သတင်း

နာမည်ကြီး တရားဟောဆရာ ဒေးဗစ်လား အပါအဝင် ၄ ဦး အမှုဖွင့်ခံရ

ကိုဗစ်နိုင်တင်း (COVID-19) ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်သည်ဟုဆိုကာ နာမည်ကြီး တရားဟောဆရာ ဒေးဗစ်လား အပါအဝင် လေးဦးကို သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေအရ အမှုဖွင့်လိုက်ကြောင်း ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

ညွှန်ကြားချက်များကို မလိုက်နာဘဲ “လူစုလူဝေး ပြုလုပ်ဆောင်ရွက်ခဲ့ခြင်း” အတွက် စောဒေးဗစ် (ခ) စောဒေးဗစ်လားနှင့် ဦးဝေထွန်း (နဝရတ် တေးသံသွင်း) တို့ကို မရမ်းကုန်းမြို့မရဲစခန်း၌လည်းကောင်း၊ စောကွယ်ဝါး (သင်းအုပ်ဆရာ) နှင့် အမှုတော်ဆောင် စောရေဂန်ဒီတို့ကို အင်းစိန်ရဲစခန်း၌လည်းကောင်း အသီးသီးအမှုဖွင့်ထားကြောင်း ကော်မတီ၏ ယနေ့ ဧပြီ ၁၄ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“လူစုလူဝေး” များမှာ တစ်ရက်တည်း၊ တစ်နေရာတည်းတွင် ပြုလုပ်ခဲ့ခြင်း မဟုတ်ဘဲ အကြိမ်အရေအတွက် အတိအကျနှင့် နေရာများကို စုံစမ်းနေဆဲဖြစ်ကြောင်း အဆိုပါကော်မတီအဖွဲ့ဝင် ဒေါ်မိုးမိုးစုကြည်က Myanmar Now ကို ပြောသည်။

“ပွဲကတော့ အများကြီး ကျင်းပထားတာ။ ဒါပေမယ့် အခုသတင်းအရတော့ (မတ်) ၁၄၊ ၁၅ မှာ ဆိုပြီးတော့ အကြမ်းဖျင်း သိထားရတာပေါ့။ ဒါပေမယ့် ပြည်သူတစ်ဦး တစ်ယောက်ချင်းကလည်း မှန်မှန်ကန်ကန်ဖြေပေးမှ လိုက်ရတဲ့ ကျန်းမာရေးကလည်း လူနာကွင်းဆက် (Case Tracing) လိုက်ရတဲ့အခါမှာ တိကျတဲ့အဖြေ၊ နောက်ပြီးတော့မှ အမြန်ထိရောက်တဲ့ ကုသမှုတွေ ပေးနိုင်မှာ ဖြစ်တာပေါ့” ဟု ဒေါ်မိုးမိုးစုကြည်က ပြောသည်။

ကိုရိုနာဗိုင်းရပ်သည် လူစုလူဝေး များပြားရာ နေရာများတွင် လျင်မြန်စွာ ကူးစက်နိုင်သည့်အတွက် လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားများနှင့် ပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်းထားရန်နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလကို တိုးမြှင့်ရန် နိုင်ငံတော်သမ္မတရုံးက မတ် ၁၃ တွင် ထုတ်ပြန်ခဲ့သည်။

ယင်းနေ့တွင်ပင် ရန်ကုန်တိုင်းဒေသကြီးအစိုးရကလည်း အလားတူ ထပ်မံထုတ်ပြန်ခဲ့ပြီး ကျင်းပရန် ခွင့်ပြုချက်ရရှိပြီး မပြုလုပ်ရသေးသော အခမ်းအနားနှင့် ပွဲလမ်းသဘင်များကိုပါ ရပ်ဆိုင်းရန် ကြေညာခဲ့သည်။

၂၀၁၃ ခုနှစ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၀ (က) အရ သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုတစ်ရပ်ရပ်ကို ဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်း ခံရသည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ညွှန်ကြားချက်တစ်ရပ်ရပ်ကို လိုက်နာရန် တမင်ပျက်ကွက်ပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။

