
မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ရာစုနှစ်တစ်ဝက်ကျော် ကြီးစိုးလွှမ်းမိုးထားနိုင်သော အကြောင်းအချက်များကို မေးခွန်းထုတ်ကြည့်ပါသည်။ ထိုအခါ စနစ်တကျ လေ့ကျင့်ဖွဲ့စည်းထားပြီး၊ အမိန့်ကိုသာ နာခံတတ်သည့် လက်နက်ကိုင်တပ်များဖြင့် လက်နက်မဲ့ အရပ်သားပြည်သူများအပေါ် လက်နက်အင်အားသုံး ဖိနှိပ်အုပ်ချုပ်ထားနိုင်မှုဆိုသည့် အချက်ကို အဓိကပြောဆိုလေ့ရှိကြသည်။ အမှန်အားဖြင့် စစ်ဝါဒကြီးစိုးရေးအတွက် ထို့ထက်ပိုသော အကြောင်းရင်းများ ရှိပါသည်။
ပြည်သူ သန်း ၅၀ ကျော်ကို ထိန်းချုပ်နိုင်သော နိုင်ငံအနှံ့ ဖြန့်ကြက်လွှမ်းခြုံထားသည့် “အုပ်ချုပ်ရေးယန္တရား”၊ ထိုယန္တရားကို မဆန့်ကျင်ဘဲ ပြည်သူများ နာခံပူးပေါင်းလာရန် “ဥပဒေယန္တရား” ဖြင့် ထိန်းချုပ်ခြင်း၊ စစ်ဝါဒကို ခုခံတွန်းလှန်ကြသော အင်အားစုများအကြား အကွဲကွဲအပြားပြား ဖြစ်နေစေရန် “သွေးခွဲအုပ်ချုပ်ခြင်း” (Divide & Rule) စသည့် မဟာဗျူဟာဒေါက်တိုင် ၃ ခု (Three Strategic Pillars) က စစ်ဝါဒလွှမ်းမိုးရေးကို လက်တွေ့ကျကျ လုပ်ဆောင်ခဲ့သည်။
စစ်ဝါဒကြီးစိုးမှု မဟာဗျူဟာဒေါက်တိုင် ၃ ခု
အထက်ပါ မဟာဗျူဟာများ ကောင်းမွန်စွာလည်ပတ်နိုင်ရေး လက်နက်ကိုင်တပ်အင်အားကို နောက်ခံကျောရိုးအဖြစ် အားပြုထားပြီး၊ ဆန့်ကျင်မှုများကို လက်နက်အင်အားဖြင့် နှိမ်နင်း၍ စစ်ဝါဒသက်ဆိုးရှည်ရန် စစ်တပ်က အားထုတ်လေ့ရှိသည်။ နွေဦးတော်လှန်ရေးက စစ်ဝါဒကြီးစိုးရေးမဟာဗျူဟာ ၃ ရပ်လုံးကို ဖြိုချနေရုံမျှမက ၎င်းမဟာဗျူဟာများ၏ နောက်ခံကျောရိုးဖြစ်သော စစ်တပ်ကိုပါ အန်တုရင်ဆိုင်ပြီး၊ အနာဂတ်ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး ဦးတည်သော “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့” (People’s Defense Force – PDF) ကိုပါ ဖွဲ့စည်းနိုင်ခဲ့ပြီ ဖြစ်သည်။
စစ်ဝါဒ မဟာဗျူဟာဒေါက်တိုင်များကို အခြေမှ ဖြိုချခြင်း
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုသည် စစ်တပ်က အရပ်သားအုပ်ချုပ်သော ဒီမိုကရေစီစနစ်ကို အဆုံးသတ်လိုက်ပြီး စစ်ဝါဒကြီးစိုးမှုကို ပြန်လည်အသက်သွင်းလိုက်သည်။ ယခင် စစ်ဝါဒကြီးစိုးစဉ်က မဟာဗျူဟာဒေါက်တိုင်များကို ပြန်လည်လည်ပတ်နိုင်ရန် ကြိုးပမ်းသည်။ သို့သော် နွေဦးတော်လှန်ရေးက စစ်ဝါဒ မဟာဗျူဟာဒေါက်တိုင်များကို အခြေမှ ဖြိုချနေပြီ ဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ပြည်သူအကြား တစ်သားတည်း စည်းလုံးညီညွတ်စွာ ဆန့်ကျင်နေချိန်တွင် စစ်တပ်က “သွေးခွဲအုပ်ချုပ်ခြင်း” နည်းလမ်း ပြန်လည်ကျင့်သုံးပြီး၊ ပြိုကွဲအောင် ကြိုးစားလျက်ရှိသည်။ သို့သော် သွေးခွဲအုပ်ချုပ်မှုသည် စစ်ဝါဒ မဟာဗျူဟာဒေါက်တိုင်များ၏ အခြေဖြစ်ပြီး တိုင်းရင်းသားပြည်သူအားလုံး၏ ညီညွတ်မှုကြောင့် သွေးခွဲအုပ်ချုပ်မှုကို ကျင့်သုံးနိုင်ခြင်း မရှိတော့ပါ။

