
ဖားကန့် – မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဖားကန့်ဒေသကို ဒေါ်လာဘီလျံချီ တန်ဖိုးရှိသော ကမ္ဘာကျော် ကျောက်စိမ်းများ ထွက်ရာအဖြစ် လူသိများသော်လည်း ယင်းဒေသ၏ ကြီးမားသော မူးယစ်ဆေးဝါး ပြဿနာကိုမူ သိရှိသူနည်းပါးသည်။
ဖားကန့်ဒေသတွင် ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသည့် ပြဿနာမှာ ပိုမိုဆိုးရွား လာနေသည်။ ဖားကန့်တွင် ဘိန်းဖြူ၊ ဘိန်းမည်း၊ ယာဘ အစရှိသော မူးယစ်ဆေးဝါများကို ကုန်စိမ်း ရောင်းဝယ်သကဲ့သို့ပင် လွယ်ကူစွာ ရောင်းဝယ်လျက်ရှိပြီး မူးယစ်ဆေးသုံးစွဲသူများ အနေဖြင့်လည်း အလွန် လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်သည်။ ကျပ် ၂၀၀၀ မျှ ရှိလျှင် ဘိန်းဖြူတစ်ကြိမ် ထိုးရန် လုံလောက်သည်။ မူးယစ်ဆေးဝါးသုံးစွဲသူများအနေဖြင့်လည်း လူသွားလမ်းမ အချို့ပေါ်တွင်ပင် ပေါ်ပေါ်တင်တင် သုံးစွဲလျက်ရှိသည်ကို တွေ့မြင်ရသည်။

ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် မူးယစ်ဆေးဝါးသုံးစွဲမူနှင့် ဆက်စပ်သည့် ဒုစရိုက်မှုများ၊ ခိုးဆိုးလုယက်မှုများလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုဖြစ်ပွားလျက်ရှိသည်။ အုပ်ချုပ်ရေးအဖွဲ့များ အနေဖြင့် ဖားကန့်ဒေသ မူးယစ်ဆေးပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်မဖြေရှင်းနိုင်ကြပေ။
ထိုသို့ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသည့် မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းနိုင်ရန် လွန်ခဲ့သော သုံးနှစ်ခန့်က ကချင်လူထု အခြေပြု မူးယစ်ဆေးဝါးများ တိုက်ဖျက်ရေးအဖွဲ့ကို ဒေသခံများက ဖားကန့်ဒေသတွင် စတင်ဖွဲ့စည်းခဲ့သည်။ အဆိုပါလူထုအခြေပြုအဖွဲ့များက မူးယစ်ဆေးသုံးစွဲသူများနှင့် ရောင်းဝယ်ဖောက်ကားသူများကို နှိမ်နင်းရန် ကြိုးစားခဲ့ကြသည်။

အဆိုပါ မူးယစ်ဆေးတိုက်ဖျက်ရေး အဖွဲ့များကို ကချင် ဘာသာစကားအရ Pat Jasan (ပတ်ဂျာဆန်) ဟု ခေါ်ဆိုကြပြီး အဖွဲ့ဝင် အများစုမှာ ဒေသတွင်းရှိ ဘာသာရေးအဖွဲ့အစည်းများ၊ ဘုရားကျောင်း များမှ လူငယ်များဖြစ်ကြသည်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှ ဖားကန့် ကျောက်စိမ်းမှော် ဒေသသို့ လာရောက်လုပ်ကိုင်နေသော ကျောက်တူးသမား များလည်း အဆိုပါ ပတ်ဂျာဆန် အဖွဲ့တွင် လုပ်အားပေးအဖြစ် ပါဝင်ကြသည်။ Pat Jasan အဖွဲ့များ ဖွဲ့စည်းပြီး လူထုအခြေပြု မူးယစ်တိုက်ဖျက်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ရာ ထိရောက်ခဲ့သည်။
“လူထုက မူးယစ်ဆေးဝါးတိုက်ဖျက်တာကို ထောက်ခံတာ အရမ်းများပါတယ်” ဟု မြစ်ကြီးနား မြို့နယ် လူထု အခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတန်ဂွန်းက ပြောသည်။

