ရန်ကုန် – နိုင်ငံမှာ လိုအပ်နေတဲ့ လျှပ်စစ်ဓာတ်အား အမြန်ဆုံးရဖို့အတွက်ဆိုရင် နေစွမ်းအင်ကိုလည်း အသုံးချသင့်ကြောင်း ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင်ရန်ပုံငွေအဖွဲ (World Wide Fund for Nature – WWF) ရဲ့ အရာရှိတစ်ယောက်က တိုက်တွန်းလိုက်ပါတယ်။ အိန္ဒိယရဲ့ မီဂါဝပ် ၆ဝဝ ထုတ် စက်ရုံကို ၈ လတည်းနဲ့ အပြီးတည်ဆောက်ခဲ့တာကို WWF မြန်မာရုံးရဲ့ စွမ်းအင်မန်နေဂျာ ကိုရွှန်းစိုဦးက ထောက်ပြပြီး အဲဒီလို တိုက်တွန်းလိုက်တာပါ။ နေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်မှုဟာ ကနဦးစရိတ် များပေမယ့် ရေရှည်မှာတော့ ကျောက်မီးသွေးသုံးတာထက် ဈေးသက်သာတယ်လို့ ပြောပါတယ်။ မကြာသေးခင်က ကိုရွှန်းစိုဦးနဲ့ တွေ့ဆုံရာမှာ သူက စွမ်းအင်ရင်းမြစ် အမျိုးမျိုးကို အချိုးကျသုံးစွဲမှု၊ တည်ငြိမ်ပြည့်ဝတဲ့လျှပ်စစ်၊ ရွေ့နေတဲ့ ကျောက်မီးသွေးဈေးကွက်၊ ဝင်ငွေနည်းပြည်သူတွေအတွက် မီတာခသက်သာစေတဲ့ နည်းလမ်းတွေအကြောင်း ပြောပြထားပါတယ်။
မေး – ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံတွေ တည်ဆောက်ရေး ဆိုတဲ့ အသံနဲ့ ပတ်သက်ပြီး ဘယ်လိုယူဆလဲ။
ဖြေ – မြန်မာနိုင်ငံမှာရှိတဲ့ လျှပ်စစ်မဟာစီမံကိန်းတွေကို လေ့လာဖြစ်တယ်။ အဲ့ဒီဟာတွေမှာ ကျောက်မီးသွေးကို ပိုအလေးသာပြီး သုံးချင်တာကိုတွေ့ရတယ်။ နေစွမ်းအင်၊ လေ၊ ဇီဝလောင်စာ စတာတွေထဲက ရှိတဲ့ အလားအလာကို အများကြီးနှိမ့်ပြီးသုံးထားတာ တွေ့ရတယ်။ ဒါ့ကြောင့် ကျောက်မီးသွေး၊ ရေအား အများစုသုံးပြီး နေစွမ်းအား၊ လေစွမ်းအားတွေကို အနည်းစုပဲသုံးမယ်ဆိုရင် အကျိုးတွေက ဘာ၊ အပြစ်တွေက ဘာ၊ ဈေးနှုန်းတွေက ဘာ၊ ဒါမှမဟုတ် ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့တွေကို လျှော့ချပြီး နေအား၊ လေအား၊ ရေအား၊ ဇီဝလောင်စာ၊ ဆည်မလိုတဲ့ရေအား စတာတွေကို အများကြီးသုံးမယ်ဆိုရင် နည်းပညာအရ၊ စီးပွားရေးအရ တွက်ခြေကိုက်မှာလား၊ နိုင်ငံအတွက် တခြား ဘာအကျိုးတွေရမလဲ၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလာမလား၊ ကာဗွန်ထုတ်လွှင့်တဲ့ပမာဏတွေ လျှော့ချသွားနိုင်မလား၊ ပြည်တွင်း သယံဇာတတွေ သုံးတဲ့အတွက် နိုင်ငံရဲ့ စွမ်းအင်လုံခြုံမှုတွေ ပိုကောင်းလာနိုင်မလား၊ ဒါတွေကို နှိုင်းယှဉ် စစ်ဆေးတဲ့ သုတေသန စာတမ်းကို ထုတ်ခဲ့တယ်။ ၂ဝ၁၆ မေလက စပြီးတော့ အစိုးရရော၊ ပြည်သူရော၊ လွှတ်တော်ရော တစိုက်မတ်မတ် တင်ပြခဲ့တယ်။ တစ်နှစ်ကြာတဲ့အခါမှာ ပြည်သူတွေကပါ လျှပ်စစ်နဲ့ ပတ်သက်ရင် အထူးသဖြင့် ဆိုလာ (နေစွမ်းအင်) နဲ့ လေအားနဲ့ကို ပိုလိုချင်လာတာ တွေ့ရတယ်။
မေး – အစိုးရအနေနဲ့ ဘာကိုဦးစားပေးလုပ်မယ်လို့ ယူဆလဲ။
ဖြေ – NLD ပါတီရဲ့ ၂ဝ၁၅ ခုနှစ်ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ လျှပ်စစ်ကဏ္ဍကို စာမျက်နှာ တစ်မျက်နှာ သီးသန့်ရေးထားတယ်။ ရုပ်ကြွင်းလောင်စာဖြစ်တဲ့ ကျောက်မီးသွေး၊ သဘာဝဓာတ်ငွေ့ စတဲ့ မြေကြီးထဲက ပစ္စည်းကို မြေကြီးထဲမှာပဲ ထားချင်တယ်၊ လိုအပ်မှသုံးမယ်၊ ရေအားမှာလည်း နောက်လာမယ့် မျိုးဆက်သစ်တွေ အတွက် စဉ်းစားပြီး အသစ် ဆောက်မယ့်နည်းလမ်းကို ရွေးမယ့်အစား ရှိပြီးသား ဆည်၊ စက်ရုံတွေကို ပြုပြင်၊ တိုးချဲ့၊ ပြန်လည်ဆောက်လုပ် စတဲ့ အချက်တွေကို လုပ်မယ်၊ နိုင်ငံမှာ အသုံးပြုတာနည်းသေးတဲ့ နေအား၊ လေအားနဲ့ ဇီဝလောင်စာကိုလည်း ပိုသုံးမယ်လို့ ကြေညာစာတမ်း ထုတ်ခဲ့တယ်။ အစိုးရက ပြန်ပြည့်မြဲ စွမ်းအင်တွေကို ဇောင်းပေးပြီး လုပ်လိမ့်မယ်လို့တော့ ကျွန်တော် ယူဆတယ်။
မေး – စီးပွားရေးအရ တွက်ခြေကိုက်မလား။
ဖြေ – ကျွန်တော်က အင်ဂျင်နီယာဆိုတော့ ပထမဆုံးပြေးမြင်တာက နည်းပညာအရ ကိုက်ရဲ့လား၊ စီးပွားရေးအရ တွက်ခြေကိုက်ရဲ့လားပဲ။ လျှပ်စစ်စွမ်းအင် ပမာဏများများ၊ ဈေးချိုချို ထုတ်လုပ်နိုင်ဖို့ဆိုရင် ကျောက်မီးသွေးနဲ့ထုတ်မှရလိမ့်မယ်ဆိုတဲ့ အသံလေးတွေ ကြားရတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးနဲ့နှိုင်းယှဉ်ရင် လေအားရော၊ နေအားရောက ကျောက်မီးသွေးထက် ဈေးချိုသွားပြီ။ ပြည်တွင်းမှာရော ကျောက်မီးသွေးက ဘယ်လောက် ရှိတုန်း။ ရှိတဲ့ ကျောက်မီးသွေးရဲ့ အရည်အသွေး၊ ဒါတွေကို ထည့်စဉ်းစားရမယ်။ ခေတ်ပေါ်ဖြစ်တဲ့ သန့်စင်ကျောက်မီး သွေးနည်းပညာနဲ့ လျှပ်စစ်ထုတ်မှာလား။ ဒီနည်းပညာနဲ့ဆို ကျောက်မီးသွေး ရင်းမြစ်ကို ဘယ်ကရမှာလဲ။ မြန်မာနိုင်ငံမှာ မရနိုင်ရင် ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ သြစတြေးလျ စတာတွေကနေ တင်ပို့မှာလား။ သယ်ယူတင်ပို့ဖို့ သီးသန့်ဆိပ်ကမ်းတွေ ဆောက်ရမယ်ဆိုရင် သန့်စင်ကျောက်မီးသွေးနဲ့ ထုတ်တာမှာ ဈေးပိုချိုတယ် ဆိုတာ ဟုတ်သေးရဲ့လားလို့ ကျွန်တော်မေးခွန်း ထုတ်ချင်တယ်။
