သတင်း

ကျောက်တော်မြို့ဗုံးကြဲခံရပြီး ရဟန်းတစ်ပါးနှင့် အရပ်သားများ ထိခိုက်သေဆုံး

AA သိမ်းထားသည့် ကျောက်တော်မြို့ကို လေတပ်က ၂ ကြိမ် တိုက်ခိုက်ရာ ၅ ဦးသေဆုံးပြီး အမျိုးသမီး ၄ ဦး ဒဏ်ရာအပြင်းအထန် ရသွားသည်၊ စစ်ကောင်စီကမူ ၎င်းတို့မတိုက်ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာကို ယမန်နေ့(မေ ၆) နံနက်တွင် စစ်ကောင်စီ လေတပ်က ဗုံးကြဲသဖြင့် ရဟန်းတစ်ပါးအပါအဝင် ငါးဦးသေဆုံးကာ လေးဦးဒဏ်ရာရသွားသည်ဟု သိရသည်။

မြို့မြောက်ဘက် ၆ မိုင်အကွာရှိ ထိုရွာကို နံနက် ၈ နာရီခွဲ၊ ၉ နာရီခွဲတို့တွင် လာရောက်တိုက်ခိုက်သဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်တချို့ ဗုံးထိသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

အရှင်ဇာဂရ (သက်တော် ၆၀) ပျံလွန်သွားသည်၊ တစ်အိမ်တည်းနေမိသားစုဝင်များ ဖြစ်ကြသည့် ဒေါ်မဒွေး (၈၉ နှစ်)၊ ဒေါ်မစံဖြူ (၇၀ နှစ်) ဦးနီထွန်းဦး (၇၅ နှစ်)၊ ဦးမောင်ဟန် (၃၉ နှစ်) တို့ သေဆုံးသည်။

ဒဏ်ရာပြင်းထန်စွာရရှိသွားသူတို့မှာ အသက် ၃၀ မှ ၅၀ ကြား အမျိုးသမီး ၄ ဦး ဖြစ်ပြီး ၎င်းတို့ထဲမှ ၁ ဦး သတိမေ့နေသည်ဟု အထက်ပါ ဒေသခံက ပြောသည်။

“ဗုံးကြဲတာကို ကျွန်တော်မြင်တယ်။ ပထမအစီးကတော့ အမည်းရောင်ပါ။ နောက်ဆုံးအစီးကိုတော့ လာသံကြားတာနဲ့ ထွက်မကြည့်ရဲတော့ဘူး။ ပထမအစီးကျတော့ ဗုံးချတာကိုလည်း မြင်ရတယ်” ဟု ၎င်းက ဆိုသည်။

ညနေ ၃ နာရီခွဲခန့်တွင် အလောင်းများကို သင်္ဂြိုဟ်ရန် ပြင်ဆင်နေစဉ် လေယာဥ်နှစ်စီး ရွာပတ်ဝန်းကျင်သို့ ရောက်ရှိလာသေးသဖြင့် ထိတ်လန့်ခဲ့ရသည်ဟု ဆိုသည်။

စစ်ကောင်စီကမူ ထိုရွာကို မတိုက်ခိုက်ခဲ့ကြောင်း နေ့တွင်းချင်း သတင်းထုတ်ပြန်ထားသည်။

“လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်း မရှိကြောင်း လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇန်နဝါရီလကလည်း ထိုရွာကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် အမျိုးသမီး ၁ ဦးသေဆုံးသည်၊ ဒဏ်ရာရသူ ၁၀ ဦးကျော် ရှိသည်ဟု အထက်ပါ ဒေသခံက ပြောသည်။

“ကျွန်တော်တို့ရွာမှာ ဘာမှဖြစ်တာလည်း မဟုတ်ဘူး။ အကြောင်းမဲ့လာပစ်တာ။ အရင်တုန်းက တိုက်ပွဲဖြစ်ခဲ့တဲ့နေရာတွေနဲ့ဆိုလည်း ကျွန်တော်တို့ရွာနဲ့ အလွန့်အလွန်ဝေးပါတယ်” ဟု ၎င်းက ဆိုသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ် ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ အမ်း၊ မောင်တော၊ သံတွဲရှိ စစ်စခန်းများကို ဆက်လက်တိုက်ခိုက်နေသည်။

အခြေစိုက်စစ်စခန်းများကသာမက လေတပ်၊ ရေတပ်တို့ကပါ AA သိမ်းထားသော မြို့ကြီးများနှင့် ကျေးရွာများကို အကြိမ်ရေ ရာချီ ပစ်ခတ်တိုက်ခိုက်နေသည်။

ဧပြီလဆန်းက ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့ကို လေတပ်၊ ကြည်းတပ်တို့က တိုက်ခိုက်သောကြောင့် နှစ်ရက်အတွင်း အရပ်သား ၆ ဦးသေဆုံး၊ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့အခြေစိုက် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) မှ ဒုတပ်မမှူး အပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ ယခုလ ၄ ရက်နေ့တွင် လက်နက်ချအညံ့ခံခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

AA ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်အရ လက်နက်ချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ၊ စစ်သည်နှင့် မိသားစုဝင်အရေအတွက် ရာနှင့်ချီရှိသည်ကို တွေ့ရသည်။

ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီလက်ကျန်စခန်းအားလုံးကိုလည်း တစ်ခုမကျန် ဆက်လက် ချေမှုန်းတိုက်ခိုက်သွားမည်ဟု AA က ဆိုသည်။

ဘူးသီးတောင်မြို့နယ်တွင် (စကခ ၁၅) လက်အောက်ခံ ခြေမြန်နှင့် ခြေလျင် ၁၁ ရင်း အခြေစိုက်ထားပြီး အမြောက်တပ် ၃၇၈ နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့် (၈) တို့လည်း ရှိနေသည်။ ထိုတပ်ရင်းများထဲမှ ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တို့ကို AA က သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button