မူးယစ်ဆေးတိုက်ဖျက်တာကို မကြိုက်သူများ
အဆိုပါလှုပ်ရှားမှုများက ဒေသခံအာဏာပိုင်များ၏ မူးယစ်တိုက်ဖျက်ရေးလုပ်ဆောင်မှု အားနည်းချက်အပေါ် မီးမောင်းထိုးသတိပေးသကဲ့သို့ ဖြစ်ခဲ့ပြီး ဒေသခံ အာဏာပိုင်အဖွဲ့အစည်းများက ထိုလှုပ်ရှားမှုအပေါ် သဘောမတွေ့ကြပေ။
“တချို့ကျတော့လည်း မကြိုက်ကြပါဘူး။ သူတို့ကတော့ အာဏာပိုင်လူတွေလည်းဟုတ်။ မူးယစ်ဆေးဝါးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေ။ တချို့ အာဏာပိုင်တွေကျတော့ အဲ့သည်က အကျိုးအမြတ်တွေ ခံစားနေရသူတွေ ဆိုတော့ ဘယ်သူပဲ ဒီမူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်လုပ် သူတို့ကတော့ သဘောတွေ့မှာမဟုတ်ဘူးလို့ မြင်တယ်” ဟု ဦးတန်ဂွန်းက ဆက်လက်ပြောကြားသည်။

ဒေသအာဏာပိုင်များအနေဖြင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ (Pat Jasan) လှုပ်ရှားမှုများအပေါ် အားပေးကူညီမှုမရှိကြောင်း ဖားကန့်ဒေသ ကထန်ကျောက်စိမ်းမှော် ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတာဝန်ခံ ကိုနော်ပါ က ပြောသည်။
“ကျွန်တော်တို့ကို မကူညီကြဘူး၊ ကျွန်တော်တို့ ဒီအလုပ် (မူးယစ်ဆေးဝါးတိုက်ဖျက်ရေး) လုပ်တာကို မကြိုက်ကြဘူး” ဟု ကိုနော်ပါ က ပြောသည်။
ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် ကချင်လက်နက်ကိုင်အဖွဲ့(KIA) အဖွဲ့လည်း လှုပ်ရှားနေပြီး တစ်ခါတစ်ရံတွင် တပ်မတော်နှင့် KIA ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းများလည်း ရှိသည်။

“အိမ်တွေမှာ လိုက်ဖမ်းရင် ဆေးအများကြီးမိတယ်၊ ဆေးရောင်းသူတွေနဲ့ သုံးသူတွေကို သက်သေအထောက်အထားတွေနဲ့ အစိုးရအာဏာပိုင်မှာ သွားအပ်တယ်၊ ပတ်ဂျာဆန်တွေက တရားဝင်အဖွဲ့အစည်းမဟုတ်ဘူးဆိုပြီး ၂၀၁၆ ကစပြီး ဘယ်ရဲစခန်းကမှ လက်မခံတော့ဘူး” ဟု ၎င်းက ဆက်ပြောပြသည်။
ဖားကန့်ဒေသတွင် တရားဥပဒေစိုးမိုးမှု အားနည်းသည်။ ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့၏ လှုပ်ရှားမှုများ ပိုမိုကျယ်ပြန့်လာချိန်တွင် အစိုးရအာဏာပိုင်များက ပတ်ဂျာဆန်သည် တရားဝင် အဖွဲ့အစည်းမဟုတ်ဟု အကြောင်းပြကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ ရပ်တန့်ရန် ဖိအားပေးခြင်းများ ရှိလာသည်။ ထို့အတွက် ၂၀၁၇ ခုနှစ်နောက်ပိုင်းတွင် ပတ်ဂျာဆန်အဖွဲ့၏ မူးယစ်ဆေးဝါးတိုက်ဖျက်မှုများ အရှိန်လျော့ကျခဲ့သည်။

