
(ရန်ကုန်) – ၂ဝ၁၈ သည် တိုင်းရင်းသားဒေသ အခြေစိုက် နိုင်ငံရေးပါတီ အများအပြားအတွက် ထူးခြားသည့် ပြောင်းလဲမှုများ ယူဆောင်လာသည့်နှစ် ဖြစ်သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မွန်ပါတီ သုံးခု ပူးပေါင်းလိုက်ကြသည်။ နှစ်ဆန်းပိုင်းကလည်း ကရင်ပါတီ သုံးခု ပူးပေါင်းမှုကို တွေ့ခဲ့ရသည်။ ချင်းပါတီသုံးခုကလည်း ပူးပေါင်းရန် လာမည့် ရက်အနည်းငယ်အတွင်း လက်မှတ်ထိုးရန် ပြင်ဆင်နေကြသည်။
မွန်၊ ကရင်၊ ချင်းပြည်နယ်တို့တွင် ဖြစ်ပေါ်လာသော ပေါင်းစည်းမှုမျိုးကို ရှမ်းတိုင်းရင်းသား ထိပ်သီးပါတီနှစ်ခု အခြေစိုက်သည့် ရှမ်းပြည်နယ်တွင် တွေ့ရန် အလားအလာ ရှိနေပါပြီလော။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)တို့မှ ထိပ်ပိုင်းခေါင်းဆောင်များကို ဤမေးခွန်း မေးမြန်းရာ ပါတီနှစ်ခု ပူးပေါင်းရန် အဆင်သင့် မဖြစ်သေးဟု ၎င်းတို့က ပြောကြသည်။
ပါတီနှစ်ခု အင်အား
ပါတီတံဆိပ်များကို အစွဲပြုပြီး SNLD ကို ကျားခေါင်းပါတီ၊ SNDP ကို ကျားဖြူပါတီဟုလည်း အများက ခေါ်ဆိုကြသည်။
၁၉၈၈ လူထုလှုပ်ရှားမှုကြီးအပြီး ပေါ်ပေါက်လာသော SNLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရာ ရှမ်းပြည်နယ်အတွင်း မြို့နယ် ၂ဝ ကျော်တွင် အနိုင်ရသည်။ ထိုရွေးကောက်ပွဲရလဒ်ကို တပ်မတော်အစိုးရက လျစ်လျူရှုပြီး ၂ဝ၁ဝ တွင် ရွေးကောက်ပွဲထပ်မံပြုလုပ်ရန် စီစဉ်ရာ ခေါင်းဆောင်များ ထိန်းသိမ်းခံနေရသဖြင့် ပါတီကို ပြန်လည်မှတ်ပုံတင်ခြင်း မပြုခဲ့ပေ။
ထိုအခြေအနေတွင် ပါတီဝင်အများအပြားက SNDP ကျားဖြူပါတီကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရာ လွှတ်တော်သုံးရပ်အတွက် ၅၇ နေရာ အနိုင်ရရှိခဲ့သည်။
နောက်ပိုင်းတွင် ခေါင်းဆောင်များ ပြန်လည်လွတ်မြောက်လာပြီး ကျားခေါင်းပါတီကို ပြန်လည် မှတ်ပုံတင်ရာ ရှမ်းတိုင်းရင်းသားတို့၏ ထောက်ခံမှု ပြန်လည် ရရှိခဲ့သည်။ ကျားဖြူဘက်မှ ပါတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များပင် ကူးပြောင်းလာကြသည်။
တိုင်းရင်းသားလူမျိုးစုဒေသတွင် မဲဆန္ဒရှင် အများအပြားက မျိုးနွယ်စုတူပါတီကိုသာ ထောက်ခံလေ့ ရှိကြသည်။