လက်ရှိတွင် စောဒေးဗစ်လား ပါဝင်သည့် ဘာသာရေးအခမ်းအနားသို့ တက်ရောက်ခဲ့သည့် လူဦးရေအတိအကျကို မသိရသေးဘဲ စုံစမ်းနေဆဲသာဖြစ်ကြောင်း၊ အခမ်းအနား တက်ရောက်ခဲ့သူများကို အရေးယူ မယူနှင့် ပတ်သက်ပြီး ကော်မတီ၏ ဆုံးဖြတ်ချက်ရယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

သို့သော်လည်း တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ အင်းစိန်၊ ဗဟန်းနှင့် ရွှေပြည်သာ မြို့နယ် ၅ ခု အတွင်းရှိ နေရာ ၁၀ နေရာကို အသွားအလာကန့်သတ်တားမြစ်ခြင်း (Lockdown) ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်း ကိုဗစ်နိုင်တင်းထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက ဆိုသည်။

စောဒေးဗစ်လားနှင့် အဖွဲ့သည် မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံအနီးရှိ ညီအစ်ကိုများအသင်းတော် (Hebron Brethren Assembly Hall) ဝင်းအတွင်းရှိ အခန်းတစ်ခန်းကို ဆုတောင်းမှုတိုက်ရိုက်ရိုက်ကူးထုတ်လွှင့်ရန် မတ်လအတွင်းက အသုံးပြုခဲ့ဖူးကြောင်း အသင်းတော်၏ အတွင်းရေးမှူး ဦးခင်မောင်အေးက Myanmar Now ကို အတည်ပြုသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်နိုင်တင်းလူနာအခြေအနေ ထုတ်ပြန်ချက်များအရ “ဘာသာရေးအခမ်းအနားတစ်ခု” သို့ အတူတက်ရောက်ခဲ့ဖူးသည့် ရာဇဝင်ရှိသူ ၆ ဦးတွင် ကိုရိုနာဗိုင်းရပ်ပိုး တွေ့ရှိထားပြီး ဖြစ်သည်။

ဧပြီ ၁၃ နှင့် ၁၄ ထုတ်ပြန်ချက်များအရ နောက်တိုးလူနာ ၂၁ ဦးအနက် မကွေးတိုင်းမှ လူနာအမှတ် ၅၃ မှလွဲပြီး ကျန်လူနာ ၂၀ ဦးမှာ ယင်းဘာသာရေးအခမ်းအနားသို့ တက်ရောက်ခဲ့သူများနှင့် ထိတွေ့မှုရှိခဲ့ကြောင်း သိရသည်။ သို့သော် ယင်းလူနာ ၂၀ ဦးတို့အနက် အဆိုပါဘာသာရေးအခမ်းအနားသို့ တက်ရောက်ခဲ့သူများ ရှိ မရှိကိုမူ ဖော်ပြမထားပါ။

တရားဟောဆရာ ဒေးဗစ်လားသည် ကနေဒါနိုင်ငံ တိုရန်းတို့မြို့ အခြေစိုက် မြန်မာပြည်ဖွား ခရစ်ယာန်တရားဟောဆရာတစ်ဦးဖြစ်ပြီး ကမ္ဘာအနှံ့လှည့်လည် ဟောပြောလျက်ရှိသည်ဟု ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။ သို့သော်လည်း ၎င်း၏ ဟောပြောချက်များမှာ မြန်မာခရစ်ယာန်အသိုင်းအဝိုင်းများကြားတွင် ဝေဖန်ခံနေရပြီး အငြင်းပွားဖွယ် ဖြစ်နေသည်။

ဧပြီ ၁၄ အထိ မြန်မာနိုင်ငံတွင် ကိုဗစ်နိုင်တင်းအတည်ပြုလူနာ ၆၂ ဦးရှိသည့်အနက် ရန်ကုန်တိုင်းအတွင်း ၄၈ ဦးရှိသည်။

Show More

Related Articles

Back to top button