“အဖွဲ့ဝင်တချို့ဆိုရင် မူးယစ်ဆေးဝါး ရောင်းတဲ့သူတွေရဲ့ ဓားခုတ်ခံရတာတွေ ကြုံခဲ့ရတယ်။ တစ်ခါတစ်ရံ မူးယစ်ဆေးသုံးစွဲတဲ့ ရဲအချို့ကို ဖမ်းမိတာမျိုးလည်း ရှိတယ်။
အစိုးရအာဏာပိုင်တွေ ကတော့ ဖိအားပေးတယ်။ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ခေါင်းဆောင်ပိုင်းတွေကိုလည်း ခေါ်ပြီး ဖိအားပေးတာတွေ ရှိနေပါတယ်။ အဲဒါတွေကြောင့် အရင်ကလို လွတ်လွတ်လပ်လပ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတော့ လုပ်လို့ မရကြတော့ပါဘူး” ဟု ကထန်မှော် ကချင်လူထု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တာဝန်ခံ ကိုနော်ပါ က ပြောသည်။
“မူးယစ်သုံးစွဲတဲ့သူတွေ ပိုများလာပြီး ခိုးမှုတွေလည်း အရင်ကထက် များလာတယ်။ ရွာမှာဆို တစ်ညကို ဆိုင်ကယ် အနည်းဆုံး နှစ်စီးလောက် ပျောက်တယ်။ မူးယစ်ဆေးဝါးရောင်းတဲ့ ဒိုင်တွေလည်း ရွာတွေနဲ့ နီးနီးကပ်ကပ် ရောင်းဝယ်လာတာတွေရှိလာတယ်” ဟု ကိုနော်ပါက ဆက်ပြောသည်။

ပတ်ဂျာဆန်အဖွဲ့၏ မူးယစ်တိုက်ဖျက်ရေးလှုပ်ရှားမှုများ အရှိန်လျော့သွားသလို ဖားကန့်ဒေသတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ ပိုမိုများပြားလာသည်ဟု ၎င်းကဆိုသည်။
“ဒီနှစ်အစောပိုင်းက ကျွန်တော် ရေမဆေးကျောက်သွားဝယ်တဲ့ ဆန်ခါသွားတဲ့လမ်း ဆီပန့်လမ်းကြားမှာဆိုရင် ကျောက်စိမ်း ကုမ္ပဏီရဲ့အစောင့်က ရဲတွေ ရှေ့မှာ ဘိန်းထိုးနေရင်တောင် ရဲက မဖမ်းဘူး။ အဲ့ဒီမှာဆို ရာနဲ့ချီ တဲ့ ဆေးထိုးတဲ့ သူတွေရှိတယ်၊ ကျွန်တော့်အထင် အစိုးရက ကျွန်တော်တို့ ပြည်သူလူထုကို ဖြစ်ချင်ရာဖြစ်ဆိုပြီး သူတို့နဲ့မဆိုင်ဘူးဆိုပြီး ပစ်ထားတယ်လို့ခံစားရတယ် ” ဟု ၎င်းက ဆက်ပြောသည်။
ဖားကန့်ဒေသ ဆိုင်းတောင်မြို့ပေါ်ရှိ လမ်းကြားအချို့တွင်လည်း မူးယစ်သုံးစွဲသူများကို ဆေးထိုးအပ် တန်းလန်းဖြင့်ပင် မြင်တွေ့နိုင်သည်။ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲနေသူများကို နေ့ည အချိန်မရွေး မြင်တွေ့နိုင်ပြီး ဆိုင်းတောင်မြို့ပေါ်တွင် အချို့နေရာများတွင် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၊ သုံးစွဲသူများ၊ စားသောက်ဆိုင်များဖြင့် ပွဲတော်ကြီးကဲ့သို့ စည်ကားနေ သည်ကိုလည်း တွေ့ရသည်။ တစ်ခါတစ်ရံတွင် မူးယစ်ဆေးဝါးသုံးစွဲနေသည့် ကျောင်းသားကျောင်းသူအချို့ကိုပါ တွေ့ရတတ်သည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်ဒေသရှိ ကထန်၊ မာဆာ၊ ဆွတ်အောင်၊ ကဋေ၊ တောမှော် အစရှိသည့် ကျေးရွာများတွင်လည်း မူးယစ်ဆေးဝါများ အလွယ်တကူ ရောင်းဝယ်သုံးစွဲလျက်ရှိသည်။
အနယ်နယ်ကရောက်လာသူတွေ ဆေးစွဲကြသည့်နေရာ
ဖားကန့်ဒေသရှိ မူးယစ်ဆေးဝါးသုံးစွဲသူ အများစုမှာ ကချင်လူငယ်များသာမက မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်မှ ဖားကန့်ဒေသသို့ လာရောက်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သားများ၊ ကျောက်တူး အလုပ်သမားများလည်း ပါဝင်သည်။
အသက် ၂၀ အရွယ် ကချင်တိုင်းရင်းသား မောင်ဆွတ်ဒန်ဘောက်သည် ကျောက်တူးလုပ်သားအဖြစ် လုပ်ကိုင်နေရာမှ လက်တစ်ကမ်းတွင် အလွယ်တကူရရှိနေသည့် မူးယစ်ဆေးဝါးကို သုံးစွဲခဲ့ရာ မူးယစ်နွံအတွင်းမှ ရုန်းမထွက်နိုင်ဖြစ်ခဲ့ရသည်။