ဤအခြေအနေကြောင့် ပါတီနှစ်ခု ပူးပေါင်းရေးကို ရှမ်းတိုင်းရင်းသားများထဲတွင် တောင်းဆိုမှု ပေါ်ပေါက်လာသော်လည်း ၂ဝ၁၅ ရွေးကောက်ပွဲတွင် ပါတီနှစ်ခုစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ အောင်မြင်မှုမှာ သိသိသာသာ ကွဲပြားသွားသည်။
SNLD ကျားခေါင်းက မဲဆန္ဒနယ် ၄ဝ အနိုင်ရပြီး SNDP ကျားဖြူက ၁ နေရာ ရခဲ့သည်။
ဖြစ်ပေါ်မလာသည့် ဆွေးနွေးပွဲ
ပါတီနှစ်ခုလုံးသည် ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များနှင့် ရှမ်းတိုင်းရင်းသားတို့ နေထိုင်သော မြို့ကြီးတချို့တွင် ရုံးခွဲများ ဖွင့်ထားကြသည်။
ရွေးကောက်ပွဲအပြီးတွင် ဖြစ်လာနိုင်ခြေရှိသည်ဟူသော ဆွေးနွေးပွဲတို့လည်း ပေါ်မလာတော့ပေ။
ပေါင်းစည်းရေးအတွက် SNDP ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ယခုနှစ်ဆန်းပိုင်းတွင် SNLD သို့ စာပို့ထားသည်ဟု ပြောသည်။
“နှစ်ခါ စာရေးပြီးပြီ။ အခုထိ အကြောင်းမပြန်သေးဘူး။ အကျိုးအကြောင်းမပြန်တော့ မဆွေးနွေးဖြစ်ဘူး” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
“သံဃာတော်တွေရဲ့ သြဝါဒနဲ့ ပြည်သူတွေ လိုလားမှုကြောင့် ပူးပေါင်းချင်တယ်။ ပါတီနှစ်ခု မပေါင်းနိုင်တဲ့အဆုံးမှာ အချင်းချင်း မယှဉ်ပြိုင်ရအောင်၊ နယ်မြေခွဲပြီးတော့ ဝင်ပြိုင်ရအောင်ဆိုပြီးတော့ အဆိုပြုထားတယ်”
SNDP ၏ ကမ်းလှမ်းချက်ကို လက်ခံရရှိထားသည်ဟု SNLD ၏ အထွေထွေ အတွင်းရေးမှူး စိုင်းညွန့်လွင်က ဆိုသည်။
“မူဝါဒတွေ၊ ယုံကြည်ချက်တွေ မတူညီတဲ့အခါ ပေါင်းစည်းဖို့ အခက်အခဲ ဖြစ်တယ်။ အမြင် သဘောထားတွေမှာကို အများကြီး ကွာခြားတယ်။ အမြင် သဘောထားချင်း မတူတော့ ပေါင်းဖို့ ဆွေးနွေးတဲ့ နေရာမှာ အခက်အခဲ ရှိတယ်” ဟု စိုင်းညွန့်လွင်က ပြောသည်။
“နောက်လာမယ့် ရွေးကောက်ပွဲမှာလည်း ပေါင်းဖို့ အစီအစဉ်မရှိသေးဘူး” ဟု စိုင်းညွန့်လွင်က ပြတ်ပြတ်သားသား ပြောသည်။
မတူညီသော မူဝါဒ
ပေါင်းစည်းမှုတိုင်း အဆင်ပြေသွားသည်တော့ မဟုတ်ပေ။
ပြီးခဲ့သည့်နှစ်များအတွင်း ရခိုင်ပြည်နယ်မှ ထိပ်သီး ပါတီကြီးနှစ်ခု အောင်မြင်စွာ ပူးပေါင်းပြီး ရွေးကောက်ပွဲဝင်နိုင်ခဲ့သည်။ ရခိုင်ဒေသခံတို့ များစွာ ကျေနပ်အားရကြသော၊ မြန်မာပြည် နိုင်ငံရေးပါတီများသမိုင်းတွင် ထူးခြားသော ဤပေါင်းစည်းမှုသည် နှစ်အနည်းငယ်သာ ခိုင်မြဲခဲ့သည်ကို တွေ့ရသည်။
ရခိုင်ပြည်နယ်တွင်း နိုင်ငံရေးပါတီများ၏ အခြေအနေ အမျိုးမျိုး ပြောင်းလဲနေချိန်တွင် ရှမ်းပြည်နယ်တွင်မူ ပြောင်းလဲမှုကို မတွေ့မြင်ရပေ။
