာ ဒေးဗစ်လားအပါအဝင် လေးဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အမှုဖွင့်ထားသည်။

ထားဝယ်ခရိုင် ရေဖြူမြို့နယ်တွင် ဧပြီလ ၁၂ ရက်နေ့က လူစုလူဝေးဖြင့် ဘုန်းကြီးပျံပွဲ ပြုလုပ်ခဲ့မှုကြောင့် ဦးဆောင်ကျင်းပသူများကို ဧပြီလ ၂၀ ရက်နေ့တွင် မြို့နယ်တရားရုံးထံ ဦးတိုက်လျှောက်ထား တရားစွဲဆိုထားကြောင်း Dawei Watch သတင်းဌာနက ဖော်ပြထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button