“ကျောက်စိမ်းလာတူးတာ တစ်နှစ်တောင် မပြည့်သေးဘူး။ ဆေးစသုံးဖြစ်တယ်။ သူငယ်ချင်းကို ဆေး(ဘိန်းဖြူ) သုံးတာ လိုက်ပို့ရင်း သူတို့က သုံးဖို့ပြောတယ်။ ဒါသုံးရင် မိုးပေါ်ပျံနေတဲ့ အတိုင်း ခံစားရတယ်။ ပိုက်ဆံရှိရင်ရှိသလို ထိုးတယ်။ တစ်နေ့ကို အများဆုံး ခြောက်ခါလောက်ထိုးတယ်။ ပိုက်ဆံမရှိရင်တော့ (ကျပ်)၁၀၀၀ ဖိုးလောက်ပဲ ထိုးဖြစ်တယ်”ဟု လက်ရှိတွင် မူးယစ်ဆေးဖြတ်စခန်းသို့ ရောက်ရှိနေသည့် မောင်ဆွတ်ဒန်ဘောက် က ပြောသည်။
လွန်ခဲ့သည့်တစ်လခန့်က ပတ်ဂျာဆန် အဖွဲ့ဝင်တစ်ဦးသည် မူးယစ်ဆေးစွဲနေသည့် မောင်ဆွတ်ဒန်ဘောက်ကို တွေရှိခဲ့ရာမှ ဆေးဖြတ်စခန်းသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

“ကထန်မှော် မှာ ကျွန်တော်တို့ ရေပေးဝေတာကနေ ပိုက်ဆံရှာတယ်၊ ပြီးတော့ မူးယစ်တိုက်ဖျက်ရင်း ဆေးသမားတွေ ဖမ်းမိရင် ဆေးနည်းတဲ့ (ဘိန်းဖြူ၊ ယာဘသုံးစွဲသူ) သူတွေကို တရားဟော ပြီး သူတို့ဆီက ဆေးတွေကို သူတို့ကိုယ်တိုင် ဖျက်ဆီးခိုင်းပြီး အဲဒီ နေရာမှာပဲ လွှတ်ပေးတယ်။ ဆေးများတဲ့လူတွေကိုကျတော့ ရုံးခေါ်လာပြီး မိဘအုပ်ထိန်းသူကို ပြန်အပ်တယ်။ တချို့ကိုတော့ ဆေးဖြတ်ချင်လား ဒါမှမဟုတ် အိမ်ပြန်ချင်လား မေးတယ်။ သူတို့က ဆေးဖြတ်ချင်တယ် ဒါပေမယ့် ပိုက်ဆံမရှိဘူးဆိုရင် ရေပေးဝေလို့ရတဲ့ပိုက်ဆံနဲ့စိုက်ပြီး သူတို့ကို ဆေးဖြတ်စခန်းပို့ပေးပါတယ်” ဟု ကထန်မှော် တာဝန်ခံ ကို နော်ပါ က ပြောသည်။
ကချင်လူထု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ လှုပ်ရှားမှုကြောင့် မူးယစ်ဆေးသုံးစွဲသူနှင့် ရောင်းဝယ်ဖောက်ကားသူအချို့သည် ကျေးရွာ၊ ရပ်ကွက်များနှင့်ဝေးရာသို့ ပြောင်းရွှေ့ ကြရသည်။