နည်းပညာတစ်ခုတည်းကိုဇောက်ချပြီး အသုံးပြုမယ်ဆိုရင် စီးပွားရေးအရရော၊ နည်းပညာအရရော အခက်အခဲ ရှိမယ်။ ဥပမာ … နေအားနဲ့ လေအားကို အဓိကသုံးပါဆိုလည်း ဘယ်လိုမှ မကိုက်ဘူး။ စွမ်းအင် ရင်းမြစ် အမျိုးမျိုးကို အချိုးကျသုံးမှ နိုင်ငံတစ်နိုင်ငံက အဆင်ပြေတယ်။ နွေရာသီဆို ရေခန်းတဲ့အခါ ရေအားလျှပ်စစ် ထုတ်လုပ်မှုပမာဏက ကျသွားမယ်၊ ရေခန်းတဲ့အချိန် အပြင်းဆုံးက နေအား၊ အဲ့ဒီ နေအားကို အသုံးပြုမယ်၊ တစ်ခုနဲ့တစ်ခု မျှတအောင် လျှပ်စစ် ထုတ်ပေးနိုင်မယ်ဆိုရင် မြန်မာနိုင်ငံအတွက် တည်ငြိမ်ပြည့်ဝတဲ့ လျှပ်စစ်က အဆင်ပြေလိမ့်မယ်။
မေး – နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လာဖို့ အရေးတကြီး လိုအပ်နေတဲ့ လျှပ်စစ်အတွက် ကျောက်မီးသွေးကို အားကိုးရမယ်ဆိုတဲ့ အယူအဆကို ဘယ်လို ထင်ပါသလဲ။
ဖြေ – ၂ဝ၅ဝ ပြည့်နှစ် မြန်မာနိုင်ငံမှာ တိုးလာတဲ့ လျှပ်စစ်လိုအပ်ချက်အရ ဘယ်နည်းပညာနဲ့ဖြစ်ဖြစ် စက်ရုံတွေ တိုးတိုးဆောက်ရင် အမေရိကန်ဒေါ်လာ ၆၅ ဘီလျံက နေ ၈ဝ ဘီလျံလောက်ထိ ကုန်မယ်လို့ ကျွန်တော်တို့ စာတမ်းမှာလည်း ခန့်မှန်းထားတယ်။ ကျွန်တော်ပြောချင်တာက ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၆၅ ဘီလျံလောက်ကို အစိုးရက စိုက်ထုတ် ကုန်ကျရမယ်ဆိုတာ ဘယ်လိုမှ မတရားတဲ့ဟာပဲလေ။ အခု အစိုးရ ပြောနေတာက ပြည်တွင်းရော ပြည်ပပါ ရင်းနှီးမြှုပ်နှံမှုတွေ ဖိတ်ခေါ်လုပ်ကြဖို့လေ။
သူများလာရင်းနှီးမြုှပ်နှံရင် ကိုယ့်အိတ်ထဲက ပဲ့ပါစရာ မရှိတော့ဘူး။ လာလုပ်တဲ့သူတွေကလည်း ဒီလိုလုပ်ငန်းဟာ နှစ်ရှည်အတွက် တွက်ချက်ပြီးသား။ လေနဲ့နေအားလျှပ်စစ်ထုတ်တာ ကနဦးကုန်ကျ စရိတ်များတယ်ဆိုပေမယ့် နောင်အနှစ် ၂ဝ နဲ့ တွက်တဲ့အခါ လောင်စာက အလကားရနေတော့ ဒီဟာတွေက ကျောက်မီးသွေးထက်စာရင် ဈေးအများကြီး ချိုသွားပြီ။ လျှပ်စစ်က မြန်မြန် လိုတယ် ဆိုတာ သဘောတူပေမယ့် ကျောက်မီးသွေးလျှပ်စစ်စက်ရုံတစ်ခု တည်ဆောက်တာမှာ အချိန် ၄ နှစ်ကနေ ၆ နှစ်အထိ ကြာတယ်။ ဒီနေ့စတည်မယ်ဆိုရင်တောင် ဒီအစိုးရ သက်တမ်းအတွင်း ရဖို့ လုံးဝ မရှိဘူး။ ဒီနေ့များ ဆိုလာပရောဂျက် ၆ဝဝ မီဂါဝပ်စက်ရုံတစ်ခု စလုပ်မယ်ဆိုပါစို့။ အိန္ဒိယနိုင်ငံမှာ ၈ လ တည်းနဲ့ အပြီး ဆောက်နိုင်တယ်ဆိုတာ သက်သေပြသွားတယ်။ လျှပ်စစ်မြန်မြန်လိုချင်ရင် ဘာကိုသုံးမလဲဆိုတာ အဖြေကရှင်းပါတယ်။
မေး – နေအား လေအားသုံးပြီး လျှပ်စစ်ထုတ်မယ်ဆိုရင် ကုန်ကျစရိတ်များတယ်၊ မီတာခ ပိုများလာမယ်လို့ အများအပြားက စိုးရိမ်နေကြတယ် မဟုတ်လား။
ဖြေ – အခုချိန်မှာက အစိုးရက အရှုံးခံရောင်းနေတယ်။ နည်းပညာအရပြောမယ်ဆိုရင် အစိုးရက ပြည်သူ့ဘဏ္ဍာထဲကနေ လျှပ်စစ်ရနေတဲ့ ပြည်သူ ၃ဝ ရာခိုင်နှုန်းကျော် အတွက် ဖဲ့ထုတ်ပြီး ပြည်သူတွေ ဈေးသက်သာအောင်ဖြည့်ပေးနေရတယ်။ အရှုံးခံရောင်းပေးတယ် ဆိုပေမယ့် ဒီပိုက်ဆံတွေက ဘယ်သူ့ပိုက်ဆံမှ မဟုတ်ဘူး၊ ပြည်သူ့ပိုက်ဆံပဲလေ။ တကယ်လို့ ဒီလိုအရှုံး မပေါ် ဘူးဆိုရင် လမ်းတွေ၊ တံတားတွေ၊ တခြားနေရာတိုးတက်မှုတွေမှာ ပိုအာရုံစိုက်လို့မရဘူးလား။ အဲ့ဒါကြောင့် ဈေးနှုန်း ချိုသာတယ် ဆိုတာထက် ပြည်သူတွေတတ်နိုင်တဲ့ဈေးနှုန်းမျိုး ပြန်ညှိ လိုက်မယ်ဆိုရင် လျှပ်စစ်လည်း အရှုံးမပေါ်တော့ဘူး။ ဒီကပြန်ရတဲ့ငွေနဲ့လည်း လျှပ်စစ်ကဏ္ဍကို ပိုတိုးတက်အောင် လုပ်လို့ရတယ်။ ရေအားကတော့ ဆည်ဆောက်ပြီး သက်တမ်းကုန်လို့ ဆည်ပြန်ဖျက်တဲ့အထိ နှစ်ရှည်ကုန်ကျစရိတ်နဲ့ ဈေးနှုန်းတွက်ချက်တာဟာ နေအားနဲ့လေအားတို့ထက် ကုန်ကျစရိတ် သက်သာတယ်ဆိုတာတော့ မှန်ပါတယ်။ ရေအားလျှပ်စစ်စီမံကိန်းရဲ့ သက်တမ်းက နှစ် ၈ဝ ကနေ ၁ဝဝ ကြား ရှိတယ်။ လျှပ်စစ်အများကြီးထုတ်လု့ိရတော့ တစ်ယူနစ်တန်ဖိုးက အများကြီး သက်သာပါတယ်။ မြန်မာနိုင်ငံအတွက် လျှပ်စစ်ဈေးနှုန်းက သက်သာဖို့လိုတယ် ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဈေးသက်သာလို့ လျှပ်စစ်ကို ဖြုန်းနေကြတာမျိုးလည်း မဖြစ်သင့်ဘူး။
မေး – ဓာတ်အားခ ဈေးတက်လာရင်တော့ ဓာတ်အားသုံးစွဲသူတွေ လက်ခံနိုင်ပါ့မလား။