သက်သေပြရလျှင် National Unity Consultative Council (NUCC) သည် မြန်မာ့သမိုင်းတစ်လျှောက် မပေါ်ပေါက်ဖူးသေးသော နိုင်ငံအနှံ့ တိုင်းရင်းသားပြည်သူအလွှာအသီးသီးကို ကိုယ်စားပြုပြီး နွေဦးတော်လှန်ရေးကို ဦးဆောင်နေခြင်းကို ရည်ညွှန်းလိုသည်။ ထို့အတူ လူမျိုးစုံကိုယ်စားပြုထားသော NUG ကို ပြည်သူများက ၎င်းတို့၏ စစ်မှန်သော အစိုးရအဖြစ် အသိအမှတ်ပြုခြင်းကို ပြည်တွင်းပြည်ပ မြန်မာနိုင်ငံသူနိုင်ငံသားများက NUG ငွေတိုက်စာချုပ်များအား ဝယ်ယူခြင်းအပြင် နည်းလမ်းအမျိုးမျိုးဖြင့် ထောက်ခံမှု ပြသနေသည်။ သို့သော် ညီညွတ်မှုဆိုသည်မှာ အစဉ်အမြဲ ပျိုးထောင်နေရသောကိစ္စဖြစ်ပြီး၊ ညီညွတ်မှုအားကောင်းသည်နှင့်အမျှ သွေးခွဲအုပ်ချုပ်မှုယန္တရား လုံးဝပျက်စီးချုပ်ငြိမ်းသွားမည်ဖြစ်ပြီး၊ ပြိုကွဲသည်နှင့် ထိုယန္တရား အသက်ပြန်ဝင်လာမည် ဖြစ်သည်။
စစ်အာဏာသိမ်းမှုကို ပြည်သူနှင့်အတူ ရပ်တည်ပြီး ပြည်သူ့ဝန်ထမ်းများ၏ အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement – CDM) က စစ်ဝါဒ မဟာဗျူဟာဒေါက်တိုင် နောက်တစ်ခုဖြစ်သော “အုပ်ချုပ်ရေးယန္တရား” မလည်ပတ်နိုင်စေရန် ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့သည်။ စစ်တပ်သည် အာဏာသိမ်းပြီး ၁၀ လ ကျော်လာသည်အထိ ၎င်းတို့၏ ဖိနှိပ်အုပ်ချုပ်ရေးယန္တရားကို ကောင်းစွာလည်ပတ်နိုင်ခြင်း မရှိသေးပါ။ ထိုယန္တရားကို အသက်သွင်းရန် ပြည်သူအပေါ် စစ်ဆင်မှုများနှင့် ဥပဒေမဲ့သတ်ဖြတ်မှုများ စသည့် စစ်ရာဇဝတ်မှုများစွာကို နိုင်ငံအနှံ့ ကျူးလွန်လျက်ရှိသည်။
သွေးခွဲအုပ်ချုပ်မှုနှင့် ဖိနှိပ်အုပ်ချုပ်ရေးယန္တရားများ၏ လုပ်ဆောင်ချက်များ တရားဝင်မှုရှိစေရန် ထောက်ခံပေးထားသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို NUG/CRPH က ဖျက်သိမ်းခဲ့ခြင်းသည် စစ်ဝါဒကြီးစိုးရေး “ဥပဒေယန္တရား” ကို အပြီးဖြိုချလိုက်ခြင်း ဖြစ်သည်။ ခြုံ၍ကြည့်လျှင် ထိုမဟာဗျူဟာဒေါက်တိုင်များသည် အပြန်အလှန်ချိတ်ဆက်နေပြီး၊ အောက်ခြေက ပြည်သူကို သွေးခွဲ၍ မရတော့သည့်အခါ တစ်စုံလုံး ချည့်နဲ့ပြိုကျသွားခြင်းဖြစ်ပြီး၊ စစ်တပ်သည် စစ်ဝါဒသက်ဆိုးရှည်ရေးအတွက် ထိုမဟာဗျူဟာများ အသက်ပြန်ဝင်လာရန် စစ်အင်အားအသုံးပြုပြီး အပူတပြင်း ကြိုးပမ်းလုပ်ဆောင်နေရသည်။ ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ မသက်ဆိုင်သူ မိသားစုဝင်များကိုပါ ဖမ်းဆီးခြင်းဖြင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကို အကြောက်တရားကြီးစိုးရေးလုပ်ဆောင်လာပါသည်။ အကြောက်တရားက စစ်ဝါဒ၏ ရေသောက်မြစ်ဖြစ်သည်။

