သတင်း

ရခိုင်တွင် လေတပ်၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၆ ဦး သေဆုံး

ရခိုင်စစ်မြေပြင်တွင် စစ်ကောင်စီလေတပ်က AA သိမ်းထားသည့် မြို့ရွာများမှ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထားကာ တိုက်ခိုက် ဖျက်ဆီးနေသည်ဟု ဒေသခံတို့က ဆိုသည်။

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားသည့် ပေါက်တော၊ မင်းပြားနှင့် မြေပုံမြို့နယ်တို့ကို စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် နှစ်ရက်အတွင်း အရပ်သား ၆ ဦးသေဆုံးကာ ၁၅ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

ယနေ့ (ဧပြီ ၃) နံနက် ၄ နာရီခန့်က မင်းပြားမြို့နယ်၊ မြစ်နားကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲသဖြင့် ဒေသခံ ၃ ဦး သေဆုံးကာ ၈ ဦးခန့် ဒဏ်ရာပြင်းထန်စွာရရှိသွားကြောင်း အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူများမှာ အသက် ၂၆ အရွယ် ကျန်းမာရေးဝန်ထမ်း ဒေါ်ဆွေဆွေထွန်း၊ အသက် ၄၈ နှစ်အရွယ် ဒေါ်ဦးကြည်မေနှင့် သမီးဖြစ်သူ အသက် ၂၃ နှစ်အရွယ် မသိန်းဦးစိုးတို့ ပွဲချင်းပြီး သေဆုံးကာ ခန္ဓာကိုယ်များ ပြတ်တောက်လွင့်စဉ်ခဲ့ကြောင်း သိရသည်။

“သေသွားတဲ့အမေက ခန္ဓာကိုယ် လုံးဝပိုင်းထွက်သွားတယ်။ နောက်သမီးတစ်ယောက်ကတော့ အရေလွှာ တစ်ဖဲ့ နှစ်ဖဲ့လောက်ပဲ ရတယ်။ ကျန်တာဘာမှမတွေ့။ နောက်…ကျန်းမာရေးဝန်ထမ်းမိန်းကလေးကတော့ ဒဏ်ရာ ဘယ်နားမှာရလဲ ကျွန်တော် မမေးဖြစ်ခဲ့ဘူး။ ပွဲချင်းပြီးမဟုတ်….ဆေးရုံဆေးခန်းရောက်မှ သေသွားတာ” ဟု ၎င်းက ဆိုသည်။

ဒဏ်ရာရရှိသူတို့မှာ အသက် ၅၀ အရွယ် ဦးမောင်အောင်မြင့်နှင့် ၂ နှစ်အရွယ် မြေးဖြစ်သူ မောင်အောင်မျိုးခိုင်၊ ၂၄ နှစ်အရွယ် မသန်းသန်းဆွေ အပါအဝင် ၈ ဦးဖြစ်ပြီး ပြင်းထန်စွာဒဏ်ရာရရှိသွားသဖြင့် အရေးပေါ်ဆေးကုသမှုခံယူနေရသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသည်။

“စစ်မက်ထူထပ်တဲ့နေရာလည်းမဟုတ်ဘဲနဲ့ အလွတ်သဘော လာကြဲတာကိုတော့ နိုင်ငံတကာအနေနဲ့ရော အသိရှိတဲ့အသိပညာရှင်တွေအနေနဲ့ရော ဝိုင်းရံပြီးတော့ ထိန်းထိန်းသိမ်းသိမ်းလုပ်ဖို့ ရပ်တည်စေချင်ပါတယ်” ဟု ထိုသူက ဆိုသည်။

ဒဏ်ရာရရှိသွားသည့် မင်းပြားမြို့နယ်၊ မြစ်နားရွာမှ ကလေးငယ်တစ်ဦး။ (ဓာတ်ပုံ-APM)

အလားတူ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကိုလည်း ယမန်နေ့ (ဧပြီ ၂) ညနေ ၅ နာရီကျော်က လေကြောင်းဖြင့် ဗုံးကြဲမှုကြောင့် ၃ ဦးသေကာ တစ်ဦးဒဏ်ရာရရှိသွားသည်ဟု ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

“ဗုံးနှစ်ကြိမ် လာကြဲတယ်။ သုံးယောက်သေတယ်။ တစ်ယောက် ဒဏ်ရာရတယ်။ လူနာအခြေအနေကတော့ အရိုးကျိုးသွားတယ်ပြောတယ်။ ပေါင်ကို (လက်နက်အစ) ကျတယ်၊ ခေါင်းကို ကျတယ်” ဟု ၎င်းက ဆိုသည်။

အသက် ၆၄ နှစ်အရွယ် ဦးထွန်းကြည်၊ ၂၁ အရွယ် ကိုစည်သူမျိုးအောင်နှင့် ၄၁ နှစ်အရွယ် ဦးမြင့်ရွှေတို့ သေဆုံးသွားပြီး ၅၀ အရွယ် ဦးအဖြူဦးဆိုသူလည်း ဒဏ်ရာရရှိသွားသည်။

ကမ်းထောင်းကြီးမြို့သည် ယခုရက်ပိုင်းအတွင်း မကြာခဏ ဗုံးကြဲခံရ၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံနေရပြီး သေဆုံး၊ ဒဏ်ရာရရှိမှုများရှိနေရာ ဒေသခံအများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

“မြို့မှာလည်း လူမကျန်တော့ဘူး။ တမင်တကာ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေတာ။ ပြည်သူတစ်ယောက်အနေနဲ့တော့ မဖြစ်စေချင်ဘူး။ တိုက်ပွဲရှိရင် တိုက်ပွဲရှိတဲ့နေရာကို ပစ်စေချင်တယ်။ ဒီမှာ တိုက်ပွဲရှိတာလည်းမဟုတ်၊ တပ်တော် (AA) က တပ်စွဲထားတာလည်းမဟုတ်” ဟု အထက်ပါ အမျိုးသားက ဆက်ပြောသည်။

