
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာသားများ ၂ နှစ်ခန့် သောင်တင်နေရသည့် စစ်ဘေးရှောင်စခန်းများမှ ထွက်ခွာလိုသော်လည်း စစ်ကောင်စီ၏ လျစ်လျူရှုမှုကြောင့် နေရပ်ပြန်ရန် အခက်တွေ့နေသည်။
ဇူလိုင်လမှစ၍ နေရပ်ပြန်နိုင်ရေး ကြိုးပမ်းခဲ့ကြပြီး အောက်တိုဘာလအတွင်း ပြည်နယ်အဆင့်၊ နိုဝင်ဘာလအတွင်း နေပြည်တော်အဆင့်ထိ စာပေးပို့ တောင်းဆိုခဲ့ကြသော်လည်း လက်ရှိအချိန်အထိ ထူးခြားမှုမရှိသေးဟု တင်းမဆရာတော် ဦးဝါယာမိန္ဒက မိန့်သည်။
“အောက်တိုဘာလ ၂၅ ရက်နေ့က (ထွေအုပ်ရုံးကို) ရွာသူ၊ ရွာသား ၁၀၀ လောက်နဲ့သွားပြီး ရွာမှာ နေဖို့ထိုင်ဖို့ရအောင် ချုံနွယ်တွေ ရှင်းလင်းဖို့သွားမယ်ဆိုပြီး တောင်းဆိုကြတယ်။ ပြည်နယ်ကိုလည်း တောင်းဆိုခဲ့တာတွေလည်း အများကြီးရှိခဲ့တယ်။ ဒါပေမဲ့ ခွင့်ပြုချက်မရခဲ့ဘူး။ မပြန်ရဘူး” ဟု ဆရာတော်က ဆက်လက်မိန့်သည်။
ရွာသူရွာသားအများစုက ကိုယ်ထူကိုယ်ထဖြင့် နေရပ်ပြန်ရန် ဆုံးဖြတ်ထားသော်လည်း ရွာအနီး တပ်စွဲထားသည့် စစ်တပ်ဖယ်ရှားပေးရန်၊ မြေမြှုပ်မိုင်းရှင်းပေးရန် တောင်းဆိုထားသည်။
ဇူလိုင် ၂၄ တွင် အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဗိုလ်မှူးတစ်ဦးနှင့် တင်းမရွာသူ၊ ရွာသားများ ကျောက်တော်မြို့ထွေအုပ်ရုံး၌ တွေ့ဆုံကြရာ အောက်တိုဘာလတွင် နေရပ်ပြန်နိုင်ရန် စီစဉ်ပေးမည်ဟု ကတိပေးခဲ့သော်လည်း အကောင်အထည်မပေါ်သေးဟု ဒေသခံများထံမှ သိရသည်။
“ကိုယ့်ရွာကိုယ် ပြန်ချင်တယ်။ အိမ်ပြန်ချင်တဲ့စိတ်က ရင်ထဲမှာ မခံစားနိုင်တော့ဘူး။ အခုက အနေအထိုင်ကျပ်တည်းတယ်”ဟု တင်းမဒေသခံ ဒေါ်ခင်ခင်သန်းက ပြောသည်။

ကျောက်တော်မြို့နှင့် ၁၃ မိုင်ခန့်ဝေးကွာသော တင်းမကျေးရွာတွင် ၂၀၂၀ အတွင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရွာအနီးရှိ တောင်ရှည်တောင်တွင် စစ်တပ်က လက်ရှိအချိန်ထိ တပ်စွဲထားသည်။
ရွာသူရွာသားများသည် မိမိရပ်ရွာသို့ သွားရောက်လျှင် ထိုစစ်တပ်နှင့် တွေ့ကာ ဟန့်တားခံရတတ်ကြောင်း၊ ဌာနဆိုင်ရာခွင့်ပြုချက်ပါမှ လာရောက်ခွင့်ပြုမည်ဟု တပ်စွဲထားသည့် စစ်တပ်က ပြောထားကြောင်း ဒေသခံများက ဆိုသည်။