စစ်ဝါဒ ဖြိုချရေးတွင် သတိပြုသင့်သော အချက်များ
စစ်ဝါဒ ဖြိုချရေးတွင် သတိပြုရမည့် အချက်တချို့ ရှိနေသည်။ နွေဦးတော်လှန်ရေး၏ ဂုဏ်သိက္ခာကို ဖျက်ဆီးရန်နှင့် တော်လှန်ရေးအပေါ် ထောက်ခံမှုများကျဆင်းရန် စစ်တပ်က နည်းလမ်းအမျိုးမျိုးဖြင့် လုပ်ဆောင်နေသည်။ မကြာသေးခင်က ငြိမ်းချမ်းရေးပွဲစားတစ်ဦးဖြစ်ပြီး စစ်တပ်နှင့် ဆက်ဆံရေးပြေလည်သူတစ်ဦးက NUG တွင် လုပ်ကြံသတ်ဖြတ်ရန် စာရင်းတစ်ခုရှိသည်ဟု အနောက်နိုင်ငံအစိုးရများ၊ သံတမန်များထံ လျှို့ဝှက်စာပေးပို့သည့်လုပ်ရပ်တစ်ခု သတင်းမီဒီယာများထံ ပေါက်ကြားလာခဲ့သည်။
တစ်ဖက်တွင် စစ်တပ်သည် ၎င်းတို့၏ ဖိနှိပ်အုပ်ချုပ်ရေးယန္တရားကို ပြန်လည်အသက်သွင်းရန် စစ်သားများနှင့်ချည်း လုပ်ဆောင်၍ မရမှန်း သိနေသည်။ ထို့ကြောင့် စစ်တပ်ကို ထောက်ခံသော အရပ်သားတချို့ကို ကျောရိုးပြုပြီး၊ စစ်တပ်နှင့် ပူးပေါင်းလျှင် ရရှိလာမည့်အခွင့်အရေးကို မျှော်ကိုးသူများနှင့် စစ်တပ်ကို မကြိုက်လှသော်လည်း မိမိနှင့် မိသားစု အခြေမပျက်နေနိုင်ရေးအတွက် “မချစ်သော်လည်း အောင့်ကာနမ်း” ကြရသူများကို ပစ်မှတ်ထား စည်းရုံးလျက်ရှိသည်။
ထို့ပြင် ယခင်ကာလ စစ်အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်ရေးအတွက် သွယ်ဝိုက်သောနည်းဖြင့် အထောက်အပံ့ပေးခဲ့ကြသူများမှာ အခွင့်အရေးအမျိုးမျိုးကို မျှော်လင့်ပြီး၊ ဖြတ်လမ်းနည်းဖြင့် ကြီးပွားချမ်းသာလိုကြသော စီးပွားရေးအသိုင်းအဝိုင်းက လုပ်ငန်းရှင် ကြီးကြီးသေးသေးများလည်း ပါဝင်ခဲ့ကြသည်။ ၎င်းတို့တွင် အာဏာရှင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းအတွက် အပြစ်မရှိကြောင်း ဆင်ခြေများစွာ ရှိပါသည်။ ယခုတစ်ကြိမ် နွေဦးတော်လှန်ရေးကာလတွင်လည်း စစ်တပ်သည် ၎င်းတို့ယန္တရားများ လည်ပတ်နိုင်ရေး အသက်သွေးကြောဖြစ်သော စီးပွားရေးအသိုင်းအဝိုင်းကို မက်လုံးအမျိုးမျိုးပေး၍ စည်းရုံးမည်မှာ သေချာသည်။
စစ်တပ်နှင့် ပူးပေါင်းဆောင်ရွက်ကြသူများသည် ပြည်သူလူထု၏ ငြိုငြင်မှုခံရမည်ကိုလည်း စိုးရိမ်ကြသည်။ ၎င်းတို့၏ အားနည်းချက်ကို ဖုံးကွယ်ရန် တရားထူထောင်ကြရာမှ အာဏာရှင်အုပ်ချုပ်ရေးက ဒီမိုကရေစီထက်ကောင်းကြောင်း၊ ဒီမိုကရေစီအားနည်းချက်များကို ချဲ့ကားပြောဆို ဝါဒဖြန့်တတ်ကြသည်။ အရပ်သားအစိုးရလက်ထက်မှာပင် ဒီမိုကရေစီစနစ်ကို ပုံဖျက်ရန် “လူများစု အာဏာရှင်” (The Tyranny of Majority) ဟု ဝါဒဖြန့်ခဲ့ကြသည်ကို မမေ့အပ်ပေ။