ဖြေ – ကျွန်တော်တို့စာတမ်းမှာ သေချာစီမံပြီး ဈေးနှုန်းသက်သာစေတဲ့ဥပမာတွေ ပေးခဲ့ဖူးတယ်။ သီရိလင်္ကာနိုင်ငံမှာဆိုရင် တစ်ယူနစ်ကို ၂ဝ ကျပ်လောက်လို့ ပြောရင်လည်း မှန်တယ်။ ၂ဝဝ ကျပ်လို့ ပြောရင်လည်း မှန်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ယူနစ်အသုံးပြုနှုန်း အဆင့်ဆင့်တွေ ခွဲထားလို့။ ကျွန်တော်တို့နိုင်ငံမှာ ဈေးအချိုဆုံးယူနစ်နဲ့ ဈေးအကြီးဆုံး ယူနစ်ဈေး ကွာခြားချက်က ၁၅ ကျပ်ပဲ ရှိတယ်။ စီးပွားဖြစ်လုပ်ငန်းမျိုးမှာတော့ ၇၅ ကျပ် ကွာတယ်ပေါ့။ ကျွန်တော်တို့ဆီမှာ ပထမသုံးတဲ့ ယူနစ် ၂ဝဝ အထိက ၇,၅ဝဝ ပဲ ပေးရတယ်။ ထပ်ပိုသုံးတဲ့ယူနစ်တွေကိုမှ တစ်ယူနစ်ကို ၅ဝ ကျပ်လိုက်ထပ်တိုးပေါ့။ သီရိလင်္ကာမှာက အဲ့ဒီလိုမဟုတ်ဘူး။ ပထမ ယူနစ် ၃ဝ သုံးရင် ကျပ် ၂ဝ နဲ့ ရတယ်၊ မြန်မာနိုင်ငံထက်တောင် ဈေးချို သေးတယ်။ အဲ့ဒီ ပထမယူနစ်ဆိုတာ ကျွန်တော်တို့နိုင်ငံက ဝင်ငွေနည်းတဲ့အိမ်ထောင်စုတွေအတွက် မီးလေး ၂ ပွင့်လောက်၊ ထမင်းချက်၊ တီဗီကြည့်တာလောက်နဲ့တော့ လုံလောက်တဲ့ လျှပ်စစ်ပမာဏပါ။ အိမ်အကြီးကြီးတွေနဲ့ လျှပ်စစ်ကို နင်းကန်သုံးမယ်ဆိုရင်တော့ ဈေးက ကြီးကြီးလာတာပေါ့။ ယူနစ်များများသုံးလေ ဈေးကြီးတဲ့နှုန်းတွေနဲ့ တစ်ယူနစ်ချင်းအလိုက်ကို ပေးရတာ။ အဲ့ဒီလိုလုပ်လိုက်တော့ စွမ်းအင်ကို သေသေချာချာ စနစ်တကျနဲ့ မဖြုန်းဘဲသုံးတဲ့သူတွေက ဈေးနှုန်းချိုချိုနဲ့ ရတယ်။ ဝင်ငွေမြင့်တဲ့သူတွေက လျှပ်စစ်ကို သုံးချင်သလောက်သုံး၊ ကျသလောက်တော့ ပေးကိုပေးရမယ်။ အဲ့ဒီလိုသာ စိစစ်မယ်ဆိုရင် ပြည်သူတွေလည်း ဈေးအများကြီး မပေးရဘူး၊ များများသုံးပြန်ရင်လည်း ပြည်သူ့ဘဏ္ဍာမဆုံးရှုံးဘဲ လျှပ်စစ်ကဏ္ဍကနေ အစိုးရကို ငွေ ပြန်ဝင်စေမယ်။ ဖြုန်းချင်သလောက်ဖြုန်း၊ များများပေးရမယ် ဆိုရင် ပြည်သူတွေမှာလည်း လျှပ်စစ်ကို အရမ်းသုံးဖို့ တွန့်သွားလိမ့်မယ်။ ဒီလို သေချာ စနစ်တကျနဲ့ ပြန်ရေးဆွဲ လိုက်မယ်ဆိုရင် ဝင်ငွေနည်းတဲ့ပြည်သူတွေအတွက် လျှပ်စစ်ဈေးနှုန်းက ဈေးပါပိုချိုသွားလောက်တယ်။
မေး – လွှတ်တော်၊ အစိုးရအဖွဲ့တို့ကို စာတမ်းချပြတော့ တုံ့ပြန်မှုက ဘယ်လိုလဲ။