“ထွေအုပ်ကလည်း ခွင့်ပြုမပေးဘူး။ ဒီက သွားမယ်ဆိုရင်လည်း ကိုယ်တစ်ယောက်တည်း သွားလို့ရတာမျိုး မဟုတ်ဘူး။ ဌာနဆိုင်ရာတွေကို စာတင်ပေမဲ့ သွားခွင့်မပေးဘူး”ဟု တင်းမဒေသခံ ဒေါ်မြဝင်းကြည်က ပြောသည်။
“ခွင့်ပြုချက်မဲ့သွားရင်လည်း တစ်စုံတစ်ခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ စစ်တပ်က မရှိရင်တော့ ပြဿနာမရှိဘူး။ အခုက ရွာမှာလည်း စစ်တပ်ရှိတယ်လေ။ အဲဒါကြောင့် မသွားရဲဘူး”
စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့သည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာပထမပတ်မှစ၍ နားလည်မှုဖြင့် အပစ်ရပ်ထားသည်။
တိုက်ပွဲရပ်တန့်နေသည်မှာ ကြာမြင့်နေသော်လည်း စစ်ဘေးရှောင်စခန်းတွင်သာ ခိုလှုံနေရသေးသောကြောင့် နေထိုင်စားသောက်ရေး ခက်ခဲကာ စိတ်ထိခိုက်ရသည်ဟု ဒေါ်မြဝင်းကြည်က ဆိုကြသည်။
“ကိုယ့်ရွာမှာ နေသလိုမဟုတ်ဘူး။ အခုက လုပ်ဖို့အလုပ်လည်းမရှိ။ ဒါပေမဲ့ ထိုက၊ ဒီက ပေးတာကို အားမရလို့ ပြောတာ မဟုတ်ဘူး။ ကိုယ်လုပ်ကိုင်စားသောက်ရသလို မဟုတ်ဘူး။ သူတို့ ထောက်ပံ့ပေးတာနဲ့ မလုံလောက်ဘူး” ဟု ဒေါ်မြဝင်းကြည်က ဆက်လက်ပြောသည်။
“ကိုယ့်ရွာမှာဆိုရင် ကိုယ်တတ်ကျွမ်းရာ လုပ်စားလို့ရတယ်။ အဲဒီမှာဆိုရင် ဟင်းခင်း ဥယျာဉ်လုပ်စားလို့ အများကြီးမရပေမဲ့ ကိုယ့်ဟာနဲ့ကိုယ် လည်ပတ်နေတယ်။ အခုဆိုရင် ဝင်ငွေလည်း မရှိတော့ ထောက်ပံ့ကြေးပေးမှာကို မျှော်နေရတဲ့အဆင့် ဖြစ်နေပါပြီ”
တင်းမကျေးရွာ အိမ်ခြေ ၆၀၀ ခန့် တွင် လူဦးရေ ၄၀၀၀ နီးပါး နေထိုင်ခဲ့ကြပြီး ၂၀၂၀ မတ်လအတွင်း စစ်တပ်၏ မီးရှို့မှုကြောင့် အိမ်ခြေ ၁၄၀ ကျော် မီးလောင်ဆုံးရှုံးသွားသည်။
ထို့ပြင် ယင်းနှစ် မတ်လအတွင်း စစ်တပ်က ဖမ်းသွားသော တင်းမရွာသား ၁၈ ဦး လုံးဝပျောက်ဆုံးနေဆဲ ဖြစ်သည်။
ရွာသားတို့ နေရပ်ပြန်ရေး ပြောဆိုချက်နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို မေးမြန်းရန် ကြိုးစားသော်လည်း ဖုန်းအဆက်အသွယ် မရခဲ့ပေ။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)