ဤနည်းဖြင့် အာဏာရှင်များကို အကောင်းမြင်သော လူတန်းစားတစ်ရပ် အာဏာရှင်ကြီးစိုးသော ခေတ်တိုင်းတွင် ရှိနေတတ်ပါသည်။ ပြည်သူများအကြား သွေးကွဲအောင် စစ်ဗိုလ်ချုပ်များက မစွမ်းဆောင်နိုင်ပေမဲ့ သူတို့က စွမ်းဆောင်နိုင်သောကြောင့် ၎င်းတို့သည် စစ်ဗိုလ်ချုပ်များထက် ပို၍ကြောက်စရာကောင်းလှသည်။

ပြည်သူ့ညီညွတ်ရေး သို့မဟုတ် နွေဦးတော်လှန်ရေး အောင်မြင်မှု အဓိကသော့ချက်
ယခုအခါ စစ်ဝါဒချုပ်ငြိမ်းရန် ပြည်သူများက ညီညွတ်စွာ ကြိုးပမ်းရုန်းကန်နေကြပြီး NUCC, NUG, CRPH ဦးဆောင်မှုတွင် တိုင်းရင်းသားအဖွဲ့အစည်း အလွှာအသီးသီးက ပါဝင်လာကြပြီ ဖြစ်သည်။ ထို့အတူ စစ်ဝါဒကို ပြန်လည်အသက်သွင်းရန် ရက်စက်မှုနည်းလမ်းမျိုးစုံကို စစ်တပ်က အသုံးပြုလာသည်မှာ သမိုင်းတစ်လျှောက် အဆိုးရွားဆုံးဖြစ်သည်။ ထို့ကြောင့် တော်လှန်ရေး အချိန်ကြာလာသည်နှင့်အမျှ စစ်ဝါဒ ပြန်လည်အားကောင်းကြီးစိုးလာမည်ကိုလည်း စိုးရိမ်နေကြသူများ ရှိသည်။
ညီညွတ်ရေးသည် နွေဦးတော်လှန်ရေးအောင်မြင်မှု၏ အဓိကသော့ချက်ဖြစ်သည်။ အာဏာသိမ်းပြီး ၁၀ လကျော်ကြာလာသည်အထိ ပြည်သူလူထုက ညီညွတ်စွာ စစ်ဝါဒကို ခုခံတွန်းလှန်နေခြင်းက ပြည်တွင်းပြည်ပက မြန်မာပြည်သူများအပေါ် ထောက်ခံအားပေးခြင်းနှင့် စစ်ကောင်စီကို အသိအမှတ်မပြုခြင်း၏ အဓိကအကြောင်းရင်းခံဖြစ်သည်။ အခြားအကြောင်းရင်း မရှိပေ။ ထိုအချက်ကို ပြတ်သားစွာ ယုံကြည်ထားရန် လိုအပ်သည်။
“ပြည်သူသာလျှင် အဓိက” ဆိုသည့် အတွေးအခေါ်ကို ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ ကိုဗစ်ကပ်ဘေးမှ ဖြတ်ကျော်နိုင်ရေး ကြိုးပမ်းအားထုတ်မှုတွင် အကြိမ်များစွာ ပြောကြားခဲ့ပြီး၊ ပြည်သူများကိုယ်တိုင် အချင်းချင်း ရိုင်းပင်းကူညီမှုအားဖြင့် ကိုဗစ်ကို လက်တွေ့ကျကျ ဖြတ်ကျော်နိုင်ခဲ့သည့် သာဓကရှိထားပြီး ဖြစ်သည်။ စစ်ဝါဒကြီးစိုးရေး မဟာဗျူဟာဒေါက်တိုင်များကို ဖြိုချရာတွင်လည်း ပြည်သူသာလျှင် အဓိကဖြစ်သည်။
ပြည်သူညီလျှင် ဖက်ဒရယ်ဒီမိုကရေစီစနစ် တည်ဆောက်နိုင်မည်။ ပြည်သူညီလျှင် တိုင်းရင်းသားအားလုံး တန်းတူအခွင့်အရေး တည်ဆောက်နိုင်သည်။ ပြည်သူညီလျှင် လူတစ်ဦးချင်းစီ လူ့ဂုဏ်သိက္ခာနှင့်အညီ နေထိုင်နိုင်ပြီး၊ လူသားလွတ်လပ်ခွင့်ကို လေးစားအကာအကွယ်ပေးမည့် အစိုးရမျိုးရမည်။ ပြည်သူညီလျှင် မည်မျှအင်အားကြီးသော စစ်တပ်ဖြစ်ပါစေ အရှုံးနှင့်သာ ရင်ဆိုင်ရမည် ဖြစ်သည်။ ပြည်သူညီလျှင် နိုင်ကိုနိုင်ရမည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)