ဖားကန့်ဒေသတွင် မူးယစ်ဆေးဖြတ်စခန်း လေးခုရှိသည်။ ယခုနှစ်တွင် ဆေးဖြတ်စခန်း၌ မူးယစ်ဆေးဝါး ဖြတ်သူယခင်နှစ်များထက် သိသာစွာ များပြားလာသည်ဟု ‘ဥရိုထွယ်ဆန်’ ဆေးဖြတ်စခန်းတာဝန်ခံ ဦးဘောမ်ဇုမ်းက ပြောပြသည်။
“၂၀၁၇ မှာ ဆိုရင် ဆေးဖြတ်သူ အသက် ၃၀ ကနေ ၆၀ အတွင်းများတယ်။ ၂၀၁၈ မှာကျတော့ အသက် ၁၈ နှစ် ကနေ ၂၅ နှစ် အတွင်းများတယ်။ အသက်ငယ်တဲ့သူတွေများလာတယ်။ ဒီဆေးဖြတ်စခန်း သက်တမ်းတစ်လျှောက်မှာ ကြည့်မယ် ဆိုရင် ဒီနှစ်က အများဆုံးဖြစ်တယ်” ဟု ဦးဘောမ်ဇုမ်းက ပြောပြသည်။
“ကျွန်တော်တို အားလုံးသိတဲ့အတိုင်းပဲ မူးယစ်ဆေးဝါးက များလာဖို့ပဲရှိတယ်။ တစ်နည်းအားဖြင့် ကျွန်တော်တို့ကို စစ်အေး တိုက်တာလို့ ပြောလို့ရတယ်၊ လူကြီးတွေ မသိဘူးဆိုတာ မဖြစ်နိုင်ဘူး၊ သိတယ်ဆိုပေမယ့် သူတို့အားလုံးက ပါတနာတွေ ဖြစ်နေတယ် ဆိုတော့သေသေချာချာ အရေးယူလို့မရတော့ဘူးပေါ့၊ ပြောမယ်ဆို အုပ်ချုပ်တဲ့လူကြီးတွေလိုတာပေါ့” ဟု ၎င်းကဆက်ပြောသည်။

“အခု အစိုးရက ကျွန်တော်တို့ကို ဘာလုံခြုံမှုမှ မပေးနိုင်ဘူး။ အစိုးရအမြဲ ကြေညာနေတဲ့ ရပ်ရွာအေးချမ်းသာယာရေးနဲ့ တရားဥပဒေစိုးမိုးရေး ဆိုတာ အဲဒီမူးယစ်ဆေးဝါး ပြဿနာ ရှိနေရင် အခု ကျွန်တော်တို့ဘယ်မှာအေးချမ်းမလဲ။ ဘယ်မှာတရားဥပဒေစိုးမိုးမှုရှိမှာလဲ” ဟု အမည်မဖော်လိုသည့် ကချင်လူထုမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ဝင် ဟောင်းတစ်ဦးက ပြောသည်။
“မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်တာကို မကြိုက်တဲ့ လူတွေ အစိုးရထဲမှာရှိနေသမျှ ဒီမူးယစ်ဆေး တိုက်ဖျက်ရေး ဘယ်တော့မှ အောင်မြင်အောင် လုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး ” ဟု မြစ်ကြီးနားမြို.နယ် လူထုမူးယစ်ဆေးဝါးစိုက်ဖျက်ရေး အတွင်းရေးမှူး ဦးတန်ဂွန်းက ပြောသည်။