ဖြေ – ဒီစာတမ်းတွေ့ရှိချက်အဖြေတွေကို အစိုးရကိုတင်ပြတာ သူတို့စိတ်ဝင်စားတာ ပြတယ်ခင်ဗျ။ အထူးသဖြင့် လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ ပြည်နယ်နဲ့တိုင်းအစိုးရတွေကို တင်ပြတာ စိတ်ဝင်စားပါတယ်။ သူတို့ဘက်ကလည်း စိုးရိမ်တဲ့အချက်တွေကို ပြန်ပြောတာတွေ ရှိခဲ့တယ်။ ဆိုလာနဲ့ လေအားကရတဲ့လျှပ်စစ်ကို အခုသုံးနေတဲ့ ဓာတ်အားလိုင်းတွေထဲ ထည့်မယ်ဆိုရင် တည်ငြိမ်တဲ့လျှပ်စစ်ရဖို့ နည်းပညာလိုတယ်ပေါ့၊ ဒါက နည်းပညာအသစ်ကိုး။ လွှတ်တော်ပိုင်းဆိုရင် ဒါတွေဟာ မြန်မာနိုင်ငံမှာ တကယ့်ကို သုံးသင့်တယ်၊ သူတို့အနေနဲ့ ဘာကူညီပေးရမလဲဆိုတဲ့ တုံ့ပြန်မှုမျိုး ရတယ်။ တစ်နိုင်ငံလုံး ဖွံ့ဖြိုးဖို့ရာမှာ မူဝါဒရေးရာတွေကို အဘက်ဘက်က ဝိုင်းကူညီပေးဖို့ လိုတယ်။ တံခါးဖွင့်ပြီးကြိုဆိုတဲ့ပုံစံဆိုတော့ ကျွန်တော်တို့လည်း ဝမ်းသာပါတယ်။
မေး – ကြိုဆိုတယ်လို့ပြောနေချိန်မှာ ကျောက်မီးသွေး အသံတွေက ထွက်နေတယ် မဟုတ်လား။
ဖြေ – အဲ့ဒါကြောင့် ကျွန်တော်တွေးမိတာက အခုအစိုးရက တစ်နှစ်သားပေါ့။ ဒီမိုကရေစီဆိုထဲက လူတိုင်းမှာ ကိုယ့်ယုံကြည်ရာကို၊ ကိုယ့်ယုံကြည်ချက်ကို အားလုံး ဆွေးနွေးနိုင်ဖို့က အဓိကပဲလေ။ ကျွန်တော်တို့အဖွဲ့နဲ့ လက်တွဲလုပ်နေကြသူတွေဆိုတာ တစ်နိုင်ငံလုံးနဲ့ယှဉ်ရင် သေးသေးလေး။ ကျွန်တော်တို့က သက်ဆိုင်ရာတွေကို အကြံပြုတင်ပြတယ်။ အဲ့ဒီလိုပဲ ပြည်သူတွေကလည်း ကိုယ်မလိုချင်တာ ပြတ်ပြတ်သားသားငြင်းထုတ်ဖို့၊ လိုချင်တာကို ပြတ်ပြတ်သားသားတောင်းဆိုဖို့က အရေးကြီးပါတယ်။ ကျောက်မီးသွေးသုံးစက်ရုံတစ်ခု ထပ်တည်မယ်ဆိုရင်၊ ကျွန်တော်တို့ရော၊ ကျန်တဲ့ အဖွဲ့အစည်းတွေကရော၊ ပြည်သူတွေကရော နေအား၊ လေအားကနေ ထုတ်တဲ့ လျှပ်စစ်စက်ရုံတစ်ခု ဖြစ်ပေါ်လာဖို့ လုပ်ကြဖို့ မလိုဘူးလား။ အဲ့ဒီလိုဖြစ်လာဖို့ အားလုံးဝိုင်းတောင်းဆိုဖို့ လုပ်ကြစို့လား။
မေး – နေအား၊ လေအားသုံး နည်းပညာသစ်တွေအတွက် ပညာရှင်တွေရော အဆင်သင့်ဖြစ်နေပြီလားဗျ။
ဖြေ – ရှိသလားဆိုရင် နည်းသေးတယ်ခင်ဗျ။ ဒီအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ ပြည်တွင်းမှာ စီမံကိန်းတစ်ခုလုပ်ပြီဆိုရင် ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း များပြားရေးဆိုတာလည်း ပါသင့်တာပဲလေ။ ကျွန်တော်တို့နိုင်ငံက လျှပ်စစ်အင်ဂျင်နီယာတွေ ပေါပါတယ်။ တည်ဆောက်ရေးနဲ့ တပ်ဆင်ရေးမှာတော့ အဆင်ပြေနိုင်တယ်။ ဒါပေမယ့် ပြုပြင်ရေး၊ ထိန်းသိမ်းရေးနဲ့ ရေရှည်စောင့်ကြည့်ရေးအတွက် ဆိုရင်တော့ ပြည်တွင်းက ပညာရှင်တွေကို တဖြည်းဖြည်း လေ့ကျင့်သင်ကြားပေးဖို့က အရမ်းအရေးကြီးပါတယ်။ ကျွန်တော်တို့စာတမ်းက တွက်တာမမှားရင် နောက်ထပ် ၃၃ နှစ်အတွင်း ပြန်ပြည့်မြဲစွမ်းအင်ကြောင့် အလုပ်အကိုင်အခွင့်အလမ်းပေါင်း သန်းနဲ့ချီ ထွက်လာလိမ့်မယ်။ အဲ့ဒီအတွက် ပညာရှင်တွေအများကြီး ထွက်ပေါ်လာဖို့ လိုပါတယ်။
မေး – တချို့ပညာရှင်တွေက မြန်မာနိုင်ငံမှာ လျှပ်စစ်ကဏ္ဍအတွက် သီးသန့် စီမံချက်တွေ၊ စီမံကိန်းတွေ မရှိသေးဘူးလို့ ဆိုကြတယ်။ ဒါက အဓိက အားနည်းချက်တစ်ခုလို့ ယူဆနိုင်သလား။
ဖြေ – ယူဆပါတယ်။ မြန်မာနိုင်ငံမှာ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် အဓိက Master Plan က စာမူကြမ်းအဆင့်မှာပဲ ရှိနေသေးတယ်။ မြန်မာနိုင်ငံမှာ ဦးတည်ချက်မရှိသေးတဲ့အခါ ရင်းနှီးမြှုပ်နှံမှုတွေကလည်း နည်းနည်း တန့်သွားစေတယ်။ ပြည်သူတွေမှာလည်း အစိုးရက ဘာလုပ်မယ်ဆိုတာ သေသေချာချာ မသိကြတော့ဘူး။
မေး – ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ ကျောက်မီးသွေးကနေ လျှပ်စစ်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကို လျှော့ချလာကြပြီ။ ဟိုဘက်မှာ ဈေးကွက်ပျောက်လာလို့ အာရှဘက်ကို ရွှေ့လာတဲ့သဘောမျိုး ဖြစ်မနေဘူးလား။
ဖြေ – လုံးဝကို မှန်ပါတယ်။ ရှင်းရှင်းပြောရရင် သူများနိုင်ငံတွေမှာ အိမ်အသစ်ဆောက်လို့ ဖျက်လိုက်တဲ့ ဟာတွေနဲ့ ကိုယ့်နိုင်ငံမှာ အိမ်အဟောင်းကို လာပြန်ဆောက်သလိုပဲ။ အနောက်ဥရောပရော၊ အမေရိကရော ကျောက်မီးသွေးကို လျှော့ချလာနေပြီ။ အဲ့ဒီလို ကျောက်မီးသွေးဈေးကွက်က မရှိတော့တဲ့အခါကျတော့ သန့်စင်ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်ဖို့ လျှပ်စစ်အမြန်လိုနေတဲ့ နိုင်ငံတွေကို ကျောက်မီးသွေးနဲ့ ပတ်သက်ပြီး စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းအကြီးကြီးတွေက အရမ်းကို အားစိုက်လုပ်ဖို့ ကြိုးစားနေကြတယ်၊ မက်လုံးတွေနဲ့ပေါ့။ အကြောင်းရင်းကတော့ ဟိုဘက်က တခြားဘယ်နိုင်ငံကမှ သူတို့တွေကို လက်ခံတော့မှာ မဟုတ်တဲ့အတွက် အရှေ့တောင်အာရှ၊ အာဖရိကနိုင်ငံတွေကို ကျောက်မီးသွေးမှ ကျောက်မီးသွေးဆိုပြီး လှုံ့ဆော်တာတွေ ခံနေကြရတာပါ။ ။