ပြီးခဲ့သည့် မတ် ၂၄ ရက် နံနက် ၄ နာရီကျော်ခန့်ကလည်း ကမ်းထောင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံ ဗုံးကြဲခံရပြီး အသက် ၄၀ အရွယ် ဆေးရုံသန့်ရှင်းရေးဝန်ထမ်း အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။

ယမန်နေ့တစ်ရက်တည်းမှာပင် ပေါက်တောမြို့နယ်၊ မော်ဒုတ်ကြီးရွာကိုလည်း နံနက် ၁၁ နာရီခန့်က စစ်တွေမြို့ အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် အရပ်သား ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။

အသက် ၆၉ နှစ်အရွယ် ဒေါ်ကံယုံမေ၊ ၃၅ နှစ်အရွယ် ဒေါ်ခိုင်ရွှေဝင်း၊ ၄၈ နှစ်အရွယ် ဦးကျော်နုဖြူနှင့် အခြား ၃ ဦး ဒဏ်ရာရခဲ့ပြီး ၎င်းတို့ကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင် ဆေးကုသထားကြောင်း ယင်းရွာအနီးမှ ဒေသခံတစ်ဦးက ပြောသည်။

“ဒဏ်ရာရတာမှာ နှစ်ယောက်သုံးယောက်တော့ ဒဏ်ရာပြင်းတယ်။ အရေးပေါ် ယူသွားရတယ်” ဟု ၎င်းက ဆိုသည်။

တစ်ကျော့ပြန်ရခိုင်တိုက်ပွဲစတင်သည့် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှ ယခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်အထိ စစ်ကောင်စီ၏ သတ်ဖြတ်မှု​ကြောင့် အရပ်သား ၁၁၁ ဦး သေဆုံးကာ အရပ်သား ၃၅၇ ဦး ဒဏ်ရာရသွားသည်၊ အရပ်သား ၂၉၂ ဦးကိုလည်း စစ်ကောင်စီက ဖမ်းထားသည်၊ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် သုံးသိန်းကျော်ရှိလာသည်ဟုလည်း AA က ထုတ်ပြောထားသည်။

စစ်တပ်ကြောင့် လူပေါင်းရာနှင့်ချီ သေဆုံးသွားပြီဖြစ်သဖြင့် စစ်ကောင်စီသည် ရခိုင်လူထုကို လူမျိုးသုဉ်းသတ်ဖြတ်နေသည်ဟု ရခိုင်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ဝေဖန်သည်။

“စစ်ကောင်စီဟာ စစ်ရှုံးပြီးတော့ ရှုံးမဲမဲနေတယ်။ တိုက်ပွဲမဖြစ်ပွားတဲ့နေရာတွေမှာလည်း ပြည်သူတွေကို ဒုက္ခရောက်အောင်လုပ်တယ်။ စစ်ရာဇဝတ်မှုကျူးလွန်တယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်။ လူတစ်ယောက်၊ နှစ်ယောက်၊ ဆယ်ကိုးယောက်မက ၁၀၀ ကျော်လောက် သေပြီ။ ဒါက လူမျိုးသုဉ်းသတ်ဖြတ်မှုတစ်ခု ဖြစ်တယ်။ စစ်ရာဇဝတ်မှုကျူးလွန်ပြီး ရခိုင်လူထုကို လူမျိုးသုဉ်းသတ်ဖြတ်နေတယ်လို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

AA သည် မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နှင့် ချင်းပြည်နယ်၊ ပလက်ဝတို့ကို သိမ်းပိုက်ထားပြီး ဘူးသီးတောင်၊ မောင်တော၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကာ စစ်တွေ၊ တောင်ကုတ်၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲတို့တွင်လည်း စစ်ငွေ့စစ်ရိပ်သန်းလာနေပြီဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီက AA သိမ်းထားသည့် မြို့များတွင် လူသူနေထိုင်၍ မရအောင် လေကြောင်းမှ ဗုံးကြဲကာ ဖျက်ဆီးနေသလို စာသင်ကျောင်းနှင့် ဆေးရုံများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်နေသည်။

တရုတ်၏ကြားဝင်စေ့စပ်မှုဖြင့် ယခုနှစ် ဇန်နဝါရီတွင် စစ်ကောင်စီနှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ယူနန်ပြည်နယ်၊ ဟိုင်ဂင်ဟိုတယ်တွင် ဆွေးနွေးသဘောတူညီချက်အရ ရှမ်းမြောက်တွင် အပစ်ရပ်ခဲ့သော်လည်း မြောက်ပိုင်းအဖွဲ့ဝင် AA လှုပ်ရှားသော ရခိုင်ပြည်နယ်စစ်ပွဲမှာ ထိုသဘောတူညီချက်တွင် မပါဝင်ခဲ့ပေ။

စစ်သည်အင်အား လေးသောင်းဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသည့် AA သည် ရခိုင်ပြည်နယ်ရှိ စစ်တပ်စခန်းတိုင်းကို တစ်ခုမကျန် တိုက်ထုတ်မည်ဟု ပြောထားသလို ရခိုင်နှင့် နယ်မြေထိစပ်နေသာ ချင်းပြည်နယ်တောင်ပိုင်း၊ အမ်း-မကွေးတစ်လျှောက်၊ ကချင်နှင့်စစ်ကိုင်းအစပ် တိုက်ပွဲများတွင်လည်း စစ်ရေးလှုပ်ရှားနေသည်။

Show More

Related Articles

Back to top button