အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည့် အွန်လိုင်းမှတစ်ဆင့်ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုသူ မပါဝင်ဘဲ ယနေ့ (အောက်တိုဘာ ၂၆) စတင်ကျင်းပနေပြီဖြစ်သည်။
အောက်တိုဘာ ၂၆ ရက်မှ ၂၈ အထိ ကျင်းပပြုလုပ်သွားမည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် အာဏာသိမ်းမြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မဖိတ်ကြားဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူတစ်ဦးဦးကိုသာ ဖိတ်ကြားရန် ပြီးခဲ့သည့်သီတင်းပတ်အတွင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးတွင် ဆုံးဖြတ်ခဲ့သည်။
ဧပြီလအတွင်းက အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် ကျင်းပခဲ့သော အာဆီယံခေါင်းဆောင်များ၏ အရေးပေါ်အစည်းအဝေးဆုံးဖြတ်ချက်အရ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တိုးတက်ဖြစ်ထွန်းမှု မရှိသဖြင့် မြန်မာစစ်ကောင်စီဥက္ကဋ္ဌကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပြုရန် အာဆီယံဘက်က ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဘုံသဘောတူညီချက်အရ မြန်မာ့အရေးကြားဝင်ဆောင်ရွက်ရန် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကို ခန့်အပ်နိုင်ခဲ့သော်လည်း ထိုအထူးသံ၏ မြန်မာနိုင်ငံခရီးစဉ် ဖြစ်ပေါ်လာခြင်းမရှိသည့်အတွက် အာဆီယံနှင့် မြန်မာစစ်ခေါင်းဆောင်များအကြား မကျေမလည်ဖြစ်ကာ ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်မပြုသည်အထိ ရောက်ရှိခဲ့သည်။
ဝင်ရောက်မစွက်ဖက်ရေးမူဝါဒ ကိုင်စွဲထားသည့် အာဆီယံသမိုင်းတွင် မြန်မာစစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ရောက်ခွင့်မပြုသည့် ရှားရှားပါးပါး ဆုံးဖြတ်ချက်အပေါ် အမေရိကန်အစိုးရအပါအဝင် နိုင်ငံတကာက ထောက်ခံအားပေးခဲ့သော်လည်း မြန်မာစစ်ကောင်စီက ကြေညာချက်များ ဆက်တိုက်ထုတ်ပြန်ကာ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့သည်။
အာဆီယံအစည်းအဝေးတက်ရောက်ရန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်ကို ဖိတ်ကြားခဲ့ခြင်းသည် အာဆီယံ၏ ပဋိညာဉ်စာတမ်းနှင့် ကိုက်ညီမှုမရှိဘဲ နိုင်ငံ့အကြီးအကဲ သို့မဟုတ် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်တစ်ဦးဦးကို ဖိတ်ကြားမှသာ လက်ခံမည်ဖြစ်ကြောင်း စစ်ကောင်စီက ယမန်နေ့ညတွင် ကြေညာချက်ထုတ်ပြန်ထားသည်။
စစ်ကောင်စီက ထိုသို့ ထုတ်ပြန်ချက်များဖြင့် ကန့်ကွက်ထားသော်လည်း ပြီးခဲ့သည့်သီတင်းပတ်အတွင်း ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အရေးပေါ်အစည်းအဝေးအပြီးတွင် အာဆီယံ၏ ဝင်မစွက်ဖက်ရေးမူဝါဒကို ပြန်လည်သုံးသပ်သင့်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ပြောဆိုထားသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် မြန်မာကိုယ်စားပြုသူ လုံးဝမပါဝင်သည့်အနေအထားဖြစ်သည်။ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံက အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာပြီးနောက်ပိုင်း ပထမဆုံးထွက်ပေါ်လာသည့် ရှားရှားပါးပါးဖြစ်ရပ်လည်း ဖြစ်သည်။
ယနေ့ စတင်ကျင်းပမည့် အာဆီယံခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် အမေရိကန်သမ္မတ Joe Biden က အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်ရန်ရှိသည်။ ၂၀၁၇ ခုနှစ်တွင် သမ္မတ Trump က ပျက်ကွက်ခဲ့ပြီးနောက် အမေရိကန်သမ္မတတစ်ဦးအနေဖြင့် လေးနှစ်တာအတွင်း အာဆီယံထိပ်သီးအစည်းအဝေး ပြန်လည်တက်ရောက်ခြင်းဖြစ်သည်။
မြန်မာကိုယ်စားပြုသူမပါဝင်ဘဲကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများမှတစ်ဆင့် အာဆီယံခေါင်းဆောင်များအနေဖြင့် မြန်မာစစ်ခေါင်းဆောင်များကို မည်သို့ဆက်လက်ဖိအားပေးနိုင်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်