ရှမ်းပါတီများ ပူးပေါင်းရေးအတွက် အဟန့်အတားဖြစ်နေသည်မှာ မူဝါဒ၊ အမြင်သဘောထားတို့ မတူသောကြောင့် ဖြစ်သည်ဟု ပါတီနှစ်ခုလုံးရှိ ရှမ်းခေါင်းဆောင်တို့က ဆိုကြသည်။ သို့သော်လည်း မည်သည့် အကြောင်းအရာများတွင် အမြင်မတူကြောင်းကိုမူ အသေးစိတ် ပြောဆိုရန် ငြင်းဆိုကြသည်။
သိသိသာသာ ကွဲပြားနေမှုကို ပါတီနှစ်ခု၏ ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်ရေး မူဝါဒတွင် တွေ့ရသည်။
ကျားဖြူပါတီက ၁၄ ပြည်နယ် စနစ်ကို အဆိုပြုထားပြီး ကျားခေါင်းပါတီက ‘တောင်ကြီးမူ’ ဟုခေါ်သည့် ၈ ပြည်နယ်မူကို ပြုပြင်ပြီး ၈ ယူနစ် စနစ်ဖြင့် သွားသင့်သည်ဟု ဆိုသည်။
ကျားဖြူမှ ဦးစိုင်းအိုက်ပေါင်းက “တိုင်းရင်းသားတွေက ကိုယ့်ဒေသ ကိုယ်အုပ်ချုပ်ရမယ်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိမယ်ဆိုရင် တိုင်းပြည်က ဖွံ့ဖြိုး တိုးတက်သွားမယ်။ ပြည်နယ် အရေအတွက်က အဓိက မကျဘူး” ဟု ဆိုသည်။
ကျားခေါင်းမှ စိုင်းညွန့်လွင်က “ကျွန်တော်တို့ပါတီ စဉ်းစားချက်က လက်တွေ့မကျဘူးလို့ ထင်ကောင်း ထင်လိမ့်မယ်။ ဒါက ယုံကြည်ချက်ပဲလေ။ လတ်တလော ရချင်ရ၊ မရရင်နေ၊ ယုံကြည်ချက် ဆိုတာ အကောင်အထည် ဖော်ရမှာပဲ။ လက်တွေ့ကျကျ၊ အရှိကို အရှိအတိုင်းပဲ လုပ်ရမယ်ဆိုရင် ဘာမှ လုပ်စရာကို မလိုဘူးလို့ ယူဆတယ်” ဟု ပြောသည်။
ရှမ်းပါတီ နှစ်ခုစလုံးသည် နိုဝင်ဘာ ၃ တွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး စသည့် နေရာ နှစ်ခုကို ဝင်ပြိုင်မည် ဖြစ်သည်။
ပါတီနှစ်ခု ညှိနှိုင်းရေးကို မျှော်လင့်နေသူ အများအပြား ရှိသကဲ့သို့ ထိုသို့သော ညှိနှိုင်းမှုမျိုး ပေါ်ပေါက်လာမည်မဟုတ်ဟု ယူဆသူများလည်း ရှိနေသည်။
မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးမောင်မောင်စိုးက ရှမ်းပါတီနှစ်ခု၏ ရပ်တည်မှုသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ သီးခြားစီ ရှိနေသည့် အနေအထားနှင့် တူညီသည့် သဘောရှိသည်ဟု ဥပမာပေးပြီး သုံးသပ်ပြသည်။
“ဗမာတွေမှာ USDP နဲ့ NLD ကွဲလို့ ဗမာတွေ ဘာများ နစ်နာသွားပါသလဲ။ နှိုင်းယှဉ် စဉ်းစားနိုင်ပါတယ်။ ပူးပေါင်းနိုင်စရာ အကြောင်းမရှိပါဘူး” ဟု ရှမ်းပြည်နယ်တွင် ကာလကြာရှည်စွာ နေထိုင်ခဲ့ဖူးသည့် ဦးမောင်မောင်စိုးက ပြောလိုက်သည်။