ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ကြောင်ဖိုကျေးရွာကို ယနေ့(နိုဝင်ဘာ ၂၈ )၊ နံနက် ၁၀ နာရီခွဲခန့်က လေယာဥ်ဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ ခြောက်ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
သေဆုံးသူများသည် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးငါးဦးတို့ဖြစ်ပြီး အမျိုးသားသုံးဦးနှင့် အမျိုးသမီး ခုနစ်ဦး တို့သည်လည်း ဒဏ်ရာရသွားသည်။ ထို့ပြင် လူနေအိမ် လေးဆောင်လုံးဝပျက်စီးသွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။
” ဗုံး တစ်လုံးကြဲချတိုက်ခိုက်ခဲ့တာရှိပါတယ်။ ဗုံးသီးဟာ ကြောင်ဖိုရွာလယ်တည့်တည့်ကို ကျရောက် ပေါက်ကွဲခဲ့ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
သေဆုံး၊ ဒဏ်ရာရရှိသွားသူများ၏ အမည်စာရင်းများ မသိရှိရသော်လည်း Myanmar Now က လက်ခံ ရရှိထားသည့် ဓာတ်ပုံများတွင် ကလေးငယ်များ၊ အမျိုးသမီးငယ်များပါဝင်နေသည်ကို တွေ့ရသည်။
နိုဝင်ဘာလ ၂၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ညောင်ပင်လယ်ရွာကို စစ်တွေမြို့ရှိ အာဏာ သိမ်းစစ်တပ်က လက်နက်ကြီးပစ်ခတ်၍ အသက် ၆၀ အရွယ် ဒေါ်ဦးမစိန်ဆိုသူ ဒဏ်ရာရရှိသွားသည်။
စစ်ဘက်ဆိုင်ရာမဟုတ်ဘဲ အရပ်ဘက်အား ပစ်မှတ်ထား သတ်ဖြတ်ခြင်းသည် အစိုးရတစ်ရပ်မဟုတ်ဘဲ ညံ့ဖျင်းသည့် အုပ်စုတစ်ရပ်သာဖြစ်ကြောင်း ရခိုင်စစ်ရေးလေ့လာသူတစ်ဦးက ပြောသည်။
“ကလေးသူငယ်တွေကို သတ်ဖြတ်တယ်ဆိုတာက သူတို့မှာလည်း သားသမီးရှိတာပဲ။အခု လေယာဥ် ဗုံးကြဲချတဲ့သူမှာဖြစ်ဖြစ် ၊ စစ်ခေါင်းဆောင်မှာပင် ဖြစ်ဖြစ် ရှိတယ်လေ။ AA နဲ့ဖြစ်လို့ တိုက်ပွဲမှာကျတာ မဟုတ်ဘဲ Soft Target တွေကို သွားပစ်နေတာက သူတို့ရဲ့အစိုးရတစ်ရပ်မဟုတ်၊ ညံ့ဖျင်းတဲ့ အုပ်စုတစ်ရပ် ဆိုတာကို ကိုယ့်ဘာသာ ဖော်ပြနေကြတာပဲ”ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ အရပ်သားများကို ဗုံးကြဲတိုက်ခိုက်နေခြင်းသည် “ပြည်သူကိုသတ်ပြပြီး ငြိမ်းချမ်းရေးလိုလားနေခြင်း”ဟု ၎င်းက ဝေဖန်သည်။
“ပြည်သူကိုသတ်ပြပြီး ငြိမ်းချမ်းရေးလိုချင်တဲ့သဘောပဲ။သူတို့မှာခေတ်အဆက်ဆက် အဲဒီလိုလုပ်လာတာ။ အခုလို အင်တာနက်ခေတ်မှာ အဲဒီလိုလုပ်နေတာက အမုန်းတရားပေါများစေပြီး သူတို့ရဲ့စနစ်ကို မြေလှန်ဖို့ အတွက် မျိုးစေ့ချပေးတာနဲ့တူနေတယ် “ဟု အထက်ပါ ရခိုင်စစ်ရေးလေ့လာသူက ပြောသည်။
ရှမ်းမြောက်တွင် စစ်ပွဲများရပ်တန့်သွားသည့်နောက်ပိုင်း AA သိမ်းပိုက်ထိန်းချုပ်ထားသော မြို့နယ်တို့ကို စစ်တပ်က ဗုံးကြဲမှုများ ဆက်တိုက်ရှိနေသည်။ အောက်တိုဘာလကုန်မှစ၍ ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မင်းပြား၊ မြောက်ဦး၊ ကျောက်ဖြူ၊ကျောက်တော် စသည့်ဒေသတို့ကို လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေသည်။
ရခိုင်တွင် AA ထိုးစစ်စတင်သော ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ မှ ယခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ အာဏာသိမ်းစစ်တပ်၏ လက်ချက်ကြောင့် သေဆုံးသူ ၉၇၀ ဦးနှင့် ဒဏ်ရာရရှိသူ ၂၀၅၄ ဦး ရှိပြီး လူပေါင်း ၁၀၀၀ ဖမ်းဆီးခံထားရကြောင်း AA ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး( HDCO) က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
မင်းပြား၊ ပုဏ္ဏားကျွန်းအပါအဝင် ရခိုင် ၁၄ မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည်။ ကျန်ရှိသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်တို့ကိုလည်း ဆက်လက် သိမ်းပိုက်ရန် AA က ရည်မှန်းထားသည်။
လက်ရှိတွင် AA သည် ကျောက်ဖြူ၊ ဧရာဝတီတိုင်း၊ သာပေါင်းနှင့် ရွှေသောင်ယံ၊ မကွေးတိုင်း အမ်း-ပဒါန်း လမ်းမပေါ်ရှိ နတ်ရေကန်ဗျူဟာအနီး တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း